Skip to main content
Printable page generated သောကြာ, 19 ဧ 2024, 14:03
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated သောကြာ, 19 ဧ 2024, 14:03

ပထမသီတင်းပတ်

ပထမသီတင်းပတ်

ယခုပထမပတ်တွင် တခြားသူများ၏ သင်ယူမှုအတွေ့အကြုံများအကြောင်းဖတ်ပြီး မိမိမည်ကဲ့သို့အကောင်းဆုံးလေ့လာမလဲ ဆိုသည်ကို စဉ်းစားပါမည်။ မိမိ၏ရည်မှန်းချက်များ အတတ်နိုင်ဆုံး လက်တွေ့ကျစေရန်နှင့် ယင်းရည်မှန်းချက်များအား အကောင်အထည်ဖော်ရေး ကိုယ်ပိုင်စီမံကိန်း ရေးဆွဲနိုင်စေရန် အဓိကကူညီသွားပါမည်။

သင်တန်းသားများ၏ အတွေ့အကြုံများ

လူတိုင်း ​လေ့လာသင်ယူကြပေမဲ့ လေ့လာပုံလေ့လာနည်းတွေက အမြဲမတူကြပါဘူး။ အောက်မှာဖော်ပြထားတဲ့ စာပိုဒ်အတို (၃) ပိုဒ်က တခြားသူတွေက သူတို့ရဲ့ အွန်လိုင်းလေ့လာသင်ယူမှု အတွေ့အကြုံတွေကို ပြောပြတာတွေကနေ ထုတ်နုတ်ထားတာလေးတွေ ဖြစ်ပါတယ်။

မွန်မွန် (ဆယ်ကျော်သက်အရွယ် သားသမီးများ၏မိခင်)

မင်္ဂလာပါရှင်။ ကျွန်မနာမည် မွန်မွန်ပါ။ ကျွန်မမှာ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်ရှိပါတယ်။ ကျွန်မက ကွန်ပျူတာနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသိပ်မရှိပါဘူး။ နည်းနည်းပါးပါး အရေးကြီးတာလောက်တော့သိပေမဲ့ နည်းပညာတိုးတက်မှုက အရမ်းကိုမြန်တယ်။ တစ်ခါတလေ ကိုယ့်သားသမီးတွေကိုတောင် လိုက်မမီဘူးလို့ထင်တယ်။ ကိုယ်က နောက်မှာကျန်ခဲ့သလိုပဲ။ အဲဒါနဲ့ ကျွန်မက ကျောင်းစာနဲ့ကင်းကွာနေတာကြာပြီဆိုပေမဲ့ အွန်လိုင်းသင်တန်းတစ်ခု တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျောင်းမှာသင်ခဲ့ရတဲ့ အတွေ့အကြုံနဲ့တော့ တော်တော်လေးကွာပါတယ်။ အွန်လိုင်းသင်ကြားရေးစနစ်ကို ကျွန်မသဘောကျတဲ့အချက်က သင်တန်းက ၂၄ နာရီလုံး ကြိုက်တဲ့အချိန် ဝင်လေ့လာလို့ရတယ်။ အဲဒီတော့ ကျွန်မရော ကျွန်မမိသားစုရော အဆင်ပြေမယ့်အချိန်မှာ လေ့လာလို့ရတယ်။ အချိန်ဇယားအတိအကျနဲ့ သင်တန်းမျိုးဆို ကျွန်မတက်လို့ရမှာမဟုတ်ဘူး။ ပြီးတော့ သင်တန်းကလည်း အခမဲ့။ သင်တန်းပြီးတော့ သင်တန်းတက်ခဲ့ကြောင်းလက်မှတ်ရတယ်။ လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါ ကျွန်မရဲ့ကျွမ်းကျင်မှုတွေကို ခေတ်နဲ့တပြေးညီဖြစ်အောင် လေ့လာထားတယ်။ အွန်လိုင်းကနေ တစ်ယောက်တည်းလေ့လာဖို့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုလည်းရှိတယ်ဆိုတာ အလုပ်ရှင်ကို ပြလို့ရတာပေါ့။

ဘန်ဂျာ (လူငယ်စားဖိုမှူး)

မင်္ဂလာပါ။ ကျွန်တော့်နာမည် ဘန်ဂျာပါ။ ချက်ပြုတ်ရတာဝါသနာပါလို့ စားဖိုမှူးလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အခု မန္တလေးက ဟိုတယ်ကြီးတစ်ခုမှာ စားဖိုမှူးလုပ်နေပါတယ်။ စားဖိုမှူးအလုပ်က ကောင်းပါတယ်။ တစ်နေ့ကျရင် ကျွန်တော့်ကိုယ်ပိုင် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ချင်ပါတယ်။ ကျွန်တော် အွန်လိုင်းကနေ အချက်အပြုတ်နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေ ကြည့်ရတာကြိုက်ပါတယ်။ အိမ်ကလူတွေကတော့ ကျွန်တော်ချက်တာကို သိပ်ကြိုက်တယ်။

ကျွန်တော်က နည်းပညာနဲ့လည်း အကျွမ်းတဝင်ရှိတယ်လို့ထင်ပါတယ်။ ကျွန်တော့်မှာ စမတ်ဖုန်းရှိတယ်။ အားတိုင်း ဆိုရှယ်မီဒီယာကို သုံးဖြစ်ပါတယ်။ ကျွန်တော့်ချက်ပြုတ်နည်းတွေကို အွန်လိုင်းကနေရှာတာပါ။ နိုင်ငံတကာ ချက်ပြုတ်နည်းတွေနဲ့ ချက်ပြုတ်နည်းတွေ စုစည်းထားတာတွေကို ရှာရတာ ကြိုက်တယ်။ တချို့အင်တာနက်စာမျက်နှာတွေမှာ စာရေးကြတဲ့နေရာတွေရှိတယ်။ အဲဒီမှာလည်း ကျွန်တော်မေးချင်တာတွေကို လူတွေမေးထားတာတွေရှိလို့ မကြာခဏဖတ်ဖြစ်ပါတယ်။ ထိပ်တန်းစားဖိုမှူးတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေလည်းရှိတယ်။ အဲဒါတွေကနေ အကြံဉာဏ်တွေနဲ့ စိတ်ကူးအသစ်အဆန်းတွေ ရနိုင်ပါတယ်။

