Skip to main content
Printable page generated သောကြာ, 19 ဧ 2024, 20:12
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated သောကြာ, 19 ဧ 2024, 20:12

ဒုတိယသီတင်းပတ်

ဒုတိယသီတင်းပတ်

ယခုသီတင်းပတ်မှာ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် ကျွမ်းကျင်ရန်လိုအပ်သော ပညာရပ်များ ဥပမာ အွန်လိုင်းမှ ဆောင်ရွက်နိုင်သောအရာများနှင့် လုပ်ဆောင်နိုင်သည့်နည်လမ်းများကို မြှင့်တင်ခြင်းမှစ၍ သတင်းအချက်အလက်များ ရှာဖွေခြင်း၊ အခြားသူများနှင့် ချိတ်ဆက်ပြောဆိုခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အထိ ရှာဖွေလေ့လာနိုင်မည်ဖြစ်သည်။ အင်တာနက်စာမျက်နှာများကို မိမိဘယ်လိုအသုံးပြုသလဲဆိုသည်ကို ပြန်သုံးသပ်ပြီး မိမိ၏အွန်လိုင်းအမူအကျင့်များကို မြင်ယောင်ကြည့်မှာ ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်ခေတ် သတင်းအချက်အလက်များ

သင်တန်း ဒုတိယပတ်မှ ကြိုဆိုပါသည်။

ကျွန်တော်တို့သည် "သတင်းအချက်အလက်ခေတ်" တွင် နေထိုင်နေကြသည်ဟု လူအများပြောကြသည်ကို ကြားဖူးပါလိမ့်မည်။ ၁၉၇၀ နှစ်များ ဝန်းကျင်ကစတင်ခဲ့သော "သတင်းအချက်အလက်ခေတ်" သည် ယခုအချိန်ထိ ရပ်တန့်သွားမည့် အရိပ်အယောင် မရှိပေ။ အမှန်ပင်ဖြစ်သည်၊ ပြောင်းလဲနှုန်းက မြန်ဆန်သည်။ သတင်းအချက်အလက်ခေတ်သည် အားလုံးက များပြားလှသော သတင်းအချက်အလက်များကို ကွန်ပျူတာ နည်းပညာများမှတစ်ဆင့် ရရှိနေသောခေတ်ကိုဆိုလိုသည်။

ကွန်ပျူတာနည်းပညာသည် မကြာသေးမီနှစ်များတွင် လျင်မြန်စွာ တိုးတက်လာသည်။ ကျွန်တော်တို့၏ ဘဝများကို ပြောင်းလဲပေးခဲ့သလို ဆက်လက်ပြီးလည်း ပြောင်းလဲပေးနေသည်။ ကွန်ပျူတာနည်းပညာတွင် 'တော်လှန်ပြောင်းလဲမှု' က ခလုတ်တစ်ချက်ထိလိုက်ရုံဖြင့် သတင်းအချက်အလက်များကို ရယူနိုင်စေသည်။ ကျွန်တော်တို့သည် စားပွဲတင် ဒက်စတော့ကွန်ပျူတာများကိုသာ သုံးနေတာ မဟုတ်တော့ဘဲ စမတ်ဖုန်းများနှင့် တက်ဘလက်များကဲ့သို့သော မိုဘိုင်းစက်ပစ္စည်းများကိုအသုံးပြု၍ အချိန်မရွေး၊နေရာမရွေး သတင်းအချက်အလက်များကို ရယူနိုင်လာသည်။ နည်းပညာသည် နေ့စဉ်ဘဝ၏ အရေးပါသည့်အစိတ်အပိုင်းဖြစ်လာပြီး သတင်းအချက်အလက်များကို လက်ချောင်းထိပ်ဖျားဆီသို့ ပို့ပေးနေသည်။

မကြာသေးမီက တိုးတက်ဖြစ်ထွန်းမှုများတွင် မိုဘိုင်းစက်ပစ္စည်းများထဲတွင် ကျွန်တော်တို့ကို အမှန်တကယ် စကားပြောဆိုနိုင်သော အသံမှတ်မိသည့်ဆော့ဖ်ဝဲများ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ လိုအပ်သောအချက်အလက်များကို အသံထွက်မေးမြန်းကာ ရှာဖွေနိုင်ပြီး ၎င်းက ကျွန်တော်တို့ သိလိုသောအရာကို အသံထွက်၍ ဖြေဆိုပေးနိုင်သည်။ ဥပမာ Apple စက်ပစ္စည်းများတွင်ပါသော Siri နှင့် Window စက်ပစ္စည်းများတွင်ပါသော Cortana တို့ဖြစ်သည်။

ကျွန်တော်တို့၏ဖုန်းများက ကျွန်တော်တို့ရောက်ရှိနေသောနေရာကို တည်နေရာခြေရာခံ နည်းပညာကိုသုံးပြီး ရောက်သည့်နေရာကို ပြောနိုင်သည်။ သက်ဆိုင်မည်ထင်သည့် အချက်အလက်များကိုလည်း ပေးပါသည်။ အကယ်၍ မိမိက ဘဏ်တစ်ခုကိုရှာဖွေမည်ဆိုလျှင် မိမိရောက်ရှိနေသောနေရာနှင့် အနီးဆုံးဘဏ်ကို မိမိဖုန်းက လမ်းညွှန်ပေးနိုင်သည်။

မိမိလုပ်ကိုင်နေသည်များကို မှတ်တမ်းတင်နိုင်သည်။ ရိုက်ထားသော ဓာတ်ပုံများ၊ ဗီဒီယိုများကို သိမ်းဆည်းပေးပြီး မိသားစုနှင့် သူငယ်ချင်းများထံသို့ ချက်ချင်း မျှဝေပေးနိုင်သည်။ မိမိတို့၏ဖုန်းများ၊ ကွန်ပျူတာများ၊ တက်ဘလက်များနှင့် စမတ်နာရီများအသုံးပြုကာ မိမိတို့၏ စိတ်ကူးအတွေးများကို မျှဝေနိုင်သကဲ့သို့ မှတ်တမ်းတင်နိုင်သည်။

