Skip to main content
Printable page generated အင်္ဂါ, 7 မေ 2024, 17:27
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated အင်္ဂါ, 7 မေ 2024, 17:27

ပထမသီတင်းပတ် - အွန်လိုင်းမှ သင်ယူသူတစ်ဦးဆိုသည်မှာ

မိတ်ဆက်

အွန်လိုင်းမှ သင်ယူမှုကိုစတင်လိုက်ပါသင်တန်းမှ ကြိုဆိုပါသည်။ ယခု ၆ နာရီစာ သင်တန်းသည် ဘဝ၏ အခြားအခန်းကဏ္ဍများကို ရပ်တန့်ထားရန်မလိုဘဲ အွန်လိုင်းတွင် မည်သို့သင်ယူလေ့လာနိုင်သည်ကို ရှင်းပြရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် အွန်လိုင်းမှ သင်ယူလေ့လာမှုအကြောင်း သင်ခန်းစာများနှင့် ဗီဒီယိုများပါဝင်ပါသည်။

ပထမရက်သတ္တပတ်တွင် ပုံစံတကျ မဟုတ်သော်လည်း မိမိက အွန်လိုင်းမှလေ့လာသူတစ်ယောက် ဖြစ်နေပြီးပြီဆိုသည့် အတိုင်းအတာကို စဉ်းစားကြည့်မှာဖြစ်ပါသည်။ ထို့နောက် မိမိ၏ ပုံစံတကျမဟုတ်သော လေ့လာမှု အတွေ့အကြုံများက အွန်လိုင်းမှ ပုံစံတကျလေ့လာမှုအတွက် မည်သို့မည်ပုံ စတင်စေနိုင်သည်ဆိုတာကို စဉ်းစားကြည့်မှာဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် မည်သည့်တက္ကသိုလ်တွင်မဆို တက်ရောက်သင်ယူသူတစ်ဦးက လုပ်ဆောင်ရမည့် အွန်လိုင်းလုပ်ဆောင်ချက်တစ်ခုကို လုပ်ရပါမည်။

မစတင်ခင်မှာ ဒီသင်တန်းကို မည်သူက စိတ်ဝင်စားသလဲဆိုသည်ကို ကျွန်တော်တို့ နားလည်သဘောပေါက်နိုင်စေရန်‌ အချိန်အနည်းငယ်ပေးပြီး အောက်ပါ သင်တန်းစတင်မှု စစ်တမ်း  မှ ရိုးရိုးရှင်းရှင်း မေးခွန်း ၃ ခုကို ဖြေပေးမည်ဆိုလျှင် ကျေးဇူးအထူးတင်ရှိပါသည်။ သင်တန်းပြီးသွားလျှင် နောက်ထပ်စစ်တမ်းတစ်ခု ထပ်ဖြည့်ရပါမည်။ ထိုစစ်တမ်းကိုဖြည့်ပြီးမှသာ သင်တန်းတက်ရောက်ပြီးဆုံးကြောင်းလက်မှတ်ကို ထုတ်ပေးမှာဖြစ်ပါသည်။ သင့်ဖြည့်စွက်ချက်များက အွန်လိုင်းသင်ယူမှုအတွေ့အကြုံ ပိုမိုကောင်းမွန်လာအောင် အထောက်အကူပြုမှာ ဖြစ်ပါသည်။

၁ . ၁ အွန်လိုင်းတွင် ရှင်သန်နေထိုင်ခြင်း

အွန်လိုင်းမှ အစားအသောက်များ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများဖြစ်သော Food Panda နှင့် Grab တို့မှ အစားအသောက်များ မှာယူသည်ဖြစ်စေ ၊ အားလပ်ရက် အပန်းဖြေခရီး စီစဉ်သည်ဖြစ်စေ၊ အာမခံကြေးများ နှိုင်းယှဉ်ကြည့်ခြင်းဖြစ်စေ အွန်လိုင်းတွင် လုပ်၍မရသည်က ပိုပို၍ နည်းလာပုံရပါသည်။

