Skip to main content
Printable page generated ကြာသပတေး, 18 ဧ 2024, 08:07
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated ကြာသပတေး, 18 ဧ 2024, 08:07

တတိယ သီတင်းပတ်

တတိယပတ်

ယခု ရက်သတ္တပတ်တွင် Massive Open Online Courses (သို့) MOOCs အကြောင်းကို အဓိကထားပြီး ဆွေးနွေးမှာဖြစ်ပါသည်။ မိမိလိုအပ်ချက်များနှင့် ကိုက်ညီသည့် သင်တန်းတစ်ခုကို ဘယ်မှာရှာမလဲ၊ သင်တန်း၏အရည်အသွေးကို ဘယ်လိုအကဲဖြတ်မလဲ ဆိုသည်နှင့် MOOCs ဖြင့် တတ်နိုင်သလောက် အကောင်းဆုံး ဘယ်လိုလေ့လာသင်ယူမလဲ ဆိုသည်တို့ကို သင်ယူရပါမည်။

MOOC ဆိုသည်မှာ အဘယ်နည်း။

တတိယပတ်မှ ကြိုဆိုပါသည်။ ဒီတစ်ပတ်တွင် MOOCs အကြောင်းကိုသင်ယူစဉ် မိမိ၏ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို လက်တွေ့ အသုံးချမည် ဖြစ်ပါသည်။

MOOC ဆိုသည်မှာ Massive Open Online Course ဖြစ်ပြီး ပညာရှင်များ၏ အဆိုအရ

အင်တာနက် ချိတ်ဆက်မှုရ​နေသမျှ ကာလပတ်လုံး မည်သူမဆို၊ မည်သည့်​နေရာမှမဆို တက်ရောက်သင်ယူနိုင်သော လေ့လာသင်ယူသူ မြောက်မြားစွာအတွက် ရည်ရွယ်ဖန်တီးထားသည့် အွန်လိုင်းသင်တန်းတစ်ခု ဖြစ်ပါသည်။ ဝင်ခွင့်အရည်အချင်း သတ်မှတ်မထားဘဲ လူတိုင်းအတွက် ဖွင့်လှစ်ထား​ပြီး အွန်လိုင်းတွင် သင်တန်းအ​တွေ့အကြုံ အပြည့်အဝ သို့မဟုတ် အပြည့်အစုံ​ပေးမည့် အခမဲ့သင်တန်းတစ်ခုဖြစ်သည်။

(Brouns et al., ၂၀၁၄ ခုနှစ်)

MOOC ကိုသတ်မှတ်ထားပုံနှင့် ပတ်သက်၍ ပညာ​ရေးဆိုင်ရာ သု​တေသနပညာရှင်များက ငြင်းခုန်​လေ့ရှိပြီး MOOC စီစဉ်ဖွဲ့စည်းထားပုံကို နားလည်ရန် တခြားပုံစံများရှိပါသည်။ အတွေ့အများဆုံး MOOCs ပုံစံသည် ပါဝင်လုပ်ဆာင်သူ အရေအတွက် မြောက်မြားစွာအထိ e-learning ကိုမြှင့်တင်ပေးပြီး ယင်းတို့ကို xMOOCs များဟု ရည်ညွှန်းလေ့ရှိသည်။  xMOOCs များတွင် ​ဆွေး​နွေးမှုဖိုရမ်များပါဝင်ပြီး မိမိအမြင်များကို တခြားသူများနှင့် ဖလှယ်နိုင်စေသည်၊ လေ့လာသင်ယူမှုကို အတူတကွ ဆွေးနွေးနိုင်စေသည်။ သို့သော် သင်တန်း၏ အဓိကအစိတ်အပိုင်းသည် နည်းပြက လမ်းညွှန်ထိန်းကျောင်းသော သင်ခန်းစာဖြစ်သည်။

xMOOC တစ်ခု၏ လက္ခဏာများမှာ

  • သင်ခန်းစာများတွင် ရုပ်သံစာသားအစုံ ပေါင်းစပ်တင်ဆက်မှု များစွာပါဝင်ပြီး အချိန်တိုတို (၁၀) မိနစ်မှ မိနစ် (၂၀) သာ ကြာမြင့်သည်။
  • သင်ကြားပို့ချမှုများတွင် မေးခွန်းများ ပေါင်းစပ်ထည့်သွင်းထားသည်။
  • သင်တန်းပြီး​လျှင် ကျောင်းသားက သင်ယူပြီး​မြောက်​ကြောင်းလက်မှတ် နှင့်/သို့မဟုတ် အမှတ်တံဆိပ်များ ရရှိမည်။
  • ဆရာက အမှတ်ပေးသော​ အလုပ်တာဝန်များတွင် တင်သွင်းရမည့် သက်မှတ်ရက်ရှိသည်။
  • မတူညီသည့် နောက်ခံ၊ ဘာသာစကားနှင့် ယဥ်​ကျေးမှုအစုံရှိသော ထောင်​သောင်းချီသော ကျောင်းသားများ တက်ရောက်လေ့လာသည်။

MOOC ပုံစံသို့ တခြား အ​ဓိကချဥ်းကပ်မှုကို cMOOC ဟု​ခေါ်သည်။ "c" သည် ​လေ့လာသူများကြား ဆက်သွယ်ခြင်းအ​ပေါ် ပိုမိုအသားပေးမှုကို ဆိုလိုသည်။ ​cMOOCs များအ​ကြောင်း အနည်းငယ် ပိုလေ့လာသိရှိရန် အောက်ပါဗီဒီယိုကို ကြည့်ပါ။

Interactive feature not available in single page view (see it in standard view).

cMOOC တွင် လေ့လာသင်ယူမှု၏ ချိတ်ဆက်သည့် လက္ခဏာကို ရှေ့တန်းတင်ထားသည်။ သင်တန်းတွင် ပါဝင်သူများက ၎င်းတို့၏အဓိပ္ပါယ်ကို ဖန်တီးပြီး ၎င်းတို့၏ ဆက်သွယ်မှုကွန်ယက်ကို တည်ဆောက်ကာ လှည့်ပတ်သွားလာသည်ဖြစ်၍ ယင်းက စီကာစဉ်ကာမဟုတ်သော အတွေ့အကြုံတစ်ခုဖြစ်ကာ အခြေခံအားဖြင့် ပုဂ္ဂလိကပိုင်းဖြစ်ပြီး ဆန္ဒစွဲရှိသည်။

cMOOCs က ကျောင်းသားများကို ကြိုတင်ပြင်ဆင်ထား​သော သင်​ထောက်ကူများ ( ဥပမာ xMOOC မှသင်ထောက်ကူများ) မှ သင်ယူစေခြင်းထက် လေ့လာသင်ယူမှု အသိုက်အမြုံများကို ဖွဲ့စည်းနိုင်စေရန်နှင့် အသိပညာကို တည်ဆောက်နိုင်စေရန် ဘလော့ဂ်၊ ​ဆွေး​နွေးမှုဖိုရမ်များ၊ ဝီကီနှင့် အခြားပလက်ဖောင်းများကို အထူးတလည် အားပြုသည်။