ဇင်မင်းသန့် (စီးပွားရေးလုပ်ငန်းရှင်)

မင်္ဂလာပါ။ ကျွန်တော့်နာမည် ဇင်မင်းသန့်ပါ။ ရန်ကုန်မှာ စီးပွားရေးလုပ်ပါတယ်။ နည်းပညာနဲ့မစိမ်းဘူးလို့ ယုံကြည်မှုရှိတယ် ဒါပေမဲ့ အွန်လိုင်းမှာ ကျွန်တော်အခုထက်ပိုလုပ်နိုင်တာ သိတယ်။ စီးပွားရေးမလုပ်ခင်က အင်ဂျင်နီယာတစ်ယောက်ဆိုတော့ အခု အင်ဂျင်နီယာဘာသာရပ်ကို အွန်လိုင်းကနေ ကျွန်တော်လေ့လာနေပါတယ်။ အခုမှ စာတွေပြန်လေ့လာရတော့ နည်းနည်းတော့ခက်ပါတယ် ဒါပေမဲ့ သင်တန်းဝဘ်ဆိုက်တွေကို ဘယ်လိုသုံးရမလဲဆိုတာ သိလာတဲ့အချိန်မှာ ယုံကြည်မှုရှိလာပါတယ်။ ပထမဆုံးတက်ဖြစ်တဲ့ သင်တန်းကိုတော့ စိတ်တိုင်းကျတယ်ဗျ။ ၄ ပတ်ကြာမယ့်သင်တန်းကို ၂ ပတ်နဲ့ ကျွန်တော်ပြီးခဲ့တော့ အားရကျေနပ်တယ်။ ဒုတိယသင်တန်းမှာတော့ ပထမပိုင်းမှာတင် ကျွန်တော်ရှေ့ဆက်လေ့လာဖို့ လိုချင်တာတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်သိဖို့မလိုတဲ့ အသေးစိတ်တွေ အများကြီးပါလာလို့ ဆက်မတက်တော့ဘူး။ စိတ်ထဲမှာတော့ ဘယ်လိုမှမနေပါဘူး။ ဘာလို့လဲဆိုတော့ အွန်လိုင်းကနေလေ့လာတယ်ဆိုတာ ကိုယ့်လေ့လာသင်ယူရေးခရီးအတွက် လိုအပ်တာကိုယူဖို့ပဲလေ။

မကြာခင်မှာ သင်လည်း သင့်အတွေ့အကြုံကို ပြောနိုင်တော့မှာပါ။

လေ့လာသင်ယူမှု မှတ်တမ်းများ

အဆိုပါမေးခွန်းကို ဖြေဆိုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ သင်တန်းတက်ရောက်နေစဉ်အတွင်း လေ့လာသင်ယူမှုမှတ်တမ်းတစ်ခု ထားရှိခြင်းက ကောင်းပါသည်။ လုပ်ဆောင်မှုများ၊ အဓိကစကားလုံးများ၊ အထူးသဖြင့် မိမိနှင့်သက်ဆိုင်သော အယူအဆနှင့် အစိတ်အပိုင်းများကို မှတ်သားထားနိုင်ပါသည်။ လေ့လာသင်ယူမှုမှတ်တမ်းက မှတ်စုစာအုပ်လည်း ဖြစ်နိုင်သည်။ ကွန်ပျူတာနှင့် ဖုန်းကဲ့သို့သော မိုဘိုင်းပစ္စည်းများတွင် အီလက်ထရောနစ်မှတ်တမ်း ဖန်တီးလည်းရသည်။ ကိုယ်ပိုင်ဘလော့ဂ် ဖန်တီးလည်းရပါသည်။

မိမိ၏ လေ့လာသင်ယူမှုအခြေအနေကို စဉ်းစားကြည့်ခြင်းသည် သင်ယူပုံကို တိုးတက်ကောင်းမွန်စေရာတွင် (သို့) တိုးတက်မှုများကို ပြန်သုံးသပ်ရာတွင် များစွာအထောက်အကူဖြစ်ပါသည်။ စဉ်းစားသုံးသပ်ရာတွင် လေ့လာသင်ယူမှုမှတ်တမ်းကို အသုံးပြုနိုင်သည်။ လေ့လာသင်ယူရန် အကောင်းဆုံးအချိန်ကို တွေ့ပြီလား၊ လုံလုံလောက်လောက် မှတ်စုထုတ်ရဲ့လား (သို့) မှတ်စုတွေ အများကြီးထုတ်နေသလား၊ သင်တန်းပို့ချမှုတွင် ပါဝင်သော သဘောတရား၊ အယူအဆများအားလုံးကို နားလည်သဘောပေါက်သလား စဉ်းစားကြည့်ပါ။

လေ့လာသင်ယူမှုမှတ်တမ်းကို မည်ကဲ့သို့အသုံးပြုသလဲဆိုသည်မှာ မိမိအပေါ်တွင်သာမူတည်ပါသည်။ ပြန်ကူးရေးခြင်းမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် နားလည်မှတ်မိသလို ရေးသားခြင်းသည် ပိုမိုနားလည်သဘောပေါက်စေပါသည်။ ထိုသို့ရေးသားခြင်းဖြင့် နောက်ပိုင်းတွင် ရည်ညွန်းကိုးကားနိုင်သော အဓိကသဘောတရားများကို အလွယ်တကူ ပြန်သုံးသပ်စေနိုင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် သင်ယူလေ့လာပုံချင်း မတူသည့်အတွက်‌ မိမိအတွက်အကောင်းဆုံးဖြစ်မည့် နည်းလမ်းကိုရှာဖွေရန် စမ်းသပ်ကြည့်ဖို့ အရေးကြီးပါသည်။

မည်သို့ သင်ယူလေ့လာသနည်း?