ယူကေတွင် လူတိုင်းအင်တာနက်သုံးသည်ဟု လွယ်လွယ်ယူဆနိုင်ပါသည်။ သို့သော် အမျိုးသား စာရင်းအချက်အလက်ရုံး (the Office for National Statistics (ONS)) ၏ ၂၀၁၅ ခုနှစ်အစီရင်ခံစာ က ထိုသို့မဟုတ်ကြောင်း ညွှန်ပြနေပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်က အင်တာနက်အသုံးပြုသူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၀.၃ % ထက်လျော့နည်းပြီး အသုံးပြုသူ ၁၃၀၀၀၀ မျှသာ ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင်မူ အဆိုပါအရေအတွက်မှ အင်တာနက်အသုံးပြုသူ ၂၁ သန်းအထိ တိုးပွားလာကြောင်း Hootsuite က အစီရင်ခံထုတ်ပြန်ပါသည်။ ၉ နှစ်အတွင်း အဆ ၂၀၀ တိုးပွားနှုန်း ဖြစ်ပါသည်။ ၎င်းအရေအတွက်သည် ဆက်လက်တိုးပွားနေဦးမည်ဟု မျှော်လင့်ထားပါသည်။

အောက်ပါ လုပ်ဆောင်မှုကို လုပ်ကြည့်ပါက ယူကေတွင် အင်တာနက်အသုံးပြုမှုအကြောင်း စဉ်းစားစေပါလိမ့်မည်။ ONS စစ်တမ်းက တွေ့ရှိသည်ဟု မိမိယူဆသည့် အနီးစပ်ဆုံးရာခိုင်နှုန်းကို ရွေးချယ်ပြီး အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ပါ။

လုပ်ဆောင်မှု ၁။

a. 

၉၉ %


b. 

၆၉ %


c. 

၃၉ %


d. 

၁၉ %


The correct answer is c.

c. 

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်က အင်တာနက်အသုံးပြုသူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၀.၃ % ထက်လျော့နည်းပြီး အသုံးပြုသူ ၁၃၀၀၀၀ မျှသာ ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင်မူ အဆိုပါအရေအတွက်မှ အင်တာနက်အသုံးပြုသူ ၂၁ သန်းအထိ တိုးပွားလာကြောင်း Hootsuite က အစီရင်ခံထုတ်ပြန်ပါသည်။ ၉ နှစ်အတွင်း အဆ ၂၀၀ တိုးပွားနှုန်း ဖြစ်ပါသည်။ ၎င်းအရေအတွက်သည် ဆက်လက်တိုးပွားနေဦးမည်ဟု မျှော်လင့်ထားပါသည်။


a. 

၇၅ % ကျော်


b. 

၅၀ % နှင့် ၇၅ % အကြား


c. 

၁၀ % နှင့် ၅၀ % အကြား


d. 

၁၀ % အောက်


The correct answer is d.

d. 

UNDP ၏ အဓိကတွေ့ရှိချက်များ :အရ မြန်မာနိုင်ငံတွင် အသက် ၅၀ အထက်လူဦးရေ၏ ၁၀ % အောက်သာ အင်တာနက်သုံးဖူးပါသည်။ မြန်မာ့လူနေမှုအခြေအနေ စစ်တမ်း ၂၀၁၇ စာမျက်နှာ ၈၅၊


a. 

လျှပ်စစ်ပစ္စည်းများ


b. 

အဝတ်အထည်များ


c. 

စာအုပ်များ


d. 

အစားအစာ သို့မဟုတ် စားသောက်ကုန်များ


The correct answer is b.

b. 

ယူကေတွင်နေထိုင်သူ အရွယ်ရောက်သူစုစုပေါင်း၏ ထက်ဝက်ခန့်နီးပါး (၄၉ %) သည် အင်တာနက်မှတဆင့် အဝတ်အထည်များ ဝယ်ယူခဲ့ကြသည်။ ယူကေတွင်နေထိုင်သူ အရွယ်ရောက်သူစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်နီးပါး ( ၇၄ %) သည် အင်တာနက်မှတဆင့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခဲ့ကြသည်။ ယင်းပမာဏသည် ၂၀၀၈ ခုနှစ်တွင် ထက်ဝက်ကျော်မျှ (၅၃ %) သာရှိရာမှ တိုးလာခြင်းဖြစ်သည်။