လုပ်ဆောင်မှု (၃.၁) bizMOOC စာအုပ်

Timing: မိနစ် (၃၀) ခန့် အသုံးပြုပါ။

အီးယူက ရန်ပုံငွေ ထောက်ပံ့သော bizMOOC စီမံကိန်း ဖြင့်ဖန်တီးသည့် MOOC စာအုပ်တွင် အနာဂတ် MOOCs နှင့်ပတ်သက်၍ အထောက်အကူဖြစ်သော လမ်းညွှန်ချက်များ ပါဝင်ပါသည်။ MOOCs နှင့် သင်ဖူးသည်ဖြစ်စေ၊ မသင်ဖူးသည်ဖြစ်စေ မိမိ၏ စိတ်ဝင်စားမှုနောက်ကိုလိုက်ပြီး လေ့လာသင်ယူသူများအတွက် လမ်းညွှန်ချက်များ တွင် အမေးအဖြေများကိုလေ့လာကြည့်ပါ။

MOOC သင်တန်းများ တက်ရောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

အခု MOOC ပုံစံအမျိုးမျိုးကို သိရှိပြီးပါပြီ။ ၎င်းတို့သည် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များနှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် မည်သို့ကူညီပေးနိုင်ပါသနည်း။

Matthew Lynch က သူ၏ How a MOOC Can Help You Land Your Dream Job! ဆောင်းပါးတွင် MOOCs က အလုပ်အကိုင်နှင့် မိမိကိုယ်တိုင် ဖွံ့ဖြိုးရေးအတွက် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကို ရေးသားထားသည်။

  1. စွမ်းရည်အသစ်များရရှိခြင်းနှင့် ရရှိပြီးသောစွမ်းရည်များကို မြှင့်တင်ပေးခြင်းကိုယ်ရေးကိုယ်တာအတွက် သို့မဟုတ် အသက်မွေးဝမ်းကြောင်းအတွက် MOOC သင်တန်းများ တက်ရောက်ခြင်း၏ သိသာထင်ရှားသော အကျိုးကျေးဇူးတစ်ခုမှာ မိမိ၏ကျွမ်းကျင်မှုကို မြှင့်တင်ခြင်းဖြစ်သည်။ စွမ်းရည်အသစ်များ ရရှိသည်ဖြစ်စေ၊ ရရှိထားသောစွမ်းရည်များကို မြှင့်တင်သည်ဖြစ်စေ မိမိက အမြဲတမ်း တက်ကြွစွာသင်ယူနေသည်၊ မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်နှင့် ၂၁ရာစု နည်းပညာအပြောင်းအလဲများကို ရင်ဘောင်တန်းနိုင်ရန် ကြိုးစားနေသည်ကို အလုပ်ရှင်များက မြင်တွေ့လိုသည်။ ကျွမ်းကျင်မှုအသစ်တစ်ခု ရရှိရန် သင်တန်းတက်ခြင်းက အလွန်အသုံးဝင်သည့် အခြေအနေတစ်ခုမှာ ထိုကျွမ်းကျင်မှုက သက်ဆိုင်ရာ အတွေ့အကြုံမရှိဘဲ မိမိလိုချင်နေသော အလုပ်အတွက်လိုအပ်သော ကျွမ်းကျင်မှုဖြစ်နေလျှင် ဖြစ်ပါသည်။
  2. လောလောလတ်လတ် ဘွဲ့ရထားသူဖြစ်လျှင်မိမိရရှိခဲ့သောဘွဲ့သည် ရည်မှန်းထားသော အလုပ်အကိုင်အတွက် အရည်အချင်းပြည့်မီသော်လည်း အလုပ်ရမည်၊ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ရန် အဆင်သင့်ဖြစ်မည်ဟု မဆိုလိုပါ။ လိုချင်သောအလုပ်ရရန် လိုအပ်သော အရည်အချင်းကို ပိုင်ဆိုင်ထားကြောင်း၊ ထိုအလုပ်နှင့် သင့်တော်ကြောင်းကို ပြသရမည်ဖြစ်သည်။ လတ်တလော ဘွဲ့ရထားသူများနှင့် အလုပ်အတွေ့အကြုံများသည့်သူများ ပြိုင်ဆိုင်ရသည့်အခါ MOOC သင်တန်းများက ဘွဲ့ရထားသူများ၏ အလုပ်လျှောက်လွှာကို အကောင်းဆုံး မြှင့်တင်ပေးနိုင်သည်။ သင်သည် အလုပ်ထဲတွင် အားသွန်ခွန်စိုက် လုပ်ဆောင်တတ်သူ၊ ကျောင်းပြင်ပစွမ်းရည်များကို ရရှိထားသူ၊ သာမာန် ကောလိပ်ကျောင်းသားမျှသာ မဟုတ်တော့သူ၊ လုပ်ငန်းခွင်ဝင်ရန် အဆင်သင့်ဖြစ်နေသူဖြစ်ကြောင်း အနာဂတ်တွင် အလုပ်ရှင်ဖြစ်လာမည့်သူများကို သက်သေပြနိုင်သည်။
  3. အသက်မွေးဝမ်းကြောင်းအလုပ်ကို မြှင့်တင်ပေးခြင်းမည်သည့်အတွက်ကြောင့် MOOC သင်တန်းများကို အများစု တက်ရောက်ကြသနည်း။ သင်ယူမှုတစ်ခုတည်း မဟုတ်ဘဲ ၎င်းတို့၏လုပ်ငန်းနယ်ပယ်တွင် တိုးတက်မြင့်မားစေသော အခွင့်ရေးများတိုးပွားလာစေရန် MOOCs သင်တန်းများကို တက်ရောက်ကြပါသည်။ MOOCs သင်တန်းတစ်ခုချင်းနှင့် MOOCs အစီအစဉ်တစ်ခုလုံးကို တက်ရောက်ခြင်းဖြင့် ထူးချွန်သည့် ကြီးကြပ်ရေးမှူး (သို့) မန်နေဂျာ ဖြစ်လာနိုင်စွမ်းကို ပြသပါသည်။ လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီတွင် ရာထူးတိုးလိုသောအခါတွင်ဖြစ်စေ (သို့) ကုမ္ပဏီအသစ်၊ အဖွဲ့အစည်းအသစ် တစ်ခုတွင် အလုပ်သစ် ရလိုသောအခါတွင်ဖြစ်စေ စဉ်ဆက်မပြတ်လေ့လာခြင်းနှင့် စွမ်းရည်မြင့်မားရေးသည် မိမိ၏အလုပ်လျှောက်လွှာကို ပို၍ခိုင်မာစေသည်။
  4. လုပ်ငန်းခွင်သုံး ဝေါဟာရများကိုလေ့လာခြင်းအသက်မွေးဝမ်းကြောင်းတစ်ခု (သို့) အရောင်းအဝယ်တစ်ခုကို စတင်လုပ်ကိုင်သူဖြစ်စေ၊ ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူနေလျှင်ဖြစ်စေ ကျွမ်းကျင်မှုရှိစေရန် သင်ယူရုံသာမက လုပ်ငန်းနှင့်သက်ဆိုင်သော ဝေါဟာရများကို သင်ယူခြင်းသည်လည်း အလုပ်လျှောက်လွှာကို မြှင့်တင်ပေးနိုင်သည်။ အင်တာဗျူးများ ဖြေဆိုရန်ရှိပါက ပညာအရည်အချင်းနှင့် အလုပ်အတွေ့အကြုံ မှတ်တမ်းအကျဉ်းတစ်ခုဖြင့်သာ မဟုတ်ဘဲ အလုပ်အပေါ်နားလည်မှု၊ လိုအပ်သော ဘာသာစကားနှင့် အလုပ်အတွက်လိုအပ်သော ကျွမ်းကျင်မှုများဖြင့်ပါ အင်တာဗျူးစစ်ဆေးမည့်သူများ အထင်ကြီးစေဖို့ အသင့်ဖြစ်နေရမည်။ ကောင်းမွန်သော ပညာအရည်အချင်းနှင့် အလုပ်အတွေ့အကြုံ မှတ်တမ်းအကျဉ်းတစ်ခုသည် အင်တာဗျူးဖြေခွင့် ရရှိစေနိုင်သော်လည်း အင်တာဗျူးတွင် မိမိ၏တင်ပြပြောဆိုမှုများကို မိမိကိုယ်တိုင်နားမလည်လျှင် အလုပ်ရှင်များက သတိထားမိလိမ့်မည် ဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနှင့် လုပ်ငန်းသုံး ဝေါဟာရများကို နားလည်ပြီး အလုပ်ကိုရအောင်ယူပါ။
  5. လက်ရှိ လုပ်ငန်းခွင်ပြင်ပတွင် အတွေ့အကြုံများကို မြှင့်တင်နိုင်ခြင်းအသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုတွင် အလုပ်အတွေ့အကြုံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လက်ရှိ လုပ်နေသောနေရာထက် တခြားသောနေရာများတွင် အလုပ်အတွေ့အကြုံ ရှိထားခြင်းက အခြားရာထူးအတွက်လည်း အရည်အချင်းပြည့်မီစေသည်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိ၏အလုပ်ကဏ္ဍ ပြောင်းရာတွင် MOOCs က အထောက်အကူပေးနိုင်သည်။ မိမိက သင်ယူလေ့လာနိုင်သည်၊ မိမိ၏ပညာရေးကို ရှေ့ဆက်ရန် စိတ်ဝင်စားသည်ကို MOOCs ကပြသပြီး ရာထူးနေရာအသစ်တွင် လုပ်ကိုင်နေစဉ်တွင်လည်း မိမိက ဆက်လက်သင်ယူနေမည် ဆိုသည်ကို ရည်ညွှန်းသည်။