ကိတ်မုန့်ဖုတ်ခြင်း၊ အိမ်ဆောက်ခြင်းကဲ့သို့ တစ်စုံတစ်ရာကို ပြုလုပ်ဖန်တီးချင်သောအခါ အွန်လိုင်းဗီဒီယိုများတွင် ပြုလုပ်ပုံကို အတိအကျရှာဖွေကြည့်ရှုနိုင်သည်။

အခုဆိုလျှင် အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ လေ့လာသင်ယူရာတွင်ဖြစ်စေ မိမိပတ်ဝန်းကျင်တွင် အချက်အလက်များ ဝန်းရံနေပါသည်။ 

ထိထိရောက်ရောက် သင်ယူလေ့လာနိုင်ရန် အဆိုပါ ပစ္စည်းကိရိယာအသစ်များကို မည်ကဲ့သို့အသုံးပြုမည်၊ ယခင်ကမကြုံဖူးသောပုံစံဖြင့် အသင်းအချက်အလက်များရရှိမှုကို မည်ကဲ့သို့အသုံးပြုမည်တို့ကို စဉ်းစားထားသင့်ပါသည်။ ထို့ကြောင့် လေ့လာမှုအတွက် အကျိုးကျေးဇူးများစွာရရှိသကဲ့သို့ အမျိုးမျိုးသော အရင်းအမြစ်များထံမှ အချက်အလက်ပေါင်းများစွာ ရရှိခြင်းအတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါသည်။

လုပ်ဆောင်မှု (၂.၁) မိမိ၏ ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်

Timing: (၁၅) မိနစ်ခန့် အသုံးပြုပါ။

အင်တာနက်နှင့် ဆိုရှယ်မီဒီယာကို မိိမဘယ်လို အသုံးပြုသလဲဆိုသည်ကို စဉ်းစားဆင်ခြင်ခြင်းဖြင့် မိမိ၏ ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်ကို ပိုနားလည်သဘောပေါက်ပါလိမ့်မည်။ နောက်ပိုင်းတွင် စွမ်းရည်တိုးတက်စေသော မည်သည့်လုပ်ဆောင်မှုများက မိမိနှင့်သင့်တော်သည်ကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။

ယခင်လတွင် ပြုလုပ်ကောင်းပြုလုပ်နိုင်ခဲ့သော လုပ်ဆောင်မှုနမူနာများကို အောက်တွင်ဖော်ပြထားသည်။ လုပ်ဆောင်မှုနှစ်ခုကိုရွေးချယ်ပြီး ဘာလုပ်သလဲ၊ ဘာကြောင့်လုပ်သလဲ၊ ဘယ်လိုအကူအညီရသလဲ၊ ဘာပြဿနာတွေ ပေါ်သလဲ ဆိုသည်တို့ကို အသေးစိတ်ရေးသားပါ။ ထို့နောက် လေ့လာသင်ယူမှုမှတ်တမ်းတွင် မှတ်ချက်ရေးပါ။ အောက်ပါစာရင်းတွင် မပါဝင်သော အွန်လိုင်းလုပ်ဆောင်မှုတစ်ခု အကြောင်းကိုလည်း ရေးသားနိုင်သည်။

  • အင်တာနက်ပေါ်တွင် အချက်အလက်များကိုရှာဖွေခြင်း (သတင်းများ၊ အားလပ်ရက်များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ်ခြင်း အစရှိသဖြင့်)
  • တခြားလူ (သို့) တခြားအစုအဖွဲ့သို့ အချက်အလက်များ လွှဲပြောင်းပေးခြင်း (ဝါသနာများ၊ ကလပ်များ၊ ဆိုရှယ်မီဒီယာ)
  • လတ်တလောဖြစ်ပွားနေသော အခြေအနေအကြောင်းကို ရှာဖွေခြင်း
  • သတင်းများ၊ မှတ်ချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များကိုမျှဝေရန် ဆိုရှယ်မီဒီယာကိုအသုံးပြုခြင်း
  • အွန်လိုင်းပေါ်တွင် စိတ်ဝင်စားမှုတစ်ခုအကြောင်း ရေးသားခြင်း
  • ဆိုရှယ်မီဒီယာပေါ်တွင် မိမိအကြောင်းကိုမျှဝေခြင်း

ဘန်ဂျာ၏ဥမာ

ဘာလုပ်ခဲ့သလဲ ဘာကြောင့် လုပ်သလဲ ဘယ်လို အကူအညီရသလဲ ဘာပြဿနာတွေ ပေါ်သလဲ
အင်တာနက်ပေါ်တွင် အချက်အလက်များရှာဖွေခြင်း (သတင်းများ၊ အားလပ်ရက်များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ်ခြင်း အစရှိသဖြင့်) အမေက အဆစ်ရောင်ရောဂါဖြစ်လို့ အဲဒီရောဂါအကြောင်းနားလည်ပြီး လိုအပ်တာကူညီပေးနိုင်ဖို့ အဆစ်ရောင်ရောဂါအကြောင်း ရှာဖွေခဲ့ပါတယ်။ Google မှာရှာခဲ့ပြီး အချက်အလက်တွေ အများကြီးတွေ့ခဲ့ပါတယ်။