အင်တာနက်ပေါ်တွင် လုပ်ဆောင်မှုမျိုးစုံ အကုန်လုံး မြင့်တက်လာခြင်းဖြစ်ကြောင်း ယင်းစစ်တမ်းတွင်ဖော်ပြထားပါသည်။ သတင်းစာနှင့် မဂ္ဂဇင်းများ ဒေါင်းလုဒ်လုပ်ခြင်းမှာ အမြင့်ဆုံးပင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အရွယ်ရောက်သူစုစုပေါင်း၏ ထက်ဝက်ကျော် ( ၅၅ %) က သတင်းများ၊ သတင်းစာများ နှင့် မဂ္ဂဇင်းများကို ဖတ်ရှုရန် သို့မဟုတ် ဒေါင်းလုဒ်လုပ်ရန် အင်တာနက်ကို အသုံးပြုခဲ့ကြသည်။ ၂၀၀၇ ခုနှစ်က ၂၀ % သာရှိခဲ့ပါသည်။ ယင်းသို့တိုးမြင့်လာမှုကြောင့် သတင်းစာတိုက်များက စက္ကူပုံနှိပ်မူများကို အတော်ပင်နည်းပါးစွာ ရောင်းချခဲ့ရပြီး လူအများသတင်းရယူဖတ်ရှုပုံနှင့် ပတ်သက်၍ အယူအဆအမျိုးမျိုး ပေါ်ထွက်စေခဲ့သည်။


၁.၁.၁ သင်ရော အင်တာနက်ပေါ်မှာ ဘာလုပ်သလဲ?

လုပ်ဆောင်မှု ၁ မှ စာရင်းအချက်အလက်များတွင် အင်တာနက်အသုံးပြုသူ အများစုသည် မိုဘိုင်းဖုန်းများမှတဆင့် အင်တာနက်ကို အသုံးပြုနေကြသည်ဆိုသော မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ် အင်တာနက်အသုံးပြုမှုပုံစံကို ဖော်ပြထားသည်။ ၎င်းတို့ အင်တာနက်အသုံးပြုသည့်အခါ မည်သည့်အရာများကို ပြုလုပ်ကြသနည်းဟု ကျွန်တော်တို့ နားလည်ရန် လိုအပ်လာပါသည်။ ယင်းမေးခွန်းအတွက် မြန်မာနိုင်ငံနှင်ဆိုင်သော အချက်အလက်များ ကျွန်တော်တို့တွင် မရှိသေးပါ။ သို့သော် ဥပမာအားဖြင့် ပုံ - ၁ တွင် ယူကေနိုင်ငံတွင် အင်တာနက်အသုံးပြုနေချိန် လုပ်ဆောင်မှုများနှင့် ယင်းလုပ်ဆောင်မှုများ ၂၀၀၇ နှင့် ၂၀၁၄ တွင် မည်သို့ ပြောင်းလဲသွားသည်ကို ဖော်ပြထားပါသည်။

Described image
ပုံ - ၁ အိမ်ထောင်စု အင်တာနက်အသုံးပြုမှုများ

လုပ်ဆောင်မှု ၂

ပုံ - ၁ ရှိ လုပ်ဆောင်မှုများကို ပြန်ကြည့်ပါ။ အင်တာနက်တွင် လုပ်စရာရှိသည်များ လုပ်ရန်အတွက် တစ်ပတ်လျှင် အချိန်မည်မျှ အသုံးပြုပါသလဲ။

လုပ်စရာ တစ်ခုချင်းစီအတွက် မိမိအတွေ့အကြုံကို စကားလုံးတစ်လုံး သို့မဟုတ် နှစ်လုံးဖြင့် အကောင်းဆုံး ဖော်ပြကြည့်ပါ။

နောက်ဆုံးအနေဖြင့် အွန်လိုင်းပေါ်တက်သည့်အခါ မည်သည့်ကျွမ်းကျင်မှုများကို အသုံးပြုပါသလဲ ဥပမာ တစ်ခုခုသည် လုံခြုံစိတ်ချရသည် သို့မဟုတ် စိတ်မချရဆိုသည့်အချက်အား မည်သို့ဆုံးဖြတ်ပါသလဲ။ သင့်အီမေးလ်တွင်ပါလာသည့် လင့်ခ်တစ်ခုခုအား မနှိပ်မိခင်တွင် စစ်ဆေးမှု ပြုလုပ်ပါသလား။ ယင်းသို့စစ်ဆေးခြင်းသည် အင်တာနက် ဘဏ်လုပ်ငန်းဆောင်ရွက်မှု သို့မဟုတ် လူမှုကွန်ယက်အကောင့်များကို ကာကွယ်ရာတွင် အမှန်တကယ် အရေးကြီးပါသည်။