လုပ်ဆောင်မှု (၃.၂) ပြန်လည်သုံးသပ်ခြင်း

Timing: မိနစ် (၃၀) ခန့် အသုံးပြုပါ

မိမိ၏အခြေအနေကို အလုပ်အကိုင် ရှုထောင့်နှင့် ကိုယ်ရေးကိုယ်တာ ရှုထောင့်နှစ်ခုလုံးမှ စဉ်းစားပါ။ အထက်ပါ အကျိုးကျေးဇူးများမှ မည်သည်က မိမိအတွက် သင့်တော်သနည်း။ MOOCs ကို မိမိတက်ရောက်သင့်သည့် အကြောင်းအရင်းကိုသုံးသပ်ပြီး လေ့လာသင်ယူမှုမှတ်တမ်းတွင် အနည်းငယ် ရေးသားပါ။

ဘန်ဂျာက အခုလို ပြောပါသည်။

MOOC က ကျွန်တော်ရှာနေတဲ့ဟာ ဖြစ်နိုင်တယ်။ အစားအသောက်ကောင်းကောင်း ချက်တတ်ပေမဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ လုပ်ငန်းပိုင်းကို သိပ်မသိပါဘူး။ စီးပွားရေးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်တွေသင်ပေးတဲ့ MOOC သင်တန်းတက်တာက ကျွန်တော့်အတွက် ကောင်းမယ့်ကိစ္စပဲ။ လက်ရှိအလုပ်မှာလည်း ပိုကောင်းအောင် လုပ်နိုင်လာပြီး အော်ဒါမှာတာနဲ့ ငွေကြေးစီမံခန့်ခွဲမှုမှာ တာဝန်တွေပိုယူလာနိုင်မယ်။ အချက်အပြုတ်ပိုင်းနဲ့ လုပ်ငန်းရဲ့ ငွေကြေးပိုင်းကို ကျွန်တော်ကိုင်တွယ်နိုင်တာ မန်နေဂျာမြင်ရင် ရာထူးတိုးနိုင်မယ်လို့ ထင်ပါတယ်။ ဒါဆို ကျွန်တော့် အသက်မွေးအလုပ်ကို တိုးတက်စေမယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ပုံနဲ့ လုပ်ငန်းသုံး ဝေါဟာရတွေကို နားလည်လာမှာမို့ တစ်နေ့မှာ ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်နိုင်ဖို့ဟာလည်း ပိုနီးလာပါတယ်။

ဆီလျော်ကိုက်ညီသော MOOCs သင်တန်းများကို ရှာဖွေခြင်း

MOOCs သင်တန်းပေါင်း ရာဂဏန်းရှိပါသည်။ မိမိဘယ်မှာ စတင်နိုင်မလဲ။

MOOC List သည် ပညာရေးဝန်ဆောင်မှုပေးသူ၊ အမျိုးအစား၊ ဘာသာစကား၊ တက္ကသိုလ် (သို့) အသိအမှတ်ပြုလက်မှတ် အမျိုးအစားများကို ရှာဖွေနိုင်သော လမ်းညွှန်စာရင်းဖြစ်သည်။ Class Central မှာလည်း ထို့အတူပင်ဖြစ်သည်။ လတ်တလော ရေပန်းစားနေသည့်သင်တန်းများ၊ မကြာမီစတင်တော့မည့် သင်တန်းများ၊ ဖွင့်လှစ်ကာစ သင်တန်းများ၊ ပို့ချဆဲသင်တန်းများနှင့် အနာဂတ် MOOCs သင်တန်းများကို ရှာဖွေနိုင်သည်။ OpenCulture တွင် ကျော်ကြားသော တက္ကသိုလ်အသီးသီးမှ MOOCs သင်တန်းများ ကို စာရင်းပြုစုထားသည်။ စတင်မည့်ရက်စွဲအလိုက် စီစဉ်ထားပြီး မည်သည့်အချိန်တွင်မဆို တက်ရောက်နိုင်သော သင်တန်းများလည်း ပါဝင်သည်။