အချက်အလက်တွေက များလွန်းလို့ ဘယ်ကစရမှန်းတောင် မသိပါဘူး။

တချို့စာမျက်နှာတွေက ရှုပ်ထွေးလွန်းပြီး တချို့စာမျက်နှာတွေက လေးလေးနက်နက် မရှိဘူး။ အဲဒီနောက်မှာတော့ အချက်အလက်အားလုံးက အတူတူမဟုတ်မှန်း သိသွားပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုဆိုသည့် ‌ဝေါဟာရတွင် စွမ်းဆောင်ရည် အမျိုးမျိုးပါဝင်သည်။ ၎င်းဝေါဟာရကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပြီး ကွန်ပျူတာကို အခြေခံအဆင့် နားလည်အသုံးပြုနိုင်ခြင်းကစ၍ အဆင့်မြင့် ကွန်ပျူတာဆော့ဝဲရေးဆွဲခြင်း အဆင့်မြင့်နည်းပညာ အသုံးပြုခြင်းတို့ထိ ပါဝင်သည်။

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတွင် ထိရောက်စွာရှာဖွေခြင်း၊ အင်တာနက်မှရရှိလာသော အချက်အလက်များ မှန်၊ မမှန် အကဲဖြတ်ခြင်း၊ အခြားသူများနှင့် ဆက်သွယ်ခြင်းနှင့် မျှဝေခြင်းဖြစ်စေ လိုအပ်ချက် တစ်စုံတရာအတွက် သင့်တော်သော ဒစ်ဂျစ်တယ် သို့မဟုတ် အွန်လိုင်းကိရိယာများကို ရှာဖွေသည်ဖြစ်စေ အွန်လိုင်းတွင် လူတိုင်းထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများ ပါဝင်သည်။

ထိုကျွမ်းကျင်မှုများသည် ကျွန်တော်တို့၏ ဘဝနယ်ပယ်အားလုံးတွင် ပျံ့နှံ့နေသော ကျွမ်းကျင်မှုများဖြစ်သည်။ လုပ်ဆောင်မှု (၂.၁) တွင် လုပ်ခဲ့သည်များကို ပြန်တွေးကြည့်ပါက ကိစ္စတော်တော်များများသည် နေ့စဥ်ဘဝနှင့် ပတ်သက်နေသည်ကို တွေ့ပါလိမ့်မည်။ သို့သော်လည်း အဆိုပါလုပ်ဆောင်မှုများနှင့် ကျွမ်းကျင်မှုများသည် လုပ်ငန်းခွင်တွင် ထက်မြက်နေရန် အထောက်အကူပြုပါသည်။ အလုပ်ခေါ်စာများတွင်လည်း ထိုအရည်အချင်းများကို ဖော်ပြထားတာတွေ့ရလိမ့်မည်။ အဝေးမှ လုပ်ဖော်ကိုင်ဖက်များနှင့် အွန်လိုင်းမှ အလုပ်လုပ်နိုင်ခြင်းကလည်း တချို့အလုပ်အတွက် မရှိမဖြစ်လိုအပ်သည့် အရည်အချင်းတစ်ရပ်ဖြစ်နိုင်သည်။ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုသည် ပညာရေးတွင်လည်း အလွန်အရေးပါပြီး သုတေသနလုပ်ခြင်း၊ အခြားကျောင်းသားများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် အလုပ်တာဝန်များအတွက် ရေးသားခြင်းတို့တွင် သိသိသာသာ အကျိုးသက်ရောက်နိုင်သည်။ အတွေ့အကြုံ၊ ယုံကြည်မှုတို့နှင့်အတူ မိမိ၏ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို တခြားနယ်ပယ်များသို့ ဖြန့်ဝေနိုင်ပါသည်။

လုပ်ဆောင်မှု (၂.၂) ကျွမ်းကျင်မှုများကို ရှာဖွေဖော်ထုတ်ခြင်း

Timing: (၁၅) မိနစ်ခန့် အသုံးပြုပါ။

ဒစ်ဂျစ်တယ်နည်းပညာ ၀န်းကျင်တစ်ခုတွင် မိမိအသုံးပြုသော ကျွမ်းကျင်မှုများကို ပြန်လည်သုံးသပ်ခြင်းသည် ၎င်းတို့ကိုအသုံးပြုရာ၌ ကိုယ့်ကိုယ်ကိုယ် မည်မျှယုံကြည်စိတ်ချသည်ကို အကဲဖြတ်ရန်နှင့် မည်သည့်ကျွမ်းကျင်မှုများကို ပိုတိုးတက်ကောင်းမွန်လိုကြောင်း ဖော်ထုတ်စေနိုင်မည်ဖြစ်သည်။ အောက်ဖော်ပြပါ ပတ်ဝန်းကျင်များမှ တစ်ခုကိုရွေးချယ်ပြီး အွန်လိုင်းတွင် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မည်သည့်စွမ်းရည်များ လိုအပ်မလဲဆိုသည်ကို စဉ်းစားပါ။ မိမိအမြင်များကို ရေးမှတ်ထားပါ။

  • အိမ်တွင် ဥပမာ အင်တာနက်ပေါ်၌ သိလိုသည်များကို မြန်မြန်ဆန်ဆန် မည်သို့ရှာဖွေရမည်ကိုသိခြင်း။
  • လုပ်ငန်းခွင်တွင် ဥပမာ သတ်မှတ်ရက်အမီ အစီရင်ခံစာများအတွက် သတင်းအချက်အလက်များကို လျင်မြန်စွာရှာဖွေနိုင်ခြင်း။
  • ပညာရေးတွင် ဥပမာ အွန်လိုင်းတွင် သုတေသနပြုလုပ်နိုင်ခြင်း။