၁.၁.၂ အွန်လိုင်းပေါ်တက်ခြင်းမှ အွန်လိုင်းတွင် လေ့လာြခင်းသို့

ပြီးခဲ့သည့် အခန်းတွင် သင်အင်တာနက် အသုံးပြုမှုအကြောင်း စဉ်းစားရန် မေးခဲ့ပါသည်။ စဉ်းစားမိသမျှ အင်တာနက်အသုံးပြုမှု အများစုတွင် လေ့လာသင်ယူမှု တစ်ခုမဟုတ်တစ်ခု ပါနေမည်သာဖြစ်သည်။ ဥပမာ အားလပ်ရက် ခရီးတစ်ခုအတွက် အွန်လိုင်းမှတဆင့် ကြိုတင်စီစဉ်မည်ဆိုလျှင် အောက်တွင် ဖော်ြပထားသည်များကို လုပ်ဆောင်ရန် တတ်မြောက်ပြီးသား ကျွမ်းကျင်မှုများကို အသုံးပြုလိုက်တာ ဖြစ်နိုင်ပါသည်။ -

  • ခရီးသွားလိုသော ရက်များအတွက် သွားရမည့်နေရာများကို ရှာဖွေခြင်း
  • ဟိုတယ်များ၏ ဝန်ဆောင်မှုအပေါ် မှတ်ချက်များကို ယုံသင့်၊ မယုံသင့် သုံးသပ်ခြင်း
  • စျေးနှုန်းအသက်သာဆုံး လေယာဉ်များနှင့် ဟိုတယ်များကို လိုက်ရှာခြင်း
  • မြေပုံများကို မိမိ၏ စမတ်လက်ကိုင်ဖုန်းအတွင်း ကြိုတင်ဒေါင်းလုဒ်ယူထားခြင်း

မိမိ၏ အွန်လိုင်းလေ့လာသင်ယူမှု အတွေ့အကြုံများ

မိမိသည် အွန်လိုင်းပေါ်တွင် လေ့လာသူတစ်ယောက်ဖြစ်သည် ဆိုသည်ကို သဘောတူမည်ဟု မျှော်လင့်ပါသည်။ လေ့လာသင်ယူသူတစ်ယောက် မဟုတ်ဘဲ အွန်လိုင်းတက်သုံးရန် မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

 အခန်း ၁.၁.၁တွင် အွန်လိုင်းတွင် မိမိလုပ်ဆောင်မှုများ၏ အကြောင်းကို စဉ်းစားခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်အခန်းမှာ ပါဝင်ခဲ့သည့် အင်တာနက် လုပ်ဆောင်မှုများမှ တစ်ခုကိုအသုံးပြု၍ အောက်ပါမေးခွန်းများကို ဖြေဆိုပါ။

  • ဘာလုပ်ခဲ့ပါသလဲ?
  • ဘာကြောင့် လုပ်ပါသလဲ?
  • ဘာတွေ လေ့လာခဲ့လဲ?
  • အဲဒါနှင့်ဆက်စပ်ပြီး တခြားဘာဆက်လုပ်ဖြစ်သွားလဲ?
  • ဘာကျွမ်းကျင်မှုရခဲ့သလဲ?

