Skip to main content
Printable page generated သောကြာ 21 နိုဝင်ဘာ 2025 at 08:27
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2025 The Open University, all rights reserved.
Printable page generated သောကြာ 21 နိုဝင်ဘာ 2025 at 08:27

စတုတ္ထပတ်

စတုတ္ထပတ်

ယခုတစ်ပတ်တွင် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို ကန့်သတ်မထားသော ရှုထောင့်မှ လေ့လာပါမည်။ ပြန်ပေါင်းစပ်ခြင်းနှင့် Creative Commons လိုင်စင်များအကြောင်း လေ့လာကာ meme တစ်ခုကို စမ်းသပ်ဖန်တီးနိုင်မည် ဖြစ်သည်။

ပြန်ပေါင်းစပ်ခြင်း (Remix) နှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု၏ မရှိမဖြစ် အစိတ်အပိုင်းများ

သင်တန်း၏ နောက်ဆုံး ရက်သတ္တပတ်မှ ကြိုဆိုပါသည်။ ယခင် ရက်သတ္တပတ်များတွင် မိမိ၏လေ့လာသင်ယူပုံ၊ အင်တာနက်ဝက်ဘ်ကို အသုံးပြုပုံနှင့် အွန်လိုင်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လိုအပ်သောကျွမ်းကျင်မှုများ စသည်တို့ကို ပြန်သုံးသပ်ခွင့်ရခဲ့ပြီး MOOCs များအကြောင်းကို လေ့လာခဲ့ပါသည်။ သင်တန်း၏ ယခုနောက်ဆုံးအပိုင်းတွင် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုဆိုင်ရာ အယူအဆကို ကန့်သတ်မထားသော ရှုထောင့်တစ်ခုမှ လေ့လာသွားပါမည်။

အောက်ပါဗီဒီယိုသည် TEDxWarwich 2012 တွင် open educational thinker Doug Belshaw ၏ ပြောကြားချက်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု၏ ဗဟိုချက်တွင် remix အယူအဆကို နေရာချထားသည်ကို ကြည့်ရှုလေ့လာပါ။ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုသည် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများသာမက ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတွင် နေထိုင်ခြင်း၊ သင်ယူလေ့လာခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို အထောက်အကူပြုသော စွမ်းဆောင်ရည်များ ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုသည် ဒစ်ဂျစ်တယ်အခြေအနေတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွှေ့နိုင်သော ကျွန်တော်တို့တွင်ရှိသည့် ဒစ်ဂျစ်တယ် အသိပညာ၊ အတတ်ပညာပင် ဖြစ်ပါသည်။ သို့ဖြစ်၍ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုသည် တသက်တာ လုပ်ဆောင်ရမည့်စီမံကိန်း ဖြစ်ပါသည်။

Interactive feature not available in single page view (see it in standard view).

Remix (ပြန်ပေါင်းစပ်ခြင်း) သည် အင်တာနက်ဝက်ဘ်ပေါ်တွင် ရယူနိုင်သော အရင်းအမြစ်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိ ဟု မှတ်ယူသည့်အခါ အောက်ဖော်ပြပါတို့နှင့်အတူ အဓိပ္ပါယ်ဖွင့်ဆိုသည့် လုပ်ဆောင်မှုငါးခုအနက် တစ်ခုဖြစ်သည်။

  1. ဆက်လက် ထိန်းသိမ်းခြင်း (Retain) - အကြောင်းအရာ မိတ္တူများကို ဖန်တီးခွင့်၊ ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့် (ဥပမာ - ဒေါင်းလုဒ်ပြုလုပ်ခြင်း၊ ပုံတူပွားခြင်း၊ သိမ်းဆည်းခြင်း၊ စီမံခြင်း)
  2. ပြန်လည်အသုံးပြုခြင်း (Reuse) - အကြောင်းအရာများကို အမျိုးမျိုးအဖုံဖုံ အသုံးပြုခွင့်ရှိခြင်း။ (ဥပမာ - စာသင်ခန်းထဲတွင်၊ လေ့လာရေး အစုအဖွဲ့တွင်၊ ဝက်ဘ်ဆိုက်တွင်၊ ဗီဒီယိုထဲတွင်)
  3. ပြန်လည်ပြုပြင်ခြင်း (Revise) - လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခွင့်၊ အနည်းငယ် ပြောင်းလဲခွင့်၊ တစိတ်တပိုင်း ပြုပြင်ခွင့် (သို့) အကြောင်းအရာ ကိုယ်၌ကိုယ် ပြောင်းလဲခွင့် (ဥပမာ - အကြောင်းအရာကို အခြားဘာသာစကားသို့ ဘာသာပြန်ဆိုခြင်း)
  4. ပြန်ပေါင်းစပ်ခြင်း (Remix) - အသစ်တစ်ခု ဖန်တီးရန် မူရင်း သို့မဟုတ် ပြုပြင်ထားသော အကြောင်းအရာကို အခြားအရာများနှင့် ပေါင်းစပ်ခွင့် (ဥပမာ - အကြောင်းအရာကို အစိတ်အပိုင်းများစွာ၏ အရောအနှောတစ်ခုတွင် ထည့်သွင်းခြင်း)
  5. ပြန်လည်ဖြန့်ဖြူးခြင်း (Redistribute) - မူရင်းအကြောင်းအရာ၏ မိတ္တူများ၊ မိမိ၏ ပြင်ဆင်တည်းဖြတ်ထားမှုများ သို့မဟုတ် မိမိ၏ တခြားအရာများနှင့် ပြန်ပေါင်းစပ်ထားမှုများကို မျှဝေခွင့် (ဥပမာ - မိတ်ဆွေတစ်ဦကို အကြောင်းအရာ မိတ္တူတစ်ခုပေးခြင်း)