ဇင်မင်းသန့်၏ ဥပမာဖြစ်သည်

အိမ်မှာဆိုလျှင် ကျွန်တော်သိထားဖို့ လိုသည်မှာ အလုပ်တွင် ကျွန်တော်သိထားဖို့ လိုသည်မှာ သင်ယူလေ့လာနေစဉ် ကွန်တော်သိထားဖို့ လိုသည်မှာ
သတင်းအချက်အလက်များကို ဘယ်မှာရှာရမလဲ မိမိအမြင်ကို အများနားလည်အောင် ကိန်းဂဏန်းသုတေသနများကို ဘယ်မှာရှာရမလဲ ဂျာနယ်ဆောင်းပါးများကို ဘယ်မှာရှာရမလဲ
ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မဖြစ်စေဘဲ မိမိအမြင်ကို အများနားလည်အောင် အွန်လိုင်းမှာ ဘယ်လိုဆက်သွယ်ရမလဲ။ ဆိုရှယ်မီဒီယာကိုအသုံးပြုခြင်း အပါအဝင် လုပ်ဖော်ကိုင်ဖက်များ၊ အလုပ်အပ်သူများ၊ ဝယ်ယူသုံးစွဲသူများနှင့် အွန်လိုင်းမှာ ဘယ်လိုဆက်သွယ်ရမလဲ။ အွန်လိုင်းမှာရေးတဲ့အခါ မိမိစာကိုဖတ်သူက ဘယ်သူလဲသိဖို့လိုပြီး အဲဒီစာဖတ်သူတွေနဲ့ သင့်တော်တာကို ရေးနိုင်အောင် ဘယ်လိုလုပ်မလဲ။ အဖွဲ့လိုက် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဖိုင်မျှဝေခြင်း၊ တည်းဖြတ်ခြင်းတို့အတွက် နောက်ပြီး အွန်လိုင်းမှာ စာဘယ်လိုရေးမလဲ ဆိုတာအတွက်။
အွန်လိုင်းမှာ ဘယ်သူ့ကို၊ ဘာကို ယုံကြည်ရမလဲ။ ယုံကြည်အားထားနိုင်သည့် နောက်ဆုံးရ သတင်းအချက်အလက်များကို ဘယ်မှာရှာရမလဲ (သို့) အဆိုပါ အချက်အလက်များကိုရဖို့ အသင့်တော်ဆုံးလူကို သိထားခြင်း။ ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်များကို ဘယ်မှာရှာရမလဲ

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများအတွက် မူဘောင်တစ်ခု

အွန်လိုင်းတွင် ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို နားလည်သဘောပေါက်ပြီး တိုးတက်စေသည့် နည်းလမ်းတစ်ခုမှာ မတူညီသောအမျိုးအစားများတွင် ယင်းတို့ကို စဉ်းစားကြည့်ခြင်းပင် ဖြစ်ပါသည်။

The Open University က ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု မူဘောင်တစ်ရပ်ကို ဖန်တီးထားပြီး အဓိကကျွမ်းကျင်မှု နယ်ပယ် (၅) ခုမှာ

  • နားလည်ခြင်းနှင့် ပါဝင်ပတ်သက်ခြင်း
  • ရှာဖွေခြင်း
  • စီမံခန့်ခွဲခြင်းနှင့် ဆက်သွယ်ခြင်း
  • အကဲဖြတ်ခြင်း
  • ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မျှဝေခြင်း
ပုံ (၂) ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု မူဘောင်

နယ်ပယ်တစ်ခုချင်းစီကို နည်းနည်းစီ ကြည့်ကြပါစို့။

နားလည်ခြင်းနှင့် ပါဝင်ပတ်သက်ခြင်း

ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်ကိုနားလည်ပြီး ပါဝင်ပတ်သက်နိုင်ရန်အလို့ငှာ ဒစ်ဂျစ်တယ် အချက်အလက်ဆိုသည်မှာ အဘယ်နည်း။ တွေ့ရှိသည့် အချက်အလက်များဖြင့် မည်သည်တို့ကို လုပ်နိုင်သနည်းဆိုသည်ကို သိရန်လိုအပ်သည်။ မိမိလိုအပ်ချက်အတွက် အသင့်တော်ဆုံးဖြစ်သည့် အွန်လိုင်းဆော့ဖ်ဝဲများ ဝက်ဘ်ဆိုက်များနှင့် ဆော့ဖ်ဝဲများကို ရှာဖွေရွေးချယ်နိုင်ရန်လည်း လိုအပ်သည်။ 

ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်ဖြင့် ပါဝင်ပတ်သက်ခြင်းသည် မိမိနှင့်စိတ်ဝင်စားမှု တူညီသူများကို ရှာဖွေနိုင်ခြင်းလည်း ဖြစ်ပေသည်။ ထိုသို့လုပ်နိုင်ပြီဆိုလျှင် လူအများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်နိုင်လာပြီး အန္တရာယ်ပေးနိုင်သူ မည်သူ့ကိုမဆို ရှောင်ရှားနိုင်လာမည်။

ရှာဖွေခြင်း

အချက်အလက်များ ရှာဖွေခြင်းသည် ရှာရန်ကြိုးစားနေသည့်အချက်များကို မည်သို့ရှာဖွေမည်ကို စီစဉ်ခြင်းဖြစ်သည်။ မည်သည့်နေရာတွင် မည်သို့ရှာမည်ကို သိခြင်းဖြစ်သည်။ အချက်အလက်များရှာဖွေရာတွင် အင်တာနက်ရှာဖွေရေးအင်ဂျင်ကို သုံးမည်လား၊ ဒေတာအစုအဝေးကို သုံးမည်လား၊ လူကိုမေးမည်လား ဆိုသည်ကို သိခြင်းပင်ဖြစ်သည်။ မည်သည့် သတင်းအချက်အလက်ရင်းမြစ်များက မိမိလိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည်ကို သတိပြုမိဖို့လိုပါသည်။ သင့်တော်သော ရင်းမြစ်များကို ဦးတည်နိုင်မည်ဆိုလျှင် ရှာဖွေရေးရလဒ်များက ပိုနီးစပ်မှုရှိနိုင်ပြီး မိမိရှာဖွေသည့်အချက်အလက်ကို ပို၍မြန်မြန်တွေ့လိမ့်မည်။ 