စွမ်းရည်တစ်ရပ်ကို ကျွန်တော်တို့ ဘယ်လိုပျိုးထောင်သလဲ (သို့) အသိပညာတစ်ခုခုကို ကျွန်တော်တို့ဘယ်လို ရယူသလဲ။ သင်ယူပြီးခဲ့သော အတွေ့အကြုံတစ်ခုကို အပိုင်းခွဲပြီး အသေးစိတ်ခွဲခြမ်းစိတ်ဖြာလျှင် မိမိ မည်ကဲ့သို့ အကောင်းဆုံးသင်ယူသလဲဆိုသည်ကို စဉ်းစားနိုင်ပြီး အနာဂတ်တွင် ပိုထိရောက်စွာ သင်ယူနိုင်လာမည်။

ဥပမာ - မိမိတစ်ယောက်တည်း သင်ယူရသည်ကို ကြိုက်သလား (သို့) လူအများနှင့် အတူသင်ယူရသည်ကို ကြိုက်သလား။ မိမိလေ့လာနေသည့်အရာပေါ်တွင် မူတည်ကောင်းမူတည်ပေမည်။ ဥပမာ - အကစွမ်းရည် တိုးတက်ချင်လျှင် အခြားသူများနှင့် အတူတကွ သင်ယူချင်ပါလိမ့်မည်။ သို့သော် အချက်အပြုတ်သင်ရာတွင် အမှားလုပ်မိသည့်အခါ အခြားသူများမသိနိုင်စေရန် တစ်ဦးတည်းသာ သင်ယူချင်ပါလိမ့်မည်။

အနာဂတ်တွင် သင်ယူမှုပြုလုပ်ရန် အစီအစဉ်ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်မှာ မိမိတစ်ဦးတည်း သင်ယူချိန်တွင် အာရုံစိုက်ရန်ပိုလွယ်ပြီး အခြားသူများနှင့် အတူတကွ သင်ယူချိန်တွင် ရှုထောင့်အသစ်များ၊ စိတ်အားထက်သန်မှုနှင့် အတွေးအမြင်အသစ်များ ရရှိစေနိုင်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။

လုပ်ဆောင်မှု (၁.၁) အပိုင်းခွဲခြင်း

Timing: အချိန် (၃၅) မိနစ်ခန့် အသုံးပြုပါ။

၁။ မိမိသိသော အကြောင်းအရာတစ်ခုခုကို စဉ်းစားပြီး လေ့လာသင်ယူမှုမှတ်တမ်းထဲတွင် ဥပမာအဖြစ် ချရေးပါ။

(မည်သည့်အကြောင်းအရာမဆို ရေးနိုင်သည်။ ဥပမာ - ဟင်းလျာတစ်ခုကို ချက်ပြုတ်နည်း (သို့) စက်ဘီး ဘီးဖာနည်း။ အရေးကြီးသည်မှာ မိမိစိတ်ထဲတွင် အတော်အသင့် သက်သောင့်သက်သာရှိသော၊ ယုံကြည်မှုရှိသော အကြောင်းအရာကို ရွေးချယ်ရန်ဖြစ်သည်။)

၂။ မိမိ လေ့လာသင်ယူသည့် မတူသော အဆင့်များအားလုံးကို ကြိုးစားပြီး ဖော်ထုတ်ပါ။

(ဥပမာ - တစ်ဦးတစ်ယောက်က သင်ပေးခဲ့တာလား၊ စာအုပ်တွေဖတ်ပြီး တွေ့တာလား (သို့) ကိုယ်တိုင် အမျိုးမျိုးအဖုံဖုံစမ်းသပ်ပြီး တွေ့ထားတာလား)။

မှတ်စုများသည် အောက်တွင်ဖော်ပြထားသော မှတ်စုလို ဖြစ်နေနိုင်ပါသည်။

မွန်မွန် ကားမောင်းသင်သည့် ဥပမာဖြစ်သည်။

"စဉ်းစားကြည့်ရင် သင်တာကတော့ နည်းပေါင်းစုံပဲ။ ဘာလုပ်ရမယ်ဆိုတာ ပြောပြပေးမယ့် ယာဉ်မောင်းနည်းပြလည်းရှိတယ်။ ခြေနင်း (လီဗာ၊ ဘရိတ်နှင့် ကလပ်) တွေရဲ့ နေရာကိုပြထားတဲ့ လမ်းညွှန်စာရွက်လည်းရှိတယ်။ အဖေကလည်း အိမ်ကကားနဲ့ သင်ပေးတယ်။ ကားမောင်းတာနဲ့ပတ်သက်ပြီး အဖေကပြောပြပေမဲ့ နည်းပြပြောတာနဲ့မတူတော့ ဘယ်ဟာကပိုအသုံးဝင်သလဲဆိုတာ ရွေးချယ်ခဲ့ရပါတယ်။ သင်နေတုန်းမှာ လက်တွေ့မောင်းကြည့်တာနဲ့ အဖေနဲ့လက်တွေ့မောင်းတာတွေက အရေးကြီးပါတယ်။"

၃။ မိမိရွေးချယ်ထားသော ဥပမာအတွက် အောက်ပါမေးခွန်းများကို ကြိုးစားဖြေဆိုကြည့်ပါ။

  • ယခုဖော်ြပထားသော ဥပမာကိုမှ မည်သည့်အကြောင်းကြောင့် သင်ယူချင်သနည်း။
  • သင်ယူသည့်အခါ မည်သည့်အရာကလွယ်၍ မည်သည့်အရာက ခက်သနည်း။
  • ဖော်ပြထားသည်က အသစ်အဆန်းတစ်ခုခုကို သင်ယူသည့်အခါ ချဉ်းကပ်နေကျပုံစံ ဥပမာ ဟုတ်ပါသလား။
  • မည်သို့မည်ပုံ ချဉ်းကပ်နေကျပုံစံ ဖြစ်သလဲ။
  • ဥပမာမှာပါသော မိမိလေ့လာသင်ယူမှု၏ တချို့အပိုင်းများက တွေ့ကြုံနေကျ မဟုတ်သည်များ ရှိပါသလား။
Discussion