ဆန္ဒရှိလျှင် အောက်ပါ လူကြိုက်အများဆုံး အင်္ဂလိပ်စကားပြော MOOCs ပလက်ဖောင်းများသို့လည်း တိုက်ရိုက်သွားနိုင်သည်။

သို့မဟုတ် တခြားဘာသာစကားဖြင့် ရရှိနိုင်သည်ကိုလည်း ရှာဖွေနိုင်သည်။ စပိန်၊ အင်္ဂလိပ်၊ တူရကီ၊ ဂျာမန်၊ အီတလီ၊ အာရေဗျ၊ ဂရိ၊ ရုရှားနှင့် အခြား ဘာသာစကားများဖြင့် ဖွင့်လှစ်သောသင်တန်းများကို OpenUpEd တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ European Multiple MOOC Aggregator EMMA သို့လည်း ဝင်ရောက်နိုင်သည်။ EMMA သည် ဥရောပတက္ကသိုလ်များမှ ဘာသာစကားမျိုးစုံဖြင့် အခမဲ့အွန်လိုင်းသင်တန်းများ သင်ကြားပို့ချမှုအတွက် စနစ်တစ်ခုကို ဖြည့်ဆည်းပေးပါသည်။

လုပ်ဆောင်မှု (၃.၃) MOOC ရှာဖွေခြင်း

Timing: မိနစ် (၃၀) ခန့် အသုံးပြုပါ။

အထက်ပါ ပေးထားသော အင်တာနက်လင့်ခ်များသို့ ဝင်ရောက်ပြီး တက်ရောက်နိုင်သော MOOCs သင်တန်းများကို ကြည့်ပါ။ ပထမဆုံး ထင်မြင်ချက်က ဘယ်လိုရှိပါသလဲ။

ဘန်ဂျာက အခုလို ဆိုပါသည်။

ကျွန်တော်က Class Central ဝက်ဘ်ဆိုက်ကို အရင်လေ့လာကြည့်တာပါ။ ဘာသာရပ်တွေကိုကြည့်လိုက်တော့ စီးပွားရေးဘာသာရပ်က စဖို့အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးဘာသာရပ်မှာ ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ အရောင်းမြှင့်တင်မှု စသဖြင့် ကဏ္ဍအသီးသီး ပြန်ခွဲထားတဲ့အတွက် စိတ်ရှုပ်ထွေးပြီး ဘယ်ကစရမှန်းမသိဘူး။ အဲဒါနဲ့ စားသောက်ဆိုင်လုပ်ငန်း ရှုထောင့်ကနေ စီးပွားရေးအကြောင်းကို မိတ်ဆက်ပေးနိုင်တဲ့ သင်တန်းကို လိုအပ်တာပဲလို့ ကျွန်တော်တွေးမိပါတယ်။ အဲသလိုဆိုရင် ကိုယ်နဲ့ရင်းနှီးပြီးသားတွေ ပါတဲ့အတွက် ကိုယ်နဲ့မရင်းနှီးတာကို လေ့လာရာမှာ ပိုပြီးလွယ်ကူစေပါမယ်။ ဒါပေမဲ့ ဒီလိုသင်တန်းမျိုးကို ဘယ်လိုရှာရမလဲ မသေချာခဲ့ဘူး။ ဒါနဲ့ လက်ရှိကိုယ့်လုပ်ငန်းနယ်ပယ်ကို စဉ်းစားကြည့်တော့ အစားအသောက်နဲ့ ဝန်ဆောင်မှုနယ်ပယ် (Hospitality) ဖြစ်ပါတယ်။ အဲဒါနဲ့ Class Central ဝက်ဘ်ဆိုက်မှာ အစားအသောက်နဲ့ ဝန်ဆောင်မှု (Hospitality) ဆိုတာကို ရှာလိုက်ပါတယ်။ အဲဒီအခါမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်တန်းတစ်ခုကိုတွေ့ပါတယ်။ "အချက်အပြုတ်နှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း၏ နိုင်ငံရေးနှင့် သံတမန်ရေး" ဖြစ်ပါတယ်။ FutureLearn မှာတွေ့တာပါ။ ၁ ပတ်ကို ၄ နာရီလေ့လာရမှာဖြစ်ပြီး ၄ ပတ်ကြာမှာ ဖြစ်ပါတယ်။ The Grenoble School of Management နဲ့ the Hotel school of Lausanne တို့က ဖွင့်လှစ်တာပါ။ ဒီ MOOC သင်တန်းက ကျွန်တော်ရှာနေတဲ့ တစ်ခုလုံးလွှမ်းခြုံတဲ့အမြင်ကိုပေးပြီး ကျွန်တော်လိုအပ်နေတဲ့ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှုတွေကို လမ်းပြပေးမယ်လို့ ထင်ပါတယ်။

MOOC ၏အရည်အသွေးကို အကဲဖြတ်ခြင်း။

MOOC သင်တန်းတစ်ခုက ကိုယ်နဲ့သင့်တော်မှု ရှိ၊ မရှိ မည်သို့သိနိုင်မည်နည်း။

ပထမဦးစွာ မိမိဘာကြောင့် MOOC သင်တန်းတက်ချင်သလဲဆိုသည့် ရည်ရွယ်ချက်ပေါ်တွင် များစွာ မူတည်ပါသည်။ ဥပမာ မိမိ၏ စွမ်းရည်များကို မြှင့်တင်ရန် နှင့်/သို့မဟုတ် ပိုကောင်းသော အလုပ်ရရှိရန်ဆိုလျှင် မိမိက အလုပ်တာဝန်မှတ်တမ်းတစ်ခု တည်ဆောက်ရန်လိုသော သင်တန်းတစ်ခုကို ရှာဖွေရန်လိုပါသည်။ ယင်းက အနာဂတ် အလုပ်ရှင်များကို ပြသနိုင်မည့်အရာတစ်ခု ဖြစ်ပါသည်။