လိုအပ်သော အချက်အလက်ကို ရှာဖွေ၍ ရ၊ မရ ဆိုသည်မှာ မိမိသုံးလိုက်သည့်စကားလုံးများနှင့် စကားစုများအပေါ်တွင်လည်း မူတည်ပါသည်။ ၎င်းတို့သည် အင်တာနက်ရှာဖွေရေးအင်ဂျင်ကို ဘာကိုရှာပြီး ဘာကိုဖယ်ရမည်ကို ပြောပြပါသည်။

အကဲဖြတ်ခြင်း

အွန်လိုင်းပေါ်တွင် များပြားလှသည့် အချက်အလက်များ ရနိုင်သောကြောင့် တစ်ခါတစ်ရံ မည်သူ့ကိုယုံရမည်၊ မည်သည့်အရာကိုယုံရမည်ကို သိရှိရန် အခက်တွေ့လေ့ရှိသည်။ အရင်းအမြစ်နှင့် လူများကို အကဲဖြတ်နိုင်ခြင်းသည် အရည်အသွေးကောင်းမွန်သည့် အချက်အလက်များနှင့် ရင်းမြစ်များကို ခွဲခြားနိုင်စေရန် အထောက်အကူပေးသည်။ မိမိလိုအပ်ချက်နှင့်ကိုက်ညီသည့် အသင့်တော်ဆုံး ဆော့ဖ်ဝဲများကိုလည်း ရှာတွေ့စေသည်။ 

ကျွန်တော်တို့သည် လူအမျိုးမျိုး၊ အစုအဖွဲ့အမျိုးမျိုးနှင့် အွန်လိုင်းတွင် ချိတ်ဆက်နေကြသည်။ ယုံကြည်စိတ်ချရမှုက အရေးကြီးပါသည်။ လူအများနှင့်ဆက်ဆံရာတွင် မည်မျှယုံကြည်ထိုက်သလဲ အကဲဖြတ်တတ်ခြင်းသည် အရေးကြီးပါသည် အထူးသဖြင့် ၎င်းတို့၏အမြင်များသည် မိမိအပေါ်အကျိုးသက်ရောက်စေမည့် အလားအလာရှိလျှင် ဖြစ်ပါသည်။ ဆိုရှယ်မီဒီယာပေါ်တွင် ကိုယ့်အမြင် သူ့အမြင်ဝေမျှခြင်းသည် ကိုယ့်အပေါ် တပါးသူများ၏ရှုမြင်မှုအပေါ် သက်ရောက်စေနိုင်သဖြင့် ကိုယ်မျှဝေလိုက်သည့်အရာသည် စိတ်ချယုံကြည်ရရန် လိုအပ်ပါသည်။

စီမံခန့်ခွဲခြင်းနှင့် ဆက်သွယ်ခြင်း

အသုံးဝင်သော အချက်အလက်ကို တွေ့သည့်အခါ ထိုအချက်အလက်ကို နောက်တစ်ကြိမ် အလွယ်တကူ ပြန်ရှာနိုင်ရန်မှာ သင်၏စီမံခန့်ခွဲမှုအပေါ် မူတည်သည်။ Diigo နှင့် Pinterest ကဲ့သို့သော ဝက်ဘ်ဆိုက်များသည် အသုံးဝင်သည့် အချက်အလက်ရင်းမြစ်များအတွက် အင်တာနက်လင့်ခ်များကို တစ်နေရာတည်းတွင် သိမ်းဆည်းထားနိုင်စေသည်။ ယင်းတို့ကို နောင်တစ်ချိန်တွင် အချို့အကြောင်းအရာများနှင့် သက်ဆိုင်သောရင်းမြစ်များကို ရှာဖွေရန်သုံးနိုင်သည့် စကားလုံးများ၊ စကားစုများဖြင့် တဂ်လုပ်နိုင်သည်။ ရင်းမြစ်များကို စုစည်းသိမ်းဆည်းထားနိုင်ပြီး အများကိုလည်း ပြန်ဝေမျှနိုင်သည်။ 

တခြားအသုံးပြုနိုင်သည်များကို လေ့လာရန် Tools for keeping up to date and managing information PDF (PDF document50.0 KB) ကို ဒေါင်းလုဒ်ရယူပါ။

ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်တွင် ပါဝင်ပတ်သက်နိုင်ခြင်းသည် အလွန့်အလွန် အရေးပါသည့် ပိုင်ဆိုင်ထားရမည့် စွမ်းရည်တစ်ခုဖြစ်သည်။ ဘလော့ဂ်တွင်ရေးသည်ဖြစ်စေ၊ ဖေ့စ်ဘုတ်နှင့်တွစ်တာပေါ်တွင် ရေးသည်ဖြစ်စေ၊ သူများရေးသားထားသည်တွင် မှတ်ချက်ပေးသည်ဖြစ်စေ မိမိရေးသည်နှင့်ပတ်သက်ပြီး သေသေချာချာစဉ်းစားရမည်။ မိမိရေးတင်လိုက်သည့်အရာကို မိမိအာဘော်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး သဘောမကျသည်လည်း ရှိနေနိုင်သည်။ မိမိရေးလိုက်သည့်အရာသည် မိမိ၏ဒစ်ဂျစ်တယ် ကိုယ်စားပြမှုနှင့် ကျော်ကြားမှုကို ထင်ဟပ်စေသည့်အပြင် မိမိ၏နေ့စဉ်ဘဝ၊ အလုပ်နှင့် အသက်မွေးမှုဆိုင်ရာ ယုံကြည်စိတ်ချရမှုအပေါ် သက်ရောက်စေနိုင်သည်။ ထို့ကြောင့် မှန်မှန်ကန်ကန်ဖြစ်ရန် အရေးကြီးသည်။