အတိတ်တွင် သင်အောင်မြင်စွာ လေ့လာသင်ယူနိုင်ခဲ့သော နည်းလမ်းကို စဉ်းစားခြင်းသည် သင့်ကို သင်ယူသူကောင်း ဖြစ်စေရုံသာ မဟုတ်၊ အဖိုးတန်သော ကိုယ်ရည်ကိုယ်သွေးနှင့် အသိပညာဗဟုသုတရှိသော လူတစ်ယောက်အဖြစ် အမှတ်ရနေစေသည်။

ကျွန်ုပ်တို့၏ သင်ယူလေ့လာမှုအများစုသည် သမားရိုးကျမဟုတ်သော နေ့စဉ်သင်ယူမှုများဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းသင်ယူမှုကို ဘဝတွင် ညှိနှိုင်းအဖြေရှာသည့်အခါ အသုံးပြုခြင်းကြောင့် အရေးပါသော သင်ယူမှုအမျိုးအစားပင် ဖြစ်သည်။

SMART ပန်းတိုင်များချမှတ်ခြင်း

ရောက်ချင်သော ပန်းတိုင်တစ်ခုကို စဉ်းစားသည့်အခါ စိတ်ကူးယဉ်အိပ်မက်သာမဟုတ်ဘဲ လက်တွေ့ဖြစ်လာစေရန် မည်သို့လုပ်ဆောင်မည်နည်း။ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်ရဲ့လားဆိုသည်ကို မည်သို့စစ်ဆေးမည်နည်း။ မိမိ အကောင်အထည်ဖော်ချင်သည့်အရာက မည်သည်နည်း။ ထိုအရာကို မည်သို့ဖွင့်ဆိုမည်နည်း ဆိုသည်ကို အသေအချာစဉ်းစားဖို့လိုပါသည်။ ရှင်းရှင်းလင်းလင်း မရှိသောပန်းတိုင်များက အဖြူအမည်းမကွဲသည့် ရလဒ်များကိုသာ ပေးပါသည်။ ကူညီနိုင်သည့် နောက်တစ်နည်းရှိပါသေးသည်။

SMART ဆိုသည်မှာ ပန်းတိုင်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်စေရန် ပုံသွင်းပေးသော လူသိများသည့် လင်္ကာ (မှတ်ဉာဏ်ကူ) တစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းတွင် မကြာခဏအသုံးများသည့်အတွက် ယင်းအသုံးအနှုန်းအား လုပ်ငန်းခွင်တွင် ကြုံကောင်းကြုံဖူးနိုင်ပါသည်။ စကားလုံးများကို ကိုယ်စားပြမှုတွင် အနည်းငယ်သော ကွဲလွဲမှုတချို့ရှိနိုင်သော်လည်း အဓိပ္ပာယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Specific တိကျမှုရှိရမည်
  • Measurable တိုင်းတာ၍ ရနိုင်ရမည်
  • Agreed ထောက်ခံသဘောတူညီမှု ရှိရမည်
  • Realistic လက်တွေ့ကျရမည်
  • Time Limited အချိန်ကန့်သတ်ချက် ရှိရမည်

တစ်ခုချင်းကို အသေးစိတ် ထပ်လေ့လာကြပါစို့။

တိကျမှုရှိရမည်

မိမိဘာလုပ်မည်ဆိုသည်ကို အင်မတန် တိကျရှင်းလင်းဖို့လိုသည်။ မိမိပန်းတိုင်ကို တိကျစွာဖော်ပြနိုင်ရန် အကြိမ်အနည်းငယ် ကြိုးစားကြည့်ပါ။ ပန်းတိုင်ကို အဓိပ္ပါယ်အမျိုးမျိုး မထွက်စေဘဲ ရှင်းလင်းဖွင့်ဆိုနိုင်သလား စစ်ဆေးပါ။

တိုင်းတာ၍ ရနိုင်ရမည်

ရည်မှန်းချက်ပန်းတိုင်သို့ မိမိအရောက်လှမ်းနိုင်သလား ဆိုသည်ကို မည်သို့သိရှိနိုင်မည်နည်း။ ပန်းတိုင်သို့ရောက်၊ မရောက် တိုင်းတာနိုင်ရမည်။ တစ်နည်းအားဖြင့် ပန်းတိုင်သို့ရောက်၊ မရောက် စစ်ဆေးအကဲဖြတ်ပါ။

ပန်းတိုင်သို့ တက်လှမ်းမှုကို စောင့်ကြည့်နိုင်စေမည့်ပုံစံဖြင့် ပန်းတိုင်ကို ချမှတ်တာ သေချာအောင်လုပ်ရမည်။ တစ်ခါတစ်ရံ ရိုးရှင်းပါသည် အောင်မြင်မှုကို တိုက်ရိုက်တိုင်းတာနိုင်ပါသည်။ ဥပမာ သင်တန်းတက်ရောက် အောင်မြင်ကြောင်းလက်မှတ် ရ၊ မရကို အလွယ်တကူပြောနိုင်သည်။ လက်မှတ်ဖြင့် အလွယ်တကူ တိုင်းတာနိုင်သည်။

တစ်ခါတစ်ရံတွင်တော့ ရိုးရိုးရှင်းရှင်း မဟုတ်ပါ။ ဥပမာ ဆက်သွယ်ပြောဆိုမှုစွမ်းရည် တိုးတက်မှု ရှိ၊ မရှိ မည်သို့တိုင်းတာမည်နည်း။ အကောင်းဆုံးနည်းက အောက်ပါအတိုင်း အဆင့်များ ပိုင်းခြားရန်ဖြစ်သည်။

  1. လူအများနှင့် စကားပြောဆိုသည့်အခါ မျက်လုံးချင်း ဆက်သွယ်မှုရှိခြင်း
  2. လူအများ သတိထားမိသည့်အခါ ရှက်ရွံ့မှုမဖြစ်ခြင်း
  3. အုပ်စုဖွဲ့ပြောဆိုသည့် စကားဝိုင်းထဲတွင် ပါဝင်ဆွေးနွေးပြောဆိုခြင်း တို့ဖြစ်သည်။

ထောက်ခံသဘောတူညီမှု ရှိရမည်

အားပေးထောက်ခံသူများရှိလျှင် မိမိရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြေ များပါသည်။ အောင်မြင်သောအပြောင်းအလဲ အများစုတွင် အခြားသူများ၏ အားပေးထောက်ခံမှုများ တစ်နည်းတဖုံ ပါဝင်ပါသည်။