အောက်ပါ ဇယား ၁ တွင် နမူနာတစ်ခုကို ဖော်ပြပေးထားပါသည်။

ဇယား ၁ အွန်လိုင်းပေါ် လုပ်ဆောင်မှုတစ်ခု
ဘာလုပ်ခဲ့ပါသလဲ? ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပစ္စည်းများဝယ်ယူရန် စိတ်ချရသည်ဟု မိမိသူငယ်ချင်းတစ်ယောက်က ပြောပြသည့် အခုမှဖွင့်သည့်စျေးအသစ်တစ်ခု အကြောင်းကို ရှာဖွေလေ့လာခဲ့ပါသည်။
ဘာကြောင့် လုပ်ပါသလဲ? အဲဒီမှာ စျေးဝယ်ရတာ လုံခြုံဘေးကင်းပါ့မလား သိချင်လို့ပါ။
ဘာတွေ လေ့လာခဲ့လဲ? စျေးဖွင့်ချိန် ၊ စျေးလာသူ နည်းလား၊ များလားနှင့် ဝယ်ချင်သော ပစ္စည်းများရနိုင်မှု ရှိ၊ မရှိ။
အဲဒါနှင့်ဆက်စပ်ပြီး တခြားဘာဆက်လုပ်ဖြစ်သွားလဲ? အဲဒီစျေးမှာ သွားဝယ်ဖို့ ကြိုတင်စာရင်းပေးထားရတာကို သိရတယ်။ စျေးဝယ်လှည်းကို သုံးတဲ့အခါ ဘေးကင်းမှုနဲ့ပတ်သက်လို့ သိရတယ်။
ဘာကျွမ်းကျင်မှုရခဲ့သလဲ? အင်တာနက်ပေါ်မှာ ရှာဖွေတာပါ။

အချိန်ရမယ်ဆိုရင် နောက်ထပ် နမူနာတစ်ခုခုအတွက် ဒီလေ့ကျင့်ခန်းကို ထပ်လုပ်ကြည့်ပါ။

ဒီတော့ အွန်လိုင်းလေ့လာမှုနဲ့ ပတ်သက်လို့ ဒါကဘာတွေပြောသလဲ။ အွန်လိုင်းပေါ်မှာ အမျိုးမျိုးအဖုံဖုံ လုပ်ကိုင်ဆောင်ရွက်ခဲ့တယ် ဆိုတာကို သိရလို့ အံ့သြသွားမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် လေ့လာသင်ယူမှု ရှုထောင့်ကနေ ကြည့်ရလို့ အံသြသွားမှာပါ။ အံ့သြသွားတယ်ဆိုရင် ကျွန်တော်တို့ဟာ အမြဲလေ့လာသင်ယူနေတယ် ဆိုတာကို အမှတ်ရပါ။ ကျွန်တော်တို့ရဲ့ မျက်စိရှေ့မှောက်က ကမ္ဘာကြီးကိုနားလည်ဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။ အဲဒီကမ္ဘာကြီးမှာ အင်တာနက်က ပိုပိုပြီးတော့ အရေးပါတဲ့အခန်းကနေ ပါဝင်နေပါတယ်။

၁.၁.၃ ပုံစံတကျနှင့် ပုံစံတတကျ မဟုတ်သော အနေအထားအမျိုးမျိုး

အွန်လိုင်းပေါ်တွင် အချိန်အများကြီး အသုံးပြုနေသည် ဆိုလျှင်ပင် ယင်းလေ့လာချိန်အများစုဟာ ပုံစံတကျမဟုတ်သော အလွတ်သဘော လေ့လာမှုများသာ ဖြစ်နိုင်ပါသည်။

ပုံစံတကျ မဟုတ်သော လေ့လာမှုသည် နေ့စဉ်ဘဝတွင် ပြုလုပ်နေသောလေ့လာမှု ဖြစ်ပါသည်။ ဥပမာ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးချင်သည် ဆိုကြပါစို့။ ပျိုးပင်ပေါက်များ ဝယ်ယူနိုင်သည့် နေရာများကို စတင်ရှာဖွေရမည်၊ ဆောင်းပါးများဖတ်ရမည်၊ အပင်စိုက်နည်း အချက်အလက်များရနိုင်ရန် သက်ဆိုင်ရာလူမှုကွန်ယက်အဖွဲ့ကို ရှာဖွေပူးပေါင်းရမည်။