ဖော်ပြပါ Tools for communicating and connecting PDF (PDF document569.1 KB)  မှ ဆော့ဖ်ဝဲများသည် တခြားသူများနှင့် အွန်လိုင်းတွင်ဆက်သွယ်သည့် နည်းလမ်းအမျိုးမျိုးကို ပေးထားပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မျှဝေခြင်း

ယနေ့ခေတ် အွန်လိုင်းရပ်ဝန်းသည် တစ်ဦးနှင့်တစ်ဦး အွန်လိုင်းပေါ်တွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်များ မျှဝေရန် အကောင်းဆုံး အခွင့်အလမ်းများကို ပေးပါသည်။ ဆိုရှယ်မီဒီယာသည်လည်း အမျိုးမျိုးသော အခမဲ့ ဆော့ဖ်ဝဲများ၊ အပ္ပလီကေးရှင်းများနှင့်အတူ အချက်အလက်များနှင့်အမြင်များ မျှဝေခြင်းကို တက်တက်ကြွကြွ အားပေးပါသည်။ အစပိုင်းတွင် အတော့်ကို ခပ်ရွံ့ရွံ့ ဖြစ်နိုင်သော်လည်း ယင်းသို့ တစ်ဦးနှင့်တစ်ဦး ဆက်စပ်ပတ်သက်ရန် ယုံကြည်မှု တည်ဆောက်ဖို့ အချိန်တစ်ခု ယူရပါသည်။ 

ယင်းနယ်ပယ်တွင် စွမ်းရည်တိုးမြှင့်လာခြင်းသည် မိမိ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေသည်။ ဤသို့အားဖြင့် အခြားသူများထံမှ သင်ယူနိုင်စေသလို ပြန်၍လည်းမျှဝေနိုင်စေသည်။ အိမ်တွင်၊ လုပ်ငန်းခွင်တွင်၊ လေ့လာသင်ယူရာတွင် အကျိုးအမြတ်မျိုးစုံ ဖြစ်ထွန်းစေပါသည်။ အထူးသဖြင့် နေထိုင်လုပ်ကိုင်သည့်နေရာ မတူသူများနှင့် အလုပ်တွဲလုပ်ရသည့် လုပ်ငန်းခွင်မျိုးတွင် ပို၍တန်ဖိုးရှိပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်းကို အထောက်အကူဖြစ်စေနိုင်သည့် ဆော့ဖ်ဝဲများကို Collaboration tools PDF (PDF document548.0 KB)  တွင်လေ့လာပါ။

မိမိ၏ အွန်လိုင်းပုံရိပ်ကို မည်သို့နားလည်သလဲဆိုသည်ကို အသေးစိတ်လေ့လာကြည့်ပါစို့။ နောက်တစ်ခန်းတွင် ဝက်ဘ်ဆိုက်နှင့် မည်သို့ထိတွေ့သည်ကို ဆင်ခြင်မိရန်၊ အွန်လိုင်းဆောင်ရွက်မှုများကို မြင်ယောင်စေရန်နှင့် ကွဲပြားစွာ မည်သို့လုပ်နိုင်သည်ကို သတိထားမိစေရန် ကူညီသွားပါမည်။

ဧည့်သည်များနှင့် နေထိုင်သူများ

လူများကို ဒစ်ဂျစ်တယ်ဒေသခံများ (သို့) ဒစ်ဂျစ်တယ် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်နိုင်ကြောင်း ယူဆချက်တစ်ခုရှိပါသည်။ သို့သော်လည်း ယင်းယူဆချက်တွင် အဓိကအားနည်းချက်များရှိကာ ခိုင်မာလက်တွေ့ကျခြင်း မရှိပေ။ လူနှင့်နည်းပညာ၏ ဆက်နွှယ်မှုကို စဉ်းစားရာတွင် နောက်ထပ်ချဉ်းကပ်မှုတစ်ခုမှာ Dave White, Alison Le Cornu နှင့်လုပ်ဖော်ကိုင်ဖက်များ အားပေးထောက်ခံသော ဧည့်သည်နှင့် နေထိုင်သူ ချဉ်းကပ်မှုဖြစ်သည်။ ဧည့်သည်နှင့် နေထိုင်သူ ချဉ်းကပ်မှုသည် တစ်ဖက်တစ်ချက်စီတွင် အွန်လိုင်းနှင့် ဆက်စပ်ပတ်သက်ပုံ (၂) မျိုးရှိသည့် တစ်ခုနှင့်တစ်ခု အနည်းငယ်သာ ကွဲပြားမှုပေါ် အခြေခံထားသည်။ ဆက်စပ်ပတ်သက်မှုအပေါ် မတူသောချဉ်းကပ်မှုများကို ခွဲခြားထားသည်။

ဧည့်သည်ပုံစံဖြင့် လုပ်ကိုင်နေသူများတွင် တိကျသည့်ပန်းတိုင်ရှိပြီး သင့်တော်သည့် အွန်လိုင်းဆော့ဖ်ဝဲကို ရွေးချယ်ကာ သူတို့လိုအပ်သည်ကို ရှာဖွေသည်။ ဥပမာ - စမတ်ဖုန်းကိုသုံးပြီး အင်တာနက်မှ စာအုပ်ဆိုင်တစ်ဆိုင်ကိုရှာကာ အွန်လိုင်းတွင်တွေ့ရှိပါက အပြင်တွင် ကိုယ်တိုင်သွားရောက်ခြင်း။ ဧည့်သည်ပုံစံဖြင့် အွန်လိုင်းသုံးသည့်အခါ အခြားသူများ တွေ့မြင်နိုင်မှုနှင့် မိမိ၏ခြေရာလက်ရာ အနည်းသာကျန်ရှိသည်။.