မိမိ၏ ပန်းတိုင်များမှတစ်ခုက လေ့လာသင်ယူရန် (အချိန်ပိုင်းပင် ဖြစ်ပါစေ) ဖြစ်လျှင် အားပေးထောက်ခံမှုရဖို့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေးနွေးတိုင်ပင်ဖို့ လိုကောင်းလိုနိုင်ပါသည်။ အလုပ်လုပ်နေသည်ဆိုပါက လေ့လာသင်ယူမှုလုပ်တာ ကောင်းကြောင်း မန်နေဂျာကို စည်းရုံးဖို့လိုမည် ထင်ပါသည်။

လက်တွေ့ကျရမည်

လက်တွေ့ကျရမည်။ ရည်မှန်းချက်ပန်းတိုင်အသစ်များအား အကောင်အထည်ဖော်ခြင်းသည် သက်သောင့်သက်သာဖြင့် မိမိနေသားတကျဖြစ်နေသော အခြေအနေမှ ရုန်းထွက်ပြီး လုပ်ကိုင်ရတာမျိုး ဖြစ်နိုင်ပါသည်။ ချက်ခြင်းအလွန်အကျွံ လုပ်ကိုင်ဖို့ မကြိုးစားပါနှင့်။ လက်ရှိမိမိအရည်အချင်း၊ အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုတို့အပေါ် ရိုးသားမှုရှိပါ။ ရည်မှန်းချက်အကောင်အထည်ဖော်ရာတွင် အားပေးထောက်ခံမှု မည်မျှရှိသနည်း၊ စိန်ခေါ်မှုများ မည်မျှတွေ့လာနိုင်သနည်း စသည်တို့ကိုလည်း အနည်းငယ် စဉ်းစားရန်လိုပါသည်။ 

အချိန်ကန့်သတ်ချက် ရှိရမည်

အဆင့်တစ်ဆင့်ချင်းစီနှင့် အဆုံးသတ်ရေရှည်ပန်းတိုင်အတွက် အကောင်အထည်ဖော်ရမည့် သတ်မှတ်ရက်စွဲများ ချမှတ်ရန်လိုအပ်သည်။ တိုင်းတာနိုင်ရုံသာမက ရည်မှန်းချက်အား အကောင်အထည်ဖော်ရန် အချိန်ကာလတိတိကျကျ သတ်မှတ်ခြင်းက အာရုံစူးစိုက်ရာတွင် အထောက်အကူပြုပါသည်။ ဥပမာ ယခုနှစ်ကုန်တွင် ဘာဖြစ်ရမည် (သို့) နောက်သုံးနှစ်ရှိလျှင် ဘာဖြစ်ရမည် စသဖြင့် ချမှတ်ထားခြင်းသည် လုပ်စရာရှိသည်များကို စတင်လုပ်ဆောင်ရန် တွန်းအားပေးနိုင်ပါသည်။

SMART ပန်းတိုင်များ ချရေးခြင်း

http://www.projectsmart.co.uk မှ ဖော်ပြပါဗီဒီယိုတွင် SMART ဖြစ်သော ပန်းတိုင်များရေးနည်းကို ရှင်းပြထားပါသည်။

Interactive feature not available in single page view (see it in standard view).

နားလည်ပြီဟု ထင်ပါသလား။ အောက်ဖော်ပြပါ လုပ်ဆောင်မှုကို လုပ်ခြင်းဖြင့် SMART ပန်းတိုင်များကို နားလည်သဘောပေါက်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။

လုပ်ဆောင်မှု (၁.၂) SMART ပန်းတိုင်တွင်ပါဝင်သည့် အစိတ်အပိုင်းများကို ရှာဖွေဖော်ထုတ်ခြင်း

a. 

Specific တိကျမှုရှိရမည်


b. 

Measurable တိုင်းတာ၍ ရနိုင်ရမည်


c. 

Agreed ထောက်ခံသဘောတူညီမှု ရှိရမည်


d. 

Realistic လက်တွေ့ကျရမည်


e. 

Time based အချိန်ကာလသတ်မှတ်ချက် အခြေခံရမည်


The correct answer is a.

Discussion

အထက်ဖော်ပြပါပန်းတိုင်တွင် တိကျမှုရှိရမည်ဆိုသည့်အချက် လိုနေသည့်အတွက် SMART မဖြစ်ပါ။ ကျချင်သည့်ကိုယ်အလေးချိန်အား အတိအကျသတ်မှတ်ထားခြင်း မရှိပါ။

a. 

Specific တိကျမှုရှိရမည်


b. 

Measurable တိုင်းတာ၍ ရနိုင်ရမည်


c. 

Agreed ထောက်ခံသဘောတူညီမှု ရှိရမည်


d. 

Realistic လက်တွေ့ကျရမည်


e. 

Time based အချိန်ကာလသတ်မှတ်ချက် အခြေခံရမည်


The correct answer is e.

Discussion

အထက်ဖော်ပြပါပန်းတိုင်တွင် အချိန်သတ်မှတ်ချက် မရှိသည့်အတွက် SMART မဖြစ်ပါ။ အလုပ်လုပ်ရန် ရည်ရွယ်သည့်အချိန် မပါပါ။

a. 

Specific တိကျမှုရှိရမည်


b. 

Measurable တိုင်းတာ၍ ရနိုင်ရမည်


c. 

Agreed ထောက်ခံသဘောတူညီမှု ရှိရမည်


d. 

Realistic လက်တွေ့ကျရမည်


e. 

Time based အချိန်ကာလသတ်မှတ်ချက် အခြေခံရမည်


The correct answer is d.