မိဘများ သို့မဟုတ် ကလေးထိန်းများအနေဖြင့် ကလေးငယ်များကို စာလုံးအမျိုးမျိုးရေးသားနည်း သို့မဟုတ် ဖိနပ်ကြိုးစည်းနည်းတို့ကို သင်ပြပေးရသည်များ ရှိလာတတ်ပါသည်။ ( Jeffs and Smith, 1997, 2005, 2012ကို မှီငြမ်းသည်) ထို့ကြောင့် အလွတ်သဘော လေ့လာရခြင်းသည် တစ်သက်တာလေ့လာရေးပင် ဖြစ်ပါသည်။ ထိုတစ်သက်တာဖြစ်စဉ်တွင် လေ့လာသင်ယူသူတို့သည် စိတ်နေသဘောထားများ၊ တန်ဖိုးများ၊ ကျွမ်းကျင်မှုနှင့် အသိပညာများကို နေ့စဉ်အတွေ့အကြုံများမှတဆင့် ရရှိကြသည်။ ( Conner, 1997–2013မှ မှီငြမ်းသည်) ယင်းကို ပြီးခဲ့သည့်အခန်းတွင် တွေ့မြင်ခဲ့ရပြီဖြစ်ပါသည်။

ပုံစံတကျ လေ့လာခြင်းဆိုသည်မှာ အဆင့်ဆင့် စီစဉ်ထားသော ကျောင်းပညာရေးစနစ်များကို ရည်ညွှန်းပါသည်။ မူလတန်းမှစ၍ တက္ကသိုလ်များအထိ ပါဝင်သည့်အပြင် လုပ်ငန်းခွင်အတွင်း ပညာရပ်ပိုင်း သို့မဟုတ် ကျွမ်းကျင်မှုအတတ်ပညာဆိုင်ရာ သင်တန်းပေးခြင်းအတွက် ကျောင်းစနစ်ကဲ့သို့ သင်ကြားပေးမှု အစီအစဉ်များအားလုံး ပါဝင်ပါသည်။ Conner, 1997–2013မှ မှီငြမ်းသည်)။ ထို့ကြောင့် ယဆရာများ၊ ပို့ချသူကထိကများဖြစ်သည့် အခြားသူများက စီစဉ်၊ ပို့ချခြင်းဖြစ်သောကြောင့် လေ့လာသူတစ်ဦးချင်းက အနည်းငယ်မျှသာ လွှမ်းမိုးနိုင်သော လေ့လာသင်ယူမှု ဖြစ်ပါသည်။

လက်တွေ့တွင် ပုံစံတကျမဟုတ်သော လေ့လာသင်ယူမှုနှင့် ပုံစံတကျ လေ့လာသင်ယူမှုတို့၏ ကွဲပြားခြားနားမှုမှာ အစကထင်ရသလောက် တင်းတင်းကြပ်ကြပ် မရှိပါ။ ယခု မိမိတက်ရောက်သင်ယူနေသော ဤသင်တန်းပုံစံကို နမူနာလေ့လာကြည့်ပါ။

ပညာသင်ကြားသူများက စီစဉ်ရေးဆွဲထားပြီး အတော်ပင် ပုံစံတကျရှိသည့် အွန်လိုင်းပတ်ဝန်းကျင်တစ်ခုဖြင့် ပို့ချနေခြင်းဖြစ်ပါသည်။ သို့သော် ပုံစံတကျ လေ့လာမှုပုံစံတွင် ပြုလုပ်၍မရနိုင်သော လေ့လာသင်ယူသူက လွတ်လပ်စွာ ဝင်လေ့လာနိုင်ခြင်းနှင့် ပြန်ထွက်သွားနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပေသည်။

ယခုသင်တန်းကို တက်ထားကြောင်း အသိအမှတ်ပြုမှုကို ရရှိနိုင်သော်လည်း ယခုသင်တန်းသည် ပုံစံတကျပို့ချမှု မဟုတ်၍ မည်မျှအားစိုက်ရမည်ကို ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ပုံစံတကျလေ့လာမှုနှင့် ပုံစံတကျမဟုတ်သော လေ့လာမှုပုံစံများကို တစ်ခုနှင့်တစ်ခု မသိမသာကွဲပြားနေ‌သော ဖြစ်စဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