MOOC သင်တန်းတစ်ခုကို မတက်ရောက်ခင် သင်တန်း၏အရည်အသွေးကို ဆန်းစစ်ရန်လိုပြီး မိမိလေ့လာချင်သော အကြောင်းအရာများနှင့် ကိုက်ညီရန်လိုပါသည်။ MOOC သင်တန်းတစ်ခု၏ အရည်အသွေးအား ရှာဖွေစစ်ဆေးရန် နည်းလမ်းစွာရှိပါသည်။

  • သင်တန်းအကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ကို ရှာဖွေပါ။ ပါဝင်သည့် သင်တန်းယူနစ်များ၊ ရည်ရွယ်သော လေ့လာရေးပန်းတိုင်များနှင့် ရလဒ်များကို အဆင့်အလိုက် ခွဲခြားဖော်ြပမှု အပါအဝင် ယင်းတိုက မိမိလိုအပ်ချက်နှင့် ကိုက်ညီသလားဆိုသည်ကို စစ်ဆေးရပါမည်။
  • သင်တန်းတွင် ရနိုင်သော သင်ကြားရေး အထောက်အကူပစ္စည်းများကို စစ်ဆေးပါ။ သင်တန်းတွင်ပါဝင်သည့် ဗွီဒီယိုဖိုင်များ၏ အရည်အသွေးမြင့်မားပြီး ဒေါင်းလုဒ် ရယူနိုင်သော သင်တန်းနှင့် သက်ဆိုင်သည့် e-book များနှင့် အခြားအရည်အသွေးမြင့် အထောက်အကူများရှိတာ သေချာရမည်။
  • MOOC ကို စီစဉ်ပံ့ပိုးသူက မည်သူနည်း။ ကျော်ကြားလူသိများသည့် တက္ကသိုလ်တစ်ခု သို့မဟုတ် တခြားစီစဉ်ပို့ချသူထံမှ ဟုတ်ပါသလား။
  • MOOC က အသိအမှတ်ပြု ပလက်ဖောင်းများမှ တစ်ခုတွင် ရှိပါသလား။ ထိုသို့ မလွဲမသွေ ဖြစ်ရမည်မဟုတ်ပါ။ တက္ကသိုလ်များစွာက ကိုယ်ပိုင်ပလက်ဖောင်းများဖြင့် MOOC သင်တန်းများကို သင်ကြားသည့်အတွက် Coursera၊ FutureLearn စသည့် ပလက်ဖောင်းများဖြစ်နေပါက သဘောတူညီထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာပြီးဖြစ်၍ စိတ်ချနိုင်ပါသည်။
  • အုပ်စုလိုက်ဖြစ်စေ တခြားတက်ရောက်သူများနှင့်ဖြစ်စေ အွန်လိုင်း ဆက်သွယ်စကားပြောဆော့ဖ်ဝဲများကို အသုံးပြုပြီး အတူဆွေးနွေးရန်၊ အတွေ့အကြုံများဖလှယ်ရန် အခွင့်အရေးရှိပါသလား။ ဆရာနှင့်ရော အပြန်အလှန်ဆွေးနွေးခွင့်ရပါသလား။ 
  • ဝေဖန်အကြံပြုချက်များနှင့် မိမိတိုးတက်မှုအပေါ် သုံးသပ်မှုတို့ကို စဉ်ဆက်မပြတ် ရရှိပါသလား။
  • အဆိုပါ MOOC သင်တန်းက အသိအမှတ်ပြလက်မှတ်တစ်ခု သို့မဟုတ် သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်တစ်ခု ပေးပါသလား။
  • MOOC က ပုံစံတကျပို့ချသော အစီအစဉ်တစ်ခု၏ ပုံမှန်သင်တန်းများအပေါ် အခြေခံထားလား စစ်ဆေးပါ။
  • အရည်အသွေးဆိုင်ရာ အမှတ်တံဆိပ်တစ်မျိုးမျိုး သို့မဟုတ် အရည်အသွေး အာမခံမှုလုပ်ငန်းစဉ် အထောက်အထားကို ရှာဖွေကြည့်ပါ။

လုပ်ဆောင်မှု (၃.၄) သက်မွေးအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် MOOCs များကိုစုစည်းရှာဖွေခြင်း

Timing: အနည်းဆုံး (၄၅) မိနစ်ခန့် အသုံးပြုပါ။

ပထမပတ်မှ SMART ပန်းတိုင်များကိုပြန်ဖတ်ပါ။ MOOC သင်တန်းတစ်ခု တက်ရောက်ခြင်းက အဆိုပါပန်းတိုင်များကို ရရှိစေမည်လား။ ဒီတစ်ပတ်ရဲ့ "ဆီလျော်ကိုက်ညီသော MOOC သင်တန်းများကို ရှာဖွေခြင်း" တွင်ဖော်ပြခဲ့သော ပလက်ဖောင်းတစ်ခုကို ဝင်ရောက်လေ့လာပြီး မိမိတက်ရောက်ချင်သည့် MOOC သင်တန်းတစ်ခုကိုရွေးချယ်ပါ။ အထက်ပါ အကြံပြုချက်များနှင့်အညီ သင်တန်း၏အရည်အသွေးကို သုံးသပ်ပါ။ အသင့်ဖြစ်လျှင် သင်တန်းက မိမိ၏ SMART ပန်းတိုင်များနှင့် မည်သို့အံဝင်ခွင်ကျဖြစ်သည်ကို စာအနည်းငယ်ရေးပြီး ရှင်းပြပါ။

MOOC သင်တန်းတစ်ခုတွင် အောင်မြင်မှုရရှိခြင်း

SMART ပန်းတိုင်များ ချမှတ်ပြီးပြီ၊ သင်ယူဖို့ရန်လည်း ဆုံးဖြတ်ပြီးပြီ၊ လိုအပ်ချက်နှင့်လည်း ကိုက်ညီသည့် သင်တန်းတစ်ခုကို တွေ့ပြီးပြီ ဖြစ်သည်။ အောင်အောင်မြင်မြင် တက်ရောက်နိုင်ရန် မည်သို့ဆောင်ရွက်မည်နည်း။ 

အောက်ပါ လေ့လာသင်ယူမှုဆိုင်ရာ အကြံပြုချက်များသည် MOOC ကို ပြီးဆုံးသည်အထိ တက်ရောက်ခဲ့သူများထံမှ ကောက်ယူစုဆောင်းထားခြင်း ဖြစ်သည်။