Discussion

လက်တွေ့မကျသည့်အတွက် အထက်ဖော်ပြပါပန်းတိုင်က SMART မဖြစ်ပါ။ မနိုင်ဝန်ထမ်းခြင်းမျိုး ဖြစ်နိုင်သည်။

SMART ပန်းတိုင် ဥပမာများ

ယခုအခန်းတွင် ပိုခိုင်မာသော SMART ပန်းတိုင် ဥပမာများကို ဖတ်ရှုလေ့လာနိုင်ရန် လမ်းမှန်ကို ညွှန်ပြထားပါသည်။

ကျောင်းသူ၊ ကျောင်းသားတစ်ယောက်ဆိုပါက Ramit Sethi ၏ ဖော်ပြပါဆောင်းပါးကို ဖတ်ပါ။ SMART Objectives: Good Goals vs Bad Goals.

စီးပွားရေးလောကတွင် လုပ်ကိုင်နေသည်ဆိုပါက ဖော်ပြပါ Link ကို ဖတ်ပါ။ Examples of Business Goals That Follow the SMART Criteria

မိမိကိုယ်တိုင်၏ SMART ဖြစ်သောပန်းတိုင်များ ရေးဆွဲချမှတ်ရန် အသင့်ဖြစ်ပြီလား 

လုပ်ဆောင်မှု (၁.၃) SMART နည်းဖြင့် မိမိကိုယ်တိုင်၏ ပန်းတိုင်များ ချရေးခြင်း

Timing: မိနစ် (၃၀) မိနစ်ခန့် သုံးပါ။
  • SMART သတ်မှတ်ချက်များကို မှတ်မိရန် ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
  • အခု မိမိရွေးချယ်ထားသော ရည်မှန်းချက်ပန်းတိုင်ကို SMART နည်းဖြင့် ရေးကြည့်ပါ။ အောက်ပါအတိုင်း စရေးချင်ရင်လည်း ရေးနိုင်သည်။

    "(ရက်စွဲထည့်ရန်) တွင် ကျွန်တော် (ပန်းတိုင်ထည့်ရန်) ကို လုပ်ပြီးဖြစ်လိမ့်မည်/ လုပ်နိုင်လိမ့်မည်။

  • SMART သတ်မှတ်ချက်များအားလုံး ပါပြီလား စစ်ကြည့်ပါ။ အချက်တစ်ချက်ကျန်ခဲ့လျှင်တောင် မိမိ၏ အောင်မြင်မှုအခွင့်အလမ်းများကို ကန့်သတ်နိုင်ပါသည်။ အခုလို ချရေးခြင်းက ရည်မှန်းချက်ပန်းတိုင်ကို ပန်းတိုင်ငယ်များအဖြစ် ထပ်မံပိုင်းခြားစေနိုင်လျှင် ဆက်လုပ်ပါ။  
Discussion

ဇင်မင်းသန့်၏ SMART ပန်းတိုင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ သူက လုပ်ငန်းတိုးချဲ့ရန် ရည်ရွယ်ထားသည်။

တိကျမှုရှိရမည် ကျွန်တော့် အဆက်အသွယ်တွေကိုသုံးပြီး လုပ်ငန်းဝန်ဆောင်မှု လိုအပ်နေတဲ့ ကုမ္ပဏီအသစ်တွေကိုရှာဖွေမယ်။

တိုင်းတာ၍ ရနိုင်ရမည် နှစ်ပတ်အတွင်း အလုပ်အပ်ထားသူသုံးဦးနဲ့တွေ့ပါမယ်။ အဲဒီနောက်မှာ တစ်ပတ်ကို အလုပ်အပ်သူ အသစ်သုံးဦးစီနဲ့ တွေ့နိုင်ဖို့ ရည်ရွယ်ပါတယ်။

ဖြစ်မြောက်နိုင်တာ ဖြစ်ရမည် လုပ်ငန်းအသစ်တွေအတွက် ကျွန်တော်လုပ်ပေးနိုင်တာကို ရှင်းရှင်းလင်းလင်းနဲ့ ပရော်ဖက်ရှင်နယ်ကျကျ အကြမ်းဖျင်းပြောပြပါမယ်။ သူတို့ရဲ့လိုအပ်ချက်နဲ့ ကိုယ်ကဘယ်လို ဆောင်ရွက်ပေးနိုင်တယ်ဆိုတာကို ရှာဖွေဖော်ထုတ်ရာမှာ ပိုကောင်းလာမယ်။

ဆီလျော်မှုရှိရမည် ကိုယ့်မှာ ကောင်းမွန်တဲ့လုပ်ငန်းဆိုင်ရာ ကမ်းလှမ်းမှုရှိပြီး စီးပွားရေးလုပ်ငန်းအသစ်တွေအတွက် စိတ်ကူးတွေကို တင်ပြရာမှာ ကျွမ်းကျင်ပိုင်နိုင်တာကြောင့် ရှိပြီးသား အဆက်အသွယ်တွေကတဆင့် နောက်ထပ် အဆက်အသွယ်အသစ်တွေ ရှာပါမယ်။ အလုပ်အပ်တာတွေပိုရဖို့ အာရုံစိုက်မယ်။

အချိန်ကာလသတ်မှတ်ချက် အခြေခံရမည် ဒီတစ်ပတ်ထဲမှာ အလုပ်အပ်သူအသစ်တွေနဲ့ စတွေ့ပြီး တစ်လအတွင်းမှာ လုပ်ငန်းစာချုပ်အသစ်တစ်ခု ချုပ်ဆိုနိုင်ရမယ်။

လုပ်ငန်းစီမံချက် ရေးဆွဲခြင်း

ရည်မှန်းချက်ပန်းတိုင်ရှိသည်မှာ အင်မတန်ကောင်းပါသည် သို့သော် အောင်မြင်မှုအခွင့်အလမ်း များများရှိရန်အတွက်မူ ရှင်းလင်းသေချာသည့်စီမံချက် ရှိရန်အရေးကြီးသည်။ နောင်တွင် ပြောင်းလဲပြင်ဆင်၍မရဟု ဆိုလိုခြင်းမဟုတ်ပေ။ လူတိုင်း၏အခြေအနေများသည် ပြောင်းလဲနေပါသည်။ သို့သော်လည်း စီမံချက်ရှိခြင်းသည် မိမိသွားနေသည်လမ်းကြောင်းမှ မသွေဖည်အောင် ကူညီပေးသည်။