နေထိုင်သူပုံစံက  တခြားသူများနှင့်  ဆက်သွယ်ချိတ်ဆက်ရန်၊ အတူရှိနေရန် အွန်လိုင်းအသုံးပြုသည်။ ဥပမာ ဖေ့စ်ဘုတ်တွင် ပို့စ်တင်ခြင်း၊ တွစ်တာနှင့်ဘလော့ဂ်တွင် ရေးသားခြင်း၊ ဘလော့ဂ်များတွင် မှတ်ချက်များရေးခြင်း။ အင်တာနက် ဝက်ဘ်ဆိုက်က ၎င်းတို့၏ ပုံရိပ်ထုတ်လွှင့်မှုကို ကူညီပေးပြီး ဆက်နွှယ်မှုများကို လွယ်ကူချောမွေ့စေသည်။ တစ်နည်းအားဖြင့် နေထိုင်သူများသည် သူတို့ဘဝ၏ တစ်စိတ်တဒေသကို အွန်လိုင်းပေါ်တွင် ဖြတ်သန်းသည်။ ဧည့်သည်များနှင့် မတူသည်မှာ နေထိုင်သူပုံစံသည် မိမိကို အွန်လိုင်းတွင် အခြားသူများမြင်နိုင်ခြင်းနှင့် မိမိပုံရိပ် ရှိနေခြင်းပင်ဖြစ်သည်။

ထို့ကြောင့် တစ်ဦးချင်းအနေဖြင့် ၎င်းတို့လိုချင်သည့်အရာပေါ် မူတည်ပြီး ဧည့်သည်နှင့် နေထိုင်သူ ပုံစံနှစ်မျိုးလုံးရောထွေးကာ အွန်လိုင်းနှင့် ဆက်စပ်ပတ်သက်သည်မှာ မထူးဆန်းဟု ဆိုနိုင်ပါသည်။

ဧည့်သည်များနှင့် နေထိုင်သူများ နမူနာပုံစံက လှုံဆော်မှုနှင့် နောက်ခံအခြေအနေကို အခြေခံပြီး လူတစ်ဦးချင်းစီ၏ အင်တာနက်ဝဘ်နှင့် ဆက်စပ်ပတ်သက်မှုကို နားလည်ရန် မူဘောင်တစ်ခုပေးပုံကို The Oxford University မှ David White က ရှင်းပြထားသည်။

Interactive feature not available in single page view (see it in standard view).

နည်းပညာနှင့် မိမိဆက်စပ်ပတ်သက်မှုကို ကိုယ်စားပြုပုံကားချပ် ဖန်တီးခြင်း။

ဧည့်သည်နှင့် နေထိုင်သူ ချဉ်းကပ်မှုဆိုသည်မှာ အင်တာနက်နှင့် မိမိ၏ဆက်နွှယ်မှုကို ကိုယ်စားပြုပုံကားချပ် ရေးဆွဲမှုအပေါ် အခြေခံထားခြင်းဖြစ်သည်။ အဓိပ္ပါယ်ရှိသော နှိုင်းယှဉ်မှုများလုပ်နိုင်ပြီး နည်းပညာကျွမ်းကျင်မှုနှင့် အသက်အရွယ်ကို အခြေမခံဘဲ ဆက်စပ်ပတ်သက်ရန် လှုံ့ဆော်မှုအပေါ် အခြေခံကာ အနည်းငယ်သာ ကွဲပြားသည့် ဆက်စပ်ပတ်သက်မှုပုံစံများ ရှိသည်ဆိုသော ပကတိအခြေအနေကို ဆုပ်ကိုင်သည့် ဖွဲ့စည်းပုံတစ်ခုကို အသုံးပြုထားပါသည်။ အသုံးပြုသူကို အမျိုးအစား (၂) မျိုး (ဒေသခံနှင့် ရွှေ့ပြောင်းနေထိုင်သူ) ဟု ရိုးရိုးရှင်းရှင်း ခွဲခြားမည့်အစား ဧည့်သည်လား၊ နေထိုင်သူလား ကျွန်တော်တို့ မိမိကိုယ်ကို ခွဲခြားသတ်မှတ်နိုင်ပါသည်။ ကျွန်တော်တို့အသုံးပြုနေသည့် နည်းပညာတိုင်းအတွက် ခွဲခြားသတ်မှတ်ပါသည်။ ကျွန်တော်တို့ သွားရောက်လည်ပတ်သည့် အတိုင်းအတာအရ (အသုံးပြုပြီးနောက်တွင် မည်သည့်ခြေရာလက်ရာမှ မကျန်ရစ်ပါ)၊ နေထိုင်သည့် အတိုင်းအတာအရ (အများမြင်တွေ့နိုင်သည့် ခြေရာလက်ရာ သို့ အွန်လိုင်းပုံရိပ်တစ်ခု) ခွဲခြားသတ်မှတ်ပါသည်။

အချို့က ပိတ်ထားသောအွန်လိုင်းနေရာများတွင် လုပ်ကိုင်ပြီး (ထိုနေရာများသို့ အများပြည်သူ မဝင်နိုင်ဘဲ ခွင့်ပြုထားသော အဖွဲ့ဝင်များသာ ဝင်ရောက်နိုင်သည်) ထိုနေရာတွင် နေထိုင်သည့်သူ ဖြစ်နိုင်သည်။ ယင်းက R scale တွင် နိမ့်သော အဆင့်သတ်မှတ်ချက် တစ်ခုနှင့် ကိုက်ညီသည်။ ထိုသို့မဟုတ်ဘဲ ပို၍ဖွင့်ထားသော နေရာတွင်နေထိုင်သူအဖြစ်သည် (ဥပမာ ထိုသူ၏ ဆောင်ရွက်မှုများအားလုံးကို Google တွင် အမြန်ရှာလိုက်ခြင်းဖြင့် အလွယ်တကူသိရှိနိုင်သည်။) scale ၏ ပိုမြင့်သော အဖျားပိုင်းနှင့် ကိုက်ညီသည်။