  • တစ်ဦးတည်း မတက်ပါနှင့်။ မိမိ မည်သည့်သင်တန်း တက်နေသည်ကို အခြားသူများအားပြောပြပါ။ ဖြစ်နိုင်လျှင် စာအတူလုပ်မည့် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် (သို့) အင်တာနက်ပေါ်မှ သူငယ်ချင်းကိုပင် ရှာဖွေပါ။
  • စာလုပ်ချိန် သီးသန့်ထားပါ။ စိတ်ချသေချာစေရန် သင်တန်းက သတ်မှတ်သည့်အချိန်ထက် ၂ ဆပိုထားပါ။
  • သင်တန်းများစွာ တပြိုင်တည်း တက်ခြင်းမျိုးကို ရှောင်ပါ။ အမှန်တကယ် တက်နိုင်မည်လားဆိုသည်ကို စစ်ဆေးပါ။
  • သင်တန်းတွင် ဆွေးနွေးမှုဖိုရမ်များပါဝင်ပါက အခြားသင်တန်းသားများနှင့်အတူ ပါဝင်ဆွေးနွေးတာ၊ ဆက်သွယ်မှုရှိတာ သေချာပါစေ။
  • မိမိ၏ လေ့လာသင်ယူမှုကို မှတ်တမ်းလုပ်ထားပါ။ ထို့နောက် ပုံမှန်ပြန်လည်သုံးသပ်ပါ။
  • အလုပ်မှတ်တမ်းတစ်ခု ပေါ်ထွက်လာစေရန် မိမိလုပ်ဆောင်ခဲ့သော သင်တန်းအလုပ်တာဝန်များနှင့် မိိမပါဝင်ခဲ့သော လုပ်ဆောင်မှုများအားလုံး ပါဝင်သည့် ဖိုင်တွဲတစ်ခုကို မိမိကွန်ပျူတာတွင် ဖန်တီးထားပါ။ ကျွမ်းကျင်မှုအသစ်များက မိမိ CV ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။
  • သင်တန်း ဆက်မတက်ဖြစ်သည်မှာ ရှက်စရာ မဟုတ်ပါ။ တစ်ပတ်ကြာပြီးနောက် သင်တန်းသည် မိမိနှင့်မသင့်တော်ဟုထင်ပါက ရပ်တန့်ပြီး မိမိနှင့်သင့်တော်မည့် နောက်သင်တန်းတစ်ခုကို ရှာတက်ပါ။ အချိန်မဖြုန်းပါနှင့်။

လုပ်ဆောင်မှု (၃.၅) မိမိ၏ MOOC လေ့လာမှုဆိုင်ရာ အကြုံပြုချက်များ

Timing: အနည်းဆုံး (၁၅) မိနစ်ခန့် အသုံးပြုပါ။

အထက်ပါစာရင်းတွင် ထပ်ထည့်နိုင်ပါသလား။ အွန်လိုင်းတွင် လေ့လာသင်ယူခြင်းနှင့် ပတ်သက်၍ အကြံပြုချက်များ ရှိပါသလား။ လေ့လာသင်ယူမှု မှတ်တမ်းတွင် ချရေးပါ။

MOOC သင်တန်းအတွေ့အကြုံနှင့် ပတ်သက်ပြီး မွန်မွန်က အောက်ပါအတိုင်း ပြောပါသည်။

"ကျွန်မအကြံပေးချင်တာကတော့ သင်တန်းရဲ့ပထမအချိန်မှာ ဝက်ဘ်ဆိုက်ကို ရင်းနှီးကျွမ်းဝင်သွားအောင် လျှောက်လေ့လာကြည့်ပါ။ ဒါက ယုံကြည်မှုတိုးလာစေပြီး MOOC သင်တန်းမှာ ဘာတွေပါဝင်သလဲ၊ ဘာအထောက်အကူတွေပါသလဲ ဆိုတာကို ပိုသိလာနိုင်ပါတယ်။"

နောက်တစ်ခန်းကို မသွားမီ နောက်ထပ် အကြုံပြုချက်တစ်ခုရှိသည်။ အွန်လိုင်းမှဖြစ်စေ၊ သမားရိုးကျဖြစ်စေ အောင်မြင်သော လေ့လာသင်ယူသူတစ်ယောက်ဖြစ်ဖို့ အချိန်ဆွဲသည့် စိတ်အနှောက်အယှက်ဖြစ်ဖွယ် အခြေအနေကို မကြာခဏဆိုသလို ရင်ဆိုင်ရမည်ဖြစ်သည်။ Oakland University ၏ အင်ဂျင်နီယာဘာသာရပ် ပါမောက္ခနှင့် Learning How To Learn ကို ပူးပေါင်ဖန်တီးသူဖြစ်သည့် Barbara Oakley ၏ တကယ်တမ်း ကြည့်မနေရမည့်အရာတစ်ခုကို မိမိကြည့်နေသည့်အချိန်ကို မည်သို့ကိုင်တွယ်မည်နည်း အပါအဝင် ထိရောက်စွာ လေ့လာသင်ယူနည်းအကြောင်းကို အောက်ပါလင့်ခ်တွင် ဝင်ကြည့်နိုင်သည်။

Interactive feature not available in single page view (see it in standard view).

ဒစ်ဂျစ်တယ် လုပ်သားအင်အားစုအတွက် MOOCS နှင့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ

သူ၏ What Are the Required Skills for Today’s Digital Workforce? ဆိုသည့် ဘလော့ဂ်ဆောင်းပါးတစ်ပုဒ်တွင် သူယူဆသည့် ကျွမ်းကျင်မှုများက "ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ အများကြီးပိုပြီးတော့ အရှည်တည်တံ့နိုင်ပြီး အဓိပ္ပာယ်ရှိတဲ့နည်းလမ်းနဲ့ အလုပ်လုပ်ဖို့ မရှိမဖြစ်လိုအပ်တယ်" ဟု Dion Hinchcliffe က ရေးပါသည်။ အဆိုပါကျွမ်းကျင်မှုများကို အောက်ပါပုံတွင် ဖော်ပြထားသည်။

ကျွမ်းကျင်မှုတစ်ခုချင်းစီကို အသေးစိတ်သိရှိလိုပါက ဆောင်းပါးအပြည့်အစုံကို ဖတ်နိုင်ပါသည်။ ဤနေရာတွင် အလေးထားပြောချင်သည့် အချက်မှာ အလုပ်သမားများနှင့် လေ့လာသင်ယူသူများသည် မကြာခဏ လမ်းချင်းဆုံတတ်ပြီး ၂၁ ရာစု လုပ်သားအင်အားစု၏ ကျွမ်းကျင်မှုများသည် MOOC သင်တန်းတစ်ခုကို အောင်မြင်စွာ ပြီးဆုံးနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများပင် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းက အဓိကဖြစ်ပါသည်။ များသောအားဖြင့် မိမိတစ်ဦးတည်း သင်ယူချင်လျှင်တောင် ပိုမိုချိတ်ဆက်လာနေသော ကမ္ဘာကြီးတွင် ကျွန်တော်တို့ နေထိုင်နေတာ ဖြစ်ပါသည်။ အခြားသူများနှင့်ချိတ်ဆက်၊ မျှဝေခြင်းသည် မိမိ၏ အွန်လိုင်းပုံရိပ်၏ အစိတ်အပိုင်း ဖြစ်လာပါသည်။