သင်ယူလေ့လာခြင်းအတွက် လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ထိရောက်သည့်နည်းလမ်းတစ်ခုမှာ အောက်ပါအတိုင်း ဖြစ်နိုင်ပါသည်။

  • အကောင်အထည်ဖော်မည့် ရည်မှန်းချက်ပန်းတိုင် ချမှတ်ပါ။
  • ပန်းတိုင်အကောင်အထည်မပေါ်ခင် လုပ်ရန်လိုအပ်သည့်အရာများကို တွက်ချက်စဉ်းစားပါ။ ဟုတ်ပြီ ဒါတော့ငါလုပ်နိုင်တယ်။ ငါကိုင်တွယ်နိုင်မယ်ထင်တယ်ဟု ယူဆသည့် အခြေအနေကိုရောက်သည့်တိုင် ပန်းတိုင်ကို ပိုသေးငယ်သော အစိတ်အပိုင်းများအဖြစ် ခွဲခြားသတ်မှတ်ပါ။
  • လုပ်ကိုင်ရမည့်အဆင့်များကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်ပါ (အချို့အဆင့်များသည် အခြားအဆင့်များပြီးမှ လုပ်နိုင်မည့်အဆင့်များဖြစ်ပြီး အချို့မှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်၍ အချိန်မရွေး ဆောင်ရွက်နိုင်သည်)
  • ထိုအဆင့်အား လုပ်ဆောင်ရာတွင် တွန်းအားပေးနိုင်ရန် အဆင့်တိုင်းတွင် အချိန်ဇယားဆွဲထားပါ။

ပန်းတိုင်ကို ရွေးချယ်ပြီးဖြစ်တာကြောင့် နောက်တစ်ဆင့်က ပိုသေးငယ်သော အစိတ်အပိုင်းများအဖြစ် သတ်မှတ်ဖို့ ဖြစ်ပါတယ်။ စဉ်းစားရာတွင်အထောက်အကူဖြစ်စေဖို့ မွန်မွန့်ဖြစ်စဉ်ကို လေ့လာကြည့်ပါ။

မွန်မွန်သည် ကလေးငယ်များကို ပြုစုစောင့်ရှောက်နေရ၍ အလုပ်မလုပ်သည်မှာကြာပြီ ဖြစ်သည်။ ကလေးငယ်များကို အိမ်စာကူလုပ်ပေးရသည်ကို ကြိုက်သဖြင့် ဆရာမဖြစ်ချင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မိသည်။ မွန်မွန်တွင် စာသင်ခြင်းနှင့်ပတ်သက်သည့် အတွေ့အကြုံရော ဘွဲ့၊ ဒစ်ပလိုမာ စသည်များပါ မရှိပါ။ ထို့ကြောင့် သူ့ရည်မှန်းချက်ကို ထပ်မံပိုင်းခြားထားသော ပိုသေးငယ်သော အစိတ်အပိုင်းများတွင် ပါဝင်သည်မှာ လိုအပ်သည့် ပညာအရည်အချင်းများကို စုံစမ်းပြီး ထိုပညာများကို ဘယ်လိုသင်ယူမလဲ၊ မိသားစုနှင့်မိတ်ဆွေသူငယ်ချင်းတို့၏ အားပေးထောက်ပံ့မှုလည်းရရှိနိုင်စေရန် သူ့ဇာတိမြို့တွင်သာ သင်ယူခြင်းကပိုကောင်းမည် ဆိုသည်နှင့် ကုန်ကျမည့် ငွေရေးကြေးရေးများကို တွက်ချက်ခြင်းတို့ဖြစ်ပါသည်။ ဆရာမအလုပ်က သူမျှော်လင့်ထားသလို ရည်မှန်းချက်နှင့် ကိုက်ညီရဲ့လားဆိုသည်ကို ဆုံးဖြတ်နိုင်ရန် အလုပ်အတွေ့အကြုံရယူလိုသည့် ရေတိုရည်မှန်းချက်တစ်ခုလည်း ရှိပါသည်။

သူဆောင်ရွက်ရန်ချမှတ်ထားသည့် အဆင့်များမှာ သူ့ကိုယ်ပိုင်အရည်အချင်း၊ ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတနှင့် ရင်းမြစ်များအပေါ်တွင် အခြေခံထားသည်ကို သတိပြုမိပါသလား။ မိမိကိုယ်တိုင်လည်း ထိုသို့လုပ်ရပါမည်။

ထို့ကြောင့် နောက်တစ်ဆင့်မှာ အလွယ်တကူဆောင်ရွက်နိုင်သည့် အဆင့်များအဖြစ် ပန်းတိုင်အား အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာရန်ဖြစ်သည်။ မိမိ၏ အရည်အချင်း၊ ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတ၊ ရင်းမြစ်များနှင့်ကိုက်ညီသည့် အဆင့်များအဖြစ် ခွဲခြားရန်ဖြစ်ပြီး တစ်ခုပြီးတစ်ခု ဆောင်ရွက်ပြီးသည့်အခါ ပြီးစီးကြောင်း ရေးခြစ်ကာ အမှတ်အသားပြုနိုင်သည့်အဆင့်များ ဖြစ်ရပါမည်။

လုပ်ဆောင်မှု (၁.၄) ဆောင်ရွက်ရန် အဆင့်များ

Timing: မိနစ် (၂၀) အသုံးပြုပါ။

လုပ်ဆောင်မှု (၁.၂) မှ မိမိ၏ပန်းတိုင်များကို ပြန်ဖတ်ပြီး အဆိုပါပန်းတိုင်များမှတစ်ခုကို အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့်အဆင့် အနည်းဆုံး (၃) ဆင့်ကိုစဉ်းစားပါ။ ပထမဆုံးအဆင့်သည် သိပ်မကြာမီ မိမိတကယ်လုပ်နိုင်မည်ဟု ထင်သည့်အရာဖြစ်ရမည်။ တစ်ဆင့်ချင်းစီသည် တစ်ခုပြီးမှတစ်ခု လုပ်ရမည်လား (သို့) လွတ်လွတ်လပ်လပ် လုပ်နိုင်သလားဆိုသည်မှာ မိမိအပေါ်တွင် မူတည်ပါသည်။