ယင်းတို့မှာ 5Rs ခွင့်ပြုချက်များ ဖြစ်သည်

လုပ်ဆောင်မှု (၄.၁)။ ။ မိမိ၏ 5Rs

Timing: အနည်းဆုံး (၁၅) မိနစ်ခန့် အသုံးပြုပါ

မိမိကိုယ်တိုင် လုပ်ဆောင်ထားသည်ကို စဉ်းစားကြည့်ပါ။ R များထဲမှ မည်သည့်အရာကို ပြုလုပ်သနည်း။ အတွေ့အကြုံ (သို့) ဥပမာများ ရှိပါသလား။

နောက်အခန်းများတွင် ပြန်ပေါင်းစပ်ခြင်း အယူအဆကိုလေ့လာရန် လုပ်ဆောင်မှုနှစ်ခုကို တင်ပြထားပါသည်။ ယင်းမတိုင်မီ တားမြစ်ကန့်သတ်ချက်မရှိသော လိုင်စင်အကြောင်းကို လေ့လာရန် လိုပါသည်။

ဘန်ဂျာက သူ့အလုပ်ကို မျှဝေတာနှင့်ပတ်သက်၍ အခုလိုပြောပါသည်။

"ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင် ချက်ပြုတ်နည်းတွေ ဖန်တီးထားတယ် အထူးသဖြင့် ရှမ်းအစားအစာတွေပေါ့။ ပြီးတော့ ဖေ့စ်ဘွက်ပေါ်မှာ တင်တယ်။ တခြားလူတွေက ကျွန်တော့်ချက်နည်းကို ပြန်သုံးပြီး ပြန်ပြင်ကြတာကို ကျွန်တော် သဘောကျပါတယ်။ တစ်ခါတလေ စားဖိုမှူးမှာ လိုအပ်တဲ့ပစ္စည်းအားလုံး မရှိတဲ့အခါ တီထွင်ကြံဆပြီး အစားထိုးချက်ပြုတ်ရလေ့ရှိပါတယ်။ ဒါက အချက်အပြုတ်ရေးရာမှာ တိုးတက်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။"

Creative Commons လိုင်စင်များအကြောင်း

အွန်လိုင်းပေါ်ရှိအရာတစ်ခုကို အွန်လိုင်းပေါ်တွင်ရှိနေသဖြင့် လွတ်လပ်စွာသုံးစွဲခွင့်ရှိသည်ဟု များသောအားဖြင့် ထင်တတ်ကြသည်။ တကယ်ရော ဟုတ်ပါသလား။ အင်တာနက်ဝက်ဘ်ပေါ်တွင် တင်ထားသော အရင်းအမြစ်တစ်ခုကို မိမိ၏ ရှင်းလင်းတင်ပြမှု (သို့) အစီရင်ခံတွင် ယူသုံးရန် တင်ထားသူထံ ခွင့်ပြုချက် တောင်းလေ့ရှိပါသလား။ များသောအားဖြင့် တောင်းလေ့မရှိပါ။ ထို့ကြောင့် Creative Commons လိုင်စင်များ ရှိနေတာ ဖြစ်ပါသည်။ ထိုလိုင်စင်များသည် ရေးသားသူများက မူပိုင်ခွင့်ကို ထိန်းသိမ်းထားစဉ် အရင်းအမြစ်တစ်ခုကို မိမိအား မည်သို့သုံးစွဲစေချင်သည်ကို အတိအကျ သိရှိစေသည်။ FOTER ၏ How to Attribute Creative Commons Photos မှ သင့်တော်သလို ပြုပြင်ထားသော အောက်ပါပုံတွင် လိုင်စင်တစ်ခုစီ၏ ခွင့်ပြုပုံများကို လေ့လာနိုင်သည်။