လာမည့် အခန်းနှစ်ခန်းတွင် တခြားသူများနှင့် ချိတ်ဆက်နိုင်ရန် မိမိ၏ အလုပ်အကိုင်ဆိုင်ရာ အွန်လိုင်းပုံရိပ်ကို ဖန်တီးသည်ဖြစ်၍ မိမိ၏ အွန်လိုင်းတည်ရှိမှုအား တည်ဆောက်သည့်အလုပ်ကို လုပ်ဆောင်ပါမည်။

Europass CV

Europass ဆိုသည်မှာ လူအများကို ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် အသိအမှတ်ပြုလက်မှတ်များကို ဥရောပတွင် လွယ်ကူရှင်းလင်းစွာ နားလည်အောင်ကူညီရန် ရည်ရွယ်သော ဥရောပသမဂ္ဂ၏ စီမံချက်တစ်ခုဖြစ်သည်။ ဥရောပသမဂ္ဂမှမဟုတ်ဘဲ မြန်မာနိုင်ငံသားပင်ဖြစ်လင့်ကစား ယခုစုစည်းထားသော စာရွက်စာတမ်းများ၏ အကျိုးကျေးဇူးကို ရနိုင်ပါသေးသည်။

ပြည်တွင်းတွင် အလုပ်လျှောက်သည်ဖြစ်စေ၊ ပြည်ပတွင် သွားရောက်လုပ်ကိုင်ရန် အလုပ်လျှောက်သည်ဖြစ်စေ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ပညာဆက်သင်ရန် သို့မဟုတ် သင်တန်းတက်ရန် စီစဉ်နေသည်ဖြစ်စေ Europass က မိမိ၏စွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို ဖော်ပြနိုင်စေမည့် စုစည်းထားသော စာရွက်စာတမ်း (၅) ခုကို အခမဲ့ ဖြည့်ဆည်းပေးပါသည်။ ယခုသင်တန်းတွင် အဆိုပါစာရွက်စာတမ်းများမှ တစ်ခုကို ညွှန်ပြပေးလိုက်သည် - Curriculum Vitae (ကိုယ်ရေးရာဇဝင်) ဖြစ်ပါသည်။

Curriculum Vitae (ကိုယ်ရေးရာဇဝင်)

CV တစ်စောင်တွင် မည်သည့်အရာများ ပါရမည်ကို သိပါသလား။ မတူသောအပိုင်းများကို မည်သို့ စီစဉ်နေရာချသလဲ။ Cover Letter (မိတ်ဆက်စာ) တစ်စောင်တွင် မည်သည့်အကြောင်းအရာများကို ရည်ညွှန်းသင့်သလဲ။ Europass က ထိုမေးခွန်းများအပြင် တခြားမေးခွန်းများစွာကို ဖြေဆိုပေးထားပါသည်။ အောက်တွင် လင့်ခ် ၃ ခုရှိပါသည်။ ‘Create your CV’ က မိမိ၏ကိုယ်ပိုင် CV ကို ပြင်ဆင်ဖန်တိးနိုင်စေမည့် အွန်လိုင်းအယ်ဒီတာဆီ ခေါ်သွားပါလိမ့်မည်။ မတူသော နယ်ပယ်များ (ကိုယ်ရေးအချက်အလက်၊ ပညာရေးနှင့် သင်တန်း၊ လုပ်ငန်းအတွေ့အကြုံ စသဖြင့်) ကို ဖြည့်ရုံသာဖြစ်သည့်အတွက် အသုံးပြုရလွယ်ကူပါသည်။ ထို့နောက် save ကိုနှိပ်ပါ။ မိမိ၏ကျွမ်းကျင်မှုများကို ဖြည့်သည့်အခါ မိမိ၏ စွမ်းဆောင်ရည်များကို ကိုယ်တိုင် အကဲဖြတ်ခိုင်းပါလိမ့်မည်။ ဥပမာ ဒုတိယဘာသာစကားတစ်ခု တတ်မြောက်ထားပါက နားထောင်မှုစွမ်းရည်၊ နားလည်မှုစွမ်းရည် သို့မဟုတ် အပြောစွမ်းရည် စသည်တို့ကို ဖော်ပြထားသည့်စာရင်းမှ တတ်ကျွမ်းမှုအဆင့်ကိုလိုက်ပြီး ရွေးချယ်ပေးရန်လိုပါသည်။

အွန်လိုင်း CV တွင် အချက်အလက်များကို မဖြည့်မီ "ဥပမာများ" စာမျက်နှာနှင့် "ပုံစံချထားပြီးသား နမူနာများနှင့်လမ်းညွှန်ချက်များ စာမျက်နှာအား ဝင်ရောက်လေ့လာရန်အကြံပြုပါသည်။ ထိုစာမျက်နှာများကို မြန်မာဘာသာစကား မပါဝင်သော်လည်း ဘာသာစကား ၂၉ မျိုးဖြင့် ရေးသားထားကာ မိမိ CV တွင် ထည့်သွင်းသင့်သည့် အင်မတန် အသေးစိတ်သော အချက်အလက်များ ပါဝင်ပါသည်။

LinkedIn

မိမိ၏ အွန်လိုင်းတည်ရှိမှုကို တည်ဆောက်ပြီး မိမိ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် သက်မွေးပညာတိုးတက်မှုကို မြှင့်တင်သည့်အနေဖြင့် ယခုသင်တန်းမှ ကျွမ်းကျင်မှုများနှင့် ပညာကို ဆက်လက်တိုးတက်လိုသည့် စိတ်ဆန္ဒပြင်းပြလျှင် LinkedIn ကဲ့သို့ ကျယ်ပြောသော သက်မွေးပညာကျွမ်းကျင်သူများ၏ ကွန်ရက်တစ်ခုတွင် အဖွဲ့ဝင်ဖြစ်နေသင့်သည်။ LinkedIn က အခွင့်အလမ်းများ ရှာဖွေရန်နှင့် မိမိတွင်ရှိသော ကျွမ်းကျင်မှုများကိုပြသရန် အကောင်းဆုံး အခွင့်အလမ်းများကို ပေးပါသည်။

အောက်ဖော်ပြပါဗီဒီယို (၂)ခုတွင် LinkedIn အကြောင်းနှင့် စတင်အသုံးပြုပုံတို့ကို ကြည့်နိုင်သည်။ ယင်းတို့ကိုကြည့်ရှုခြင်းဖြင့် မိမိ၏ သက်မွေးပညာကျွမ်းကျင်သူ ကိုယ်ရေးအကျဉ်းကို ထိုဗီဒီယိုများက မည်သို့မည်ပုံ မြှင့်တင်ပေးနိုင်မည်ကို စဉ်းစားမည် ဖြစ်ပါသည်။