ပိတ်ထားသော အစုအဖွဲ့ ဆိုသည်မှာ အဖွဲ့ထဲတွင်ရှိနေသာ မိမိကိုယ်တိုင်နှင့် အဖွဲ့ဝင်များကိုသာ ရှာဖွေတွေ့ရှိပြီး ရှာဖွေရေးအင်ဂျင်မှတစ်ဆင့် အလွယ်တကူ ရှာဖွေ၍မရနိုင်သော သို့မဟုတ် သိသိသာ မမြင်တွေ့နိုင်သော အစုများဖြစ်ပါသည်။ ဥပမာ အဖွဲ့ဝင်များသာ ဝင်ရောက်နိုင်သော ပိတ်ထားသည့် ဖေ့စ်ဘုတ်နှင့် တွစ်တာ အစုအဖွဲ့များနှင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာစာတိုများ ပေးပို့နိုင်သည့် အဖွဲ့အစည်းများဖြစ်သည်။ ထိုနေရာများသည် အခြားသူများကိုတွေ့နိုင်သော၊ အဆက်အသွယ်များ ပြုလုပ်နိုင်သော နေရာများ ဖြစ်နေပါသေးသည်။ သို့သော် အဆိုပါအစုအဖွဲ့များ၏ အဖွဲ့ဝင်တစ်ဦးမဟုတ်လျှင်၊ ထိုပိတ်ထားသောနေရာများသို့ ဝင်ရောက်သည့်နည်းလမ်း မရှိလျှင် ထိုအဖွဲ့ဝင်များကို အွန်လိုင်းတွင် သိသိသာသာ မမြင်နိုင်ပါ။

အတိုင်းအထွာနှစ်ခုရှိသော ပုံကားချပ်

ဒေါင်လိုက်ဝင်ရိုးတစ်ခု ရေးဆွဲလိုက်ပြီး ကျွန်တော်တို့ရဲ့ပုံကို အတိုင်းအထွာနှစ်ခုဖြစ်အောင် လုပ်နိုင်ပါသည်။ ဒေါင်လိုက်ဝင်ရိုး၏ ထိပ်ပိုင်းသည် ကိုယ်ရေးကိုယ်တာဖြစ်သော လုပ်ကိုင်ဆောင်ရွက်မှုများ၊ ပါဝင်ပတ်သက်မှုများနှင့် ကိုက်ညီပြီး အောက်ပိုင်းသည် အလုပ်လုပ်သော သို့မဟုတ် ပညာရှာသော အဖွဲ့အစည်းများနှင့် ဆက်စပ်သည်။ ဒေါင်လိုက်ဝင်ရိုး၏ အောက်ပိုင်းသည် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများ သို့မဟုတ် သင်တန်းများနှင့်လည်း ဆက်စပ်သည်။

လုပ်ဆောင်မှု (၂.၃) မိမိ၏ ပါဝင်ပတ်သက်မှုကိုပုံဖော်ခြင်း

Timing: မိနစ် (၃၀) ခန့် အသုံးပြုပါ။

အခု မိမိ၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သော ပုံကားချပ်တစ်ခုကို ကြိုးစားရေးဆွဲပါ။ ယခုအလုပ်သည် မိမိ၏ လုပ်ဆောင်မှုနှင့် သက်ဆိုင်ပြီး မိမိ မည်သူဆိုသည်နှင့် မသက်ဆိုင်တာကို သတိပြုဖို့လိုပါသည်။ အမျိုးအစား (ဧည့်သည်နှင့် နေထိုင်သူ) နှင့်လည်း မသက်ဆိုင်သလို တခြားတစ်ခုခုထက် ပိုကောင်းသည် ပိုဆိုးသည် ဆိုသည်နှင့်လည်း မသက်ဆိုင်ပါ။ မိမိအသုံးပြုနေသော နည်းပညာများနှင့် မိမိ၏ ပါဝင်ပတ်သက်မှုပုံစံများကို စဉ်းစားရန်သာဖြစ်သည်။

မသေချာသေးပါက သို့မဟုတ် သူ့အတွက်သူ ပုံဆွဲစဉ် Dave White က လုပ်ပုံကိုင်ပုံကို ရှင်းလင်းစွာဖြင့် ရှင်းပြသည်ကို နားထောင်လိုပါက ဒီဗီဒီယိုကိုအောက်ပါလင့်ခ် ကိုနှိပ်၍ ကြည့်ရှုနားထောင်နိုင်ပါသည်။

အောက်တွင် ဖော်ပြထားသောပုံကိုလည်း ကြည့်ရှုနိုင်ပြီး သင့်ကိုယ်ပိုင်ပုံနှင့် နှိုင်းယှဉ်ကြည့်ပါ။

လုပ်ဆောင်မှု (၂.၄) ဘာတွေကို ပြောင်းလဲမလဲ

Timing: မိနစ် (၃၀) ခန့် အသုံးပြုပါ။

မိမိရေးဆွဲထားသောပုံကို စဉ်းစားသုံးသပ်ကြည့်ပါ။ မိမိ၏ ကျင့်သုံးမှုများထဲတွင် ပြောင်းလဲချင်သောအရာတစ်ခုခု ရှိပါသလား။ ဘယ်အရာကို ဆက်လုပ်ချင်ပါသလဲ။ ဘယ်အရာကို ရပ်တန့်ပစ်ချင်ပါသလဲ။

အခု ဒုတိယပတ်ရဲ့ နောက်ဆုံးကို ရောက်ရှိလာပါပြီ။ နောက်တစ်ပတ်တွင် Massive Open Online Courses (MOOCs) ကို လေ့လာသင်ယူစဉ် မိမိ၏ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချခွင့် ရရှိနိုင်လိမ့်မည် ဖြစ်သည်။

အသင့်ဖြစ်ပြီဆိုလျှင် တတိယပတ် ကို သွားကြပါစို့။