ဤနေရာ တွင် ပုံအကြီးကို ကြည့်နိုင်သည်။

ထိုလိုင်စင်များကို ပေါင်းစပ်နိုင်ပါသည်။ ဥပမာ - ဤစာပိုဒ်၏ အထက်တွင် ပြန်ဖန်တီးထားသောပုံကို CC BY-SA လိုင်စင်ဖြင့် ထုတ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မူရင်းရေးသားသူကို အသိအမှတ်ပြု ဖော်ပြခြင်း၊ တူညီသော သဘောတူခွင့်ပြုချက်နှင့်အညီ မျှဝေခြင်းကို ပြုလုပ်နေသရွေ့ ဤသင်တန်းတွင် ပြန်လည်အသုံးပြုနိုင်သည်။ ရေးသားသူသည် အရင်းအမြစ်ကို သင့်တော်သလို ပြုပြင်ခြင်း (မူရင်းပုံ မှ ဖြတ်ယူထားသည်ကို သတိပြုပါ) သို့မဟုတ် စီးပွားဖြစ် အသုံးပြုခြင်းအတွက် မည်သည့်ကန့်သတ်ချက်မှ ဖြည့်စွက်မထားပါ။

သင့်တော်သလို ပြုပြင်ခွင့်ပေးထားသော အရင်းအမြစ်များသာလျှင် အမှန်တကယ် တားမြစ်ပိတ်ပင်မထားသည်ကို နားလည်ရန် အရေးကြီးပါသည်။ အောက်ပါပုံကို Paul Stacey မှ ဖန်တီးထားပြီး No-Derivatives (CC-ND) လိုင်စင်ပါရှိသော အရင်းအမြစ်တစ်ခုဖြစ်သည်။ ထိုလိုင်စင်က မည်သည့်အပြောင်းအလဲမှ လုပ်ခွင့်မပြုပါ။ ထို့ကြောင့် တားမြစ်ပိတ်ပင်မှုရှိသည်။

Meme များ

The Oxford Dictionary of English က meme ကို ယခုလို အဓိပ္ပာယ်ဖွင့်ဆိုသည်။

meme ဆိုသည်မှာ "အင်တာနက်သုံးစွဲသူများက ရယ်စရာကောင်းအောင် ပြောင်းလဲမှုအနည်းငယ်စီပြုလုပ်၍ အချိန်တိုအတွင်း ကူးယူဖြန့်ဝေလိုက်သော ရုပ်ပုံတစ်ခု၊ ဗီဒီယိုဖိုင်တစ်ခု (သို့) စာတစ်လုံးစ နှစ်လုံးစ" ဖြစ်သည်။

အစောပိုင်းကကြည့်ခဲ့သည့် ဗီဒီယိုတွင် Doug Belshaw က meme များသည် စိတ်ကူးများကိုချဲ့ထွင်ပြီး စိတ်မှာ ထင်ကျန်နေစေသည်" ဟု ပြောပါသည်။ ပုံများကိုပေါင်းစပ်ခြင်းက အနည်းဆုံးတော့ ယဉ်ကျေးမှု၊ ပေါင်းသင်းဆက်ဆံမှုနှင့် ဖန်တီးမှုများဖြစ်သည့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုတချို့ကို သင့်အနေဖြင့် ဖော်ပြနိုင်သည်ဟု ၎င်းကဆိုပါသည်။ သို့သော် meme အားလုံး ရယ်စရာဖြစ်နေရန် မလိုပါ။ လူမှုရေးအခန်းကဏ္ဍတွင် (သို့) ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်း အရောင်းမြှင့်တင်ရေး နည်းဗျူဟာတစ်ခု၏ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်သည်။ အောက်ပါ ဥပမာတချို့ကို လေ့လာကြည့်ပါ။

နောက်အဆင့်တွင် ပုံများကိုပြန်ပေါင်းစပ်ပြီး ကိုယ်ပိုင် meme တစ်ခုဖန်တီးပါ။

meme တစ်ခု ဖန်တီးခြင်း

လုပ်ဆောင်မှု (၄.၃) meme တစ်ခု ဖန်တီးခြင်း
Timing: အနည်းဆုံး (၄၅) မိနစ်ခန့် အသုံးပြုပါ။