LinkedIn ဆိုတာဘာလဲ

မိမိ၏ အွန်လိုင်းတည်ရှိမှုကို တည်ဆောက်ပြီး မိမိ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် သက်မွေးပညာတိုးတက်မှုကို မြှင့်တင်သည့်အနေဖြင့် ယခုသင်တန်းမှ ကျွမ်းကျင်မှုများနှင့် ပညာကို ဆက်လက်တိုးတက်လိုသည့် စိတ်ဆန္ဒပြင်းပြလျှင် LinkedIn ကဲ့သို့ ကျယ်ပြောသော သက်မွေးပညာကျွမ်းကျင်သူများ၏ ကွန်ရက်တစ်ခုတွင် အဖွဲ့ဝင်ဖြစ်နေသင့်သည်။ LinkedIn က အခွင့်အလမ်းများ ရှာဖွေရန်နှင့် မိမိတွင်ရှိသော ကျွမ်းကျင်မှုများကိုပြသရန် အကောင်းဆုံး အခွင့်အလမ်းများကို ပေးပါသည်။

အောက်ဖော်ပြပါဗီဒီယို (၂)ခုတွင် LinkedIn အကြောင်းနှင့် စတင်အသုံးပြုပုံတို့ကိုကြည့်ရှုနိုင်သည်။ ယင်းတို့ကိုကြည့်ရှုခြင်းဖြင့် မိမိ၏ သက်မွေးပညာကျွမ်းကျင်သူ ကိုယ်ရေးအကျဉ်းကို ထိုဗီဒီယိုများက မည်သို့မည်ပုံ မြှင့်တင်ပေးနိုင်မည်ကို စဉ်းစားမည် ဖြစ်ပါသည်။

Interactive feature not available in single page view (see it in standard view).
LinkedIn ကိုစတင်အသုံးပြုရန် အကောင်းဆုံး လမ်းညွှန်ချက်များ
Interactive feature not available in single page view (see it in standard view).

LinkedIn ကို အွန်လိုင်း CV တစ်ခုဟု နားလည်လေ့ရှိသည်။ ယင်းက CV တစ်ခုမျှ ပြည့်စုံအသေးစိတ်သင့်ပြီး ပြောင်းလဲနေသော အချက်အလက်အသစ်များလည်း ထည့်သွင်းထားသင့်သည်။ မိမိ၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နှင့်ပတ်သက်၍ LinkedIn က ကူညီပေးနိုင်သည့် အခြားနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည်။

  • မိမိနှင့် အလုပ်အကိုင်တူသော သို့မဟုတ် လုပ်ငန်းနယ်ပယ်တူသော အခြားသူများနှင့်ဆက်သွယ်နိုင်ခြင်း။
  • အလုပ်အကိုင်များကို ရှာဖွေနိုင်ခြင်း။
  • သက်မွေးပညာ ကျွမ်းကျင်သူများ၏ အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနိုင်ခြင်း။
  • အခြားသူများမှတစ်ဆင့် အဆက်အသွယ်များကို ရှာဖွေနိုင်ခြင်း။

ကုမ္ပဏီများနှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှလည်း ဝန်ထမ်းများ ရွေးချယ်ခန့်ထားရန် LinkedIn ကို အသုံးပြုကြသည်။ သူတို့လိုအပ်သော အဓိကစကားလုံးများကိုသာ အသုံးပြု၍ ရှာဖွေကြမည်ဖြစ်၍ မိမိ၏ ကိုယ်ရေးအကျဉ်းထဲတွင် ယင်းစကားလုံးများကို ထည့်သွင်းရေးသားထားရန် အရေးကြီးပါသည်။ ဝန်ထမ်းရှာဖွေသူများက ရှာနိုင်ခြေရှိသော စကားလုံးများကို စဉ်းစားပါ။ သေချာမသိပါက အလုပ်ကြော်ငြာစာ (သို့) အလုပ်ဖော်ပြချက်များတွင် ပါရှိသည့် လိုအပ်သော အရည်အချင်းများကို ရှာဖွေမှတ်သားပါ။

လုပ်ဆောင်မှု (၃.၆) LinkedIn ကိုယ်ရေးအကျဉ်းတစ်ခု ဖန်တီးခြင်း။

Timing: မိမိလိုသလောက် အချိန်ယူနိုင်သည်

LinkedIn တွင် profile (ကိုယ်ရေးအကျဉ်း) မရှိပါက တစ်ခုဖွင့်ထားသင့်ပေသည်။  LinkedIn တွင် profile တစ်ခုကို မည်သို့ပြုလုပ်ရမည်နည်း က သင့်ကို အခြေခံအားဖြင့် ကူညီပေးပါလိမ့်မည်။

LinkedIn profile နှင့်ပတ်သက်၍ ဇင်မင်းသန့်က အခုလိုပြောပါသည်။

"LinkedIn မှာ သက်မွေးအလုပ်အကိုင်နဲ့ ပတ်သက်လို့ ပိုပြီးဖော်ပြဖို့ လိုခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ လွန်ခဲ့တဲ့ နှစ်အတော်များများကတည်းက ကိုယ့်နာမည်နဲ့ ကိုယ်ရေးအကျဉ်း ဖွင့်ထားပေမဲ့ အသစ်တွေမဖြည့်မိဘူး။ အခုတော့ လုပ်ငန်းတိုးချဲ့တာကို အဓိကထားချင်တယ်။ အလုပ်အပ်ချင်သူတွေက ကျွန်တော့်အကြောင်း လာကြည့်နိုင်တဲ့နေရာတွေဲထဲကတစ်ခု LinkedIn ပဲလို့ ကျွန်တော်ထင်တယ်။ အဲဒါကြောင့် လုပ်ငန်းအတွေ့အကြုံတွေကို LinkedIn profile မှာ အသစ်ပြန်ဖြည့်ခဲ့ပြီး သက်ဆိုင်ရာကျွမ်းကျင်မှုနဲ့ အောင်မြင်မှုတွေကို အသားပေးဖော်ပြထားခဲ့ပါတယ်။ အလုပ်အပ်ချင်သူတွေ ဆက်သွယ်နိုင်အောင်လည်း ပြင်စရာရှိတာတွေ ပြင်ခဲ့ပါတယ်။

အခု တတိယပတ်ရဲ့ အဆုံးကို ရောက်ရှိလာပါပြီ။ ကန့်သတ်မထားသော ရှုထောင့်တစ်ခုမှ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို စူးစမ့်လေ့လာရန် စတုတ္ထပတ် ကို ဆက်သွားပါ။