ယခုဆိုလျှင် မိမိရွေးချယ်ထားသောပန်းတိုင်အတွက် လုပ်ငန်းစီမံချက်တစ်ခုရေးဆွဲရန် အချက်အလက်များဖြစ်သည့် SAMRT ပန်းတိုင်၊ ဆောင်ရွက်ရန် အဆင့်များ (SMART ဖြစ်လျှင် ပိုကောင်းသည်) နှင့် ပန်းတိုင်နှင့်ဆက်စပ်သည့် အဓိက အထောက်အကူဖြစ်မည့်အရာများနှင့် အဟန့်အတားဖြစ်နိုင်သည်များ အားလုံးကို သိရှိပြီးပါြပီ။ ဒါကြောင့် စတင်လိုက်ကြပါစို့။

လုပ်ဆောင်မှု (၁.၅) မိမိ၏ လုပ်ငန်းစီမံချက်

Timing: (၃၅) မိနစ် အသုံးပြုပါ။

လေ့လာသင်ယူမှုမှတ်တမ်းရှိ စာမျက်နှာအသစ်တွင် အောက်ပါခေါင်းစဉ်များဖြင့် လုပ်ငန်းစီမံချက်ရေးဆွဲပါ။

ကျွန်ုပ်၏ ပန်းတိုင်

ပန်းတိုင်သို့ရောက်ရမည့် ရက်စွဲ

ဆောင်ရွက်ရန် အဆင့်များ (ရက်စွဲနှင့်တကွ)

အထောက်အကူပြုမည့် အကြောင်းအချက်များ

အဟန့်အတားဖြစ်နိုင်သည့် အကြောင်းအချက်များ

အဟန့်အတားများကို မည်သို့ရင်ဆိုင်မည် (မည်သည့် အဟန့်အတား၊ အနှောက်အယှက်ကိုမဆို ရင်ဆိုင်ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်သည့် ရရှိနိုင်သောအရင်းအမြစ်အားလုံးကို အမှတ်ရဖို့ မမေ့ပါနှင့်)။

(သံန္နိဋ္ဌာန်ချမှတ်သည့်အနေဖြင့် လက်မှတ်ရေးထိုးနိုင်သည်)

ယခု ရွေးချယ်ထားသည့်ပန်းတိုင်ကို အကောင်အထည်ဖော်ရန် အသေးစိတ်ချမှတ်ထားသည့် စီမံကိန်းရပါပြီ။ သင်ယူရေးစီမံချက် အဆင့်တိုင်းကို ပြီးသွားသည်နှင့်တစ်ပြိုင်နက် အမှတ်ခြစ်ထားပါ။ ထိုသို့လုပ်ခြင်းအားဖြင့် သင်၏အောင်မြင်မှု သက်သေအထောက်အထားများကို ရယူပြီးဖြစ်ပါလိမ့်မည်။ ဒါ့အပြင် -

  • ယုံကြည်မှုနှင့် စိတ်ခွန်အားကို တက်ကြွစေနိုင်သည်။
  • လခစားအလုပ် (သို့) ပရဟိတအလုပ်တို့ကို လျှောက်ထားသည့်အခါ သင်၏ CV ကိုရေးရာတွင် အထောက်အကူဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများလည်း ရနိုင်သည်။

ကောင်းမွန်သော အချက်တစ်ချက်မှာ လေ့လာသင်ယူမှုမှတ်တမ်းကို လုပ်ငန်းစီမံချက်ချမှတ်ချိန်နှင့် လေ့လာသင်ယူနေချိန်တွင် ဆက်အသုံးပြုတာပဲ ဖြစ်ပါသည်။ လုပ်ဆောင်မှုအသစ်များနှင့်ဆိုင်သည့် အတွေးများ ခံစားချက်များနှင့် လုပ်ရပ်များကို ပြန်ဆင်ခြင်သုံးသပ်ခြင်းဖြင့် အတိတ်ကိုပြန်ကြည့်နိုင်စေပြီး လေ့လာသင်ယူမှု အတွေ့အကြုံအသစ်များအတွက် အကြံဉာဏ်နှင့်စီမံချက်များ ချမှတ်ဖော်ထုတ်ခြင်းဖြင့် အနာဂတ်ကို မျှော်ကြည့်နိုင်စေပါသည်။

တစ်ခါတစ်ရံ သင်ယူလေ့လာခြင်းဆိုင်ရာ အတွေးအမြင်နှင့် ခံစားချက်များကိုချရေးခြင်းက သင်၏အကြံဉာဏ်များကို ရှင်းလင်းစေပြီး အဖိုးတန်ပါသည်။ ယင်းသို့ချရေးခြင်းက ပူပန်မှုကိုလျှော့ချပေးကာ ပြဿနာတိုင်း၏အဖြေများကို ရှာဖွေဖို့ မမေ့ရန်နှင့် အောင်မြင်မှုများကို ဂုဏ်ပြုဆင်နွှဲရန် အထောက်အကူပြုပါသည်။

ယခုအခါမှာတော့ ပထမရက်သတ္တပတ်၏ အဆုံးကို ရောက်လာပါပြီ။ နောက်တစ်ပတ်မှာ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် ကျွမ်းကျင်ရန်လိုအပ်သော ပညာရပ်များ ဥပမာ အွန်လိုင်းမှ ဆောင်ရွက်နိုင်သောအရာများနှင့် လုပ်ဆောင်နိုင်သည့်နည်လမ်းများကို မြှင့်တင်ခြင်းမှစ၍ သတင်းအချက်အလက်များရှာဖွေခြင်း၊ အခြားသူများနှင့် ချိတ်ဆက်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အထိ ရှာဖွေလေ့လာမည် ဖြစ်သည်။ ကျွမ်းကျင်မှုများနှင့်ပတ်သက်ပြီး သင်၏ယုံကြည်မှုကိုဆန်းစစ်နိုင်သည့် အခွင့်အလမ်းတစ်ခုလည်း ရရှိလာမည်ဖြစ်သည်။ အသင့်ဖြစ်ပြီလား။

ဖြစ်ပြီဆိုလျှင် ဒုတိယသီတင်းပတ်ကို သွားကြပါစို့။