ယခင်က လေ့လာသင်ယူမှု အတွေ့အကြုံကို ပြန်စဉ်းစားပြီး ထိုလေ့လာမှုများသည် မည်ရွေ့မည်မျှ ပုံစံတကျ မဟုတ်သော သို့မဟုတ် ပုံစံတကျ လေ့လာမှုများ ဖြစ်သလဲဆိုသည်ကို တွေးကြည့်ပါ။ မိမိအတွေ့အကြုံသည် ပုံ - ၂ တွင် ပြထားသော ဖော်ပြချက် ၂ ခုထဲမှ တစ်ခုနှင့် အတိအကျ ကိုက်ညီမှုရှိပါသလား။ သို့မဟုတ် နှစ်ခုစလုံးထဲတွင် ပါဝင်နေပါသလား။

Described image
ပုံ - ၂ အွန်လိုင်းမှ သင်ကြားမှုကို စတင်လိုက်ပါ

မိမိ၏ ပုံစံတကျမဟုတ်သော လေ့လာမှုများမှ အချို့သည်ပင် ဖော်ပြပါ ပုံစံတကျနှင့် ပုံစံတကျ မဟုတ်သော အနေအထားအမျိုးမျိုး၏ တစ်နေရာရာတွင် ရှိနေသည်ကို တွေ့ရနိုင်ပါသည်။ လာမည်အခန်းတွင် ပုံစံတကျ အွန်လိုင်းမှ လေ့လာသင်ယူမှုပုံစံအကြောင်းကို ထပ်မံလေ့လာခွင့် ရမည်ဖြစ်သည်။

၁.၂ အွန်လိုင်းလေ့လာသင်ယူမှု၏ အစိတ်အပိုင်းများ

တက္ကသိုလ်တွင် လေ့လာသင်ယူမှုပုံစံများမှ မည်သည့်ပုံစံမဆိုတွင်ရှိသကဲ့သို့ အွန်လိုင်းမှ လေ့လာသင်ယူပုံတွင် အစိတ်အပိုင်း ၃ ပိုင်းရှိပါသည်။

  1. သင်ကြားပို့ချမှုဆိုင်ရာ စာအုပ်စာတမ်း၊ အချက်အလက်များ၊ ပစ္စည်းများနှင့် လုပ်ဆောင်မှုများ
  2. စစ်ဆေးအကဲဖြတ်ခြင်း
  3. မိမိ၏ လေ့လာသင်ယူလိုသည့် အကြောင်းအရင်းများ

သို့သော် အဆိုပါအစိတ်အပိုင်းများကို အကောင်အထည်ဖော်မှုက ပုံမှန်တက္ကသိုလ်တစ်ခုတွင် ကြုံတွေ့နိုင်သည်နှင့် ကွဲပြားနေမည်ဖြစ်ပါသည်။

၁.၂.၁ အွန်လိုင်းမှ သင်ကြားပို့ချမှုဆိုင်ရာ စာအုပ်စာတမ်း၊ အချက်အလက်များနှင့်ပစ္စည်းများ

တက္ကသိုလ်များအားလုံးတွင် အွန်လိုင်းဖြစ်စေ၊ တက္ကသိုလ်ပရဝုဏ်၌ဖြစ်စေ သင်ယူရေး၊ သင်ကြားရေး အထောက်အကူများကို အွန်လိုင်းမှတဆင့် ကျောင်းသားများအားလုံးအတွက် ပံ့ပိုးပေးရသည်။ ဥပမာအားဖြင့် အွန်လိုင်းသင်ယူလေ့လာရေး ပတ်ဝန်းကျင် သို့မဟုတ် သင်ယူမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်မှတဆင့် ပံ့ပိုးရသည်။ အွန်လိုင်းတက္ကသိုလ်များနှင့် ခြားနားချက်မှာ အဆိုပါအွန်လိုင်း အထောက်အကူများက မိမိ၏လေ့လာမှုများအတွက် အဓိက အလေးထားစရာ ဖြစ်လာြခင်းပင် ဖြစ်သည်။ မိမိတက်ရောက်နေသော သင်တန်းအတွက် အဓိကလေ့လာစရာများသည် အင်တာနက်ပေါ်တွင်ရှိနေမည် ဖြစ်ပါသည်။ သင်တန်း စာအုပ်စာတမ်းများ၊ အချက်အလက်များကို မိမိ၏စမတ်ဖုန်းနှင့် တက်ဘလက်များတွင်သာမက လက်ပ်တော့ သို့မဟုတ် PC ကွန်ပျူတာများတွင်ပါ တက်ရောက်ကြည့်ရှုနိုင်ရမည်။ သို့မှသာ မိမိက မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ သင်တန်းတက်ရန် ပိုမိုလွယ်ကူမည်ဖြစ်ပါသည်။