၁။ Flickr ထဲဝင်၍ မိမိသုံးချင်သောပုံကိုရှာပါ။ ၎င်းပုံကို ပေါင်းစပ်ဖန်တီးမှာ ဖြစ်သောကြောင့် အသုံးပြုမည့်ပုံသည် သင့်တော်သလို ပြုပြင်ခွင့်ပြုသည့် Creative Common လိုင်စင်အရ ရယူနိုင်ဖို့လိုသည်ကို မမေ့ပါနှင့်။ အောက်တွင်ပြထားသည့်အတိုင်း ရှာတွေ့သည့်ပုံများကို လိုင်စင်ဖြင့် ခွဲခြားစစ်ထုတ်နိုင်သည်။

Unsplash တွင်လည်း အခမဲ့ ပုံများ ရှာဖွေအသုံးပြုနိုင်သည်။ 

၂။ meme တစ်ခုဖန်တီးရန် ကူညီပေးသည့် အွန်လိုင်းဆော့ဖ်ဝဲနှင့် မိုဘိုင်းအပ္ပလီကေးရှင်းများ များစွာရှိပါသည်။ မိမိနှစ်သက်သည်ကို ရွေးချယ်နိုင်သည်။ သို့သော် လွယ်ကူရှင်းလင်းရန်နှင့် မိမိကိုယ်ပိုင်ပုံသာမက ၎င်းတို့ထံမှပုံများကိုလည်း ရှာဖွေနိုင်သောကြောင့် ယခုလုပ်ဆောင်မှုအတွက် အခမဲ့ meme ဖန်တီးနိုင်သည့်ဆော့ဖ်ဝဲ ကန်ဗာ ကိုအသုံးပြုရန် အကြံပြုပါသည်။ အသုံးပြုရ အလွန်လွယ်ကူပါသည်။ ပြထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်လုပ်ကာ အသင့်ဖြစ်ပါက သင်၏ meme ကို ကွန်ပျူတာထဲသို့ ဒေါင်းလုဒ် ရယူရုံသာဖြစ်သည်။

အွန်လိုင်းဆော့ဖ်ဝဲတစ်ခုကို မဖြစ်မနေအသုံးပြုရန် မလိုအပ်တာကိုလည်း သတိပြုပါ။ ဥပမာ - PowerPoint သုံးနိုင်လျှင်လည်း အဆင်ပြေပါသည်။ Slide တစ်ခုတွင် ပုံတင်၊ စာထည့်ပြီး စိတ်တိုင်းကျသည်အထိ စီစဉ်နေရာချပါ။

မွန်မွန်၏ Meme ဖြစ်ပါသည်။

နောက်ဆုံးမှတ်ချက်

ယခု သင်တန်း၏အဆုံးကို ရောက်လာပါပြီ။ ယခု လေးပတ်တာကာလအတွင်း ကျွန်တော်တို့နှင့်အတူ လေ့လာသင်ယူခဲ့ခြင်းအတွက် ကျေးဇူးတင်ပါသည်။ သင်တန်းကိုသဘောကျပြီး ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ တိုးတက်လာမည်ဟု မျှော်လင့်ပါသည်။ အွန်လိုင်းတွင် တည်ရှိနေမှုအပေါ် ယုံကြည်မှုပိုတိုးလာပြီး လေ့လာသင်ယူမှုအတွက် အင်တာနက်ဝဘ် အသုံးပြုပုံကို ပိုမိုနားလည်လာမည်ဟု မျှော်လင့်ပါသည်။

အောင်မြင်စွာ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုမှုနှင့် လက်မှတ်ရယူရန် သင်တန်းပါ အခန်းများအားလုံးကို ဖတ်ရန်လိုအပ်ပြီး သင်တန်းအဆုံး စစ်တမ်း ကိုဖြည့်ရန် လိုပါသည်။ အသိအမှတ်ပြုလက်မှတ်က ဘာသာရပ်အပေါ် မိမိ၏စိတ်ဝင်စားမှုကို ပြသပါသည်။ စဉ်ဆက်မပြတ် သက်မွေးအလုပ်အကိုင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထားရှိသော မိမိ၏သံန္နိဋ္ဌာန်ကို ပြသရာတွင်လည်း ထိုလက်မှတ်ကို အသုံးပြုနိုင်သည်။ သို့သော် သမားရိုးကျ စစ်ဆေးအကဲဖြတ်မှုနှင့်အညီ လုပ်ဆောင်ခြင်း မဟုတ်သည့်အတွက် ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တစ်ခုကို ဦးတည်သော သမားရိုးကျ လေ့လာမှုယူနစ်များ ပေးမည်မဟုတ်ပါ။

TIDE အစီအစဉ်မှ အခြားသင်တန်းများကို စိတ်ဝင်စားပါက Collection စာမျက်နှာတွင် စာရင်းပြုထားသည်ကို တွေ့နိုင်ပါသည်။

bizMOOC မှ ဖန်တီးထားသော အခြားသင်တန်းများအတွက် the project's website သို့ ဝင်ရောက်လေ့လာပါ။