အောက်ပါတို့မှာ သွားရောက်လေ့လာကြည့်သင့်သော အင်တာနက်စာကြည့်တိုက်အချို့ဖြစ်ပါသည်။

ထို့အပြင် အွန်လိုင်းရေဒီယိုဖိုင်များ ၊ ဗီဒီယိုများ၊ ကွန်ပျူတာဆော့ဖ်ဝဲများ နှင့် အပြန်အလှန်လုပ်ဆောင်နိုင်သည့် သင်ထောက်ကူများကိုလည်း အသုံးပြုခွင့်ရှိမည်။ သင်တန်းအများအပြားတွင် သီးသန့်ဝက်ဘ်ဆိုက်ကိုယ်စီ ရှိထားကြပါသည်။ ဖိုရမ်များ၊ အီးမေးလ်နှင့် အွန်လိုင်းရုပ်သံခေါ်ဆိုမှုများ မှတဆင့် မိမိ၏ သင်တန်းဆရာအပြင် အခြားကျောင်းသားများနှင့်ပါ ဆက်သွယ်နိုင်မည်ဖြစ်သည်။ အွန်လိုင်းစာကြည့်တိုက်များတွင် ထောင်နှင့်ချီသော အွန်လိုင်းဂျာနယ်များ၊ အီလက်ထရောနစ်စာအုပ်များ၊ ဒေတာဘေ့စ်များနှင့် မာလ်တီမီဒီယာ အရင်းအမြစ်များကို တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် လိုအပ်သည့်အချိန် လိုအပ်သည့်နေရာတွင် ရယူလေ့လာနိုင်သည်။

အင်တာနက်ပေါ်တွင် မိမိသတင်းအချက်အလက် ရှာဖွေအသုံးပြုပုံနှင့် လုပ်ဆောင်ဖူးသော သင်ယူလေ့လာမှုအကြောင်း ပြန်စဉ်းစားကြည့်ပါ။ အွန်လိုင်းတွင် အချက်အလက်မည်မျှ ဖတ်သလဲ။ မိတ်ဆွေသူငယ်ချင်းများနှင့် မည်သို့ ဆက်သွယ်ပါသလဲ။ အွန်လိုင်းတွင် ပုံစံတကျ သင်ယူလေ့လာသည့်အခါ မိမိကိုသုံးခွင့်ပေးထားသော သင်ထောက်ကူများကို အကောင်းဆုံးမည်သို့ အသုံးချမည်၊ သတင်းအချက်အလက် မည်သို့ရှာဖွေမည်နှင့် အခြားသူများကို မည်သို့ ဆက်သွယ်ပြောဆိုမည်တို့ကို စဉ်းစားထားဖို့လိုအပ်ပါသည်။ ပုံစံတကျ အွန်လိုင်းလေ့လာမှုနှင့် သက်ဆိုင်သည့် အောက်ပါနမူနာများကို ကြည့်ပါ။ မည်သည့်စက်ပစ္စည်းအမျိုးအစား (လက်ပ်တော့/ကွန်ပျူတာ ၊ တက်ဘလက် ၊ စမတ်ဖုန်း) သည် မိမိပြုလုပ်မည့် လေ့လာမှုအတွက် အသင့်တော်ဆုံး ဖြစ်မည်နည်း။

  • သင်ထောက်ကူများကို ဖတ်ရှုအသုံးပြုခြင်း
  • ဂျာနယ်ဆောင်းပါးတစ်ပုဒ် ဖတ်ခြင်း
  • အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများအား ရှာဖွေကြည့်ရှုခြင်း
  • သင်တန်းအချိန်ဇယားအတိုင်းမီအောင် လေ့လာခြင်း
  • အွန်လိုင်းတွင် အခြားကျောင်းသားကျောင်းသူများနှင့် ဆက်သွယ်ပြောဆိုခြင်း
  • မိမိ၏ သင်တန်းဆရာအား ဆက်သွယ်ခြင်း
  • အွန်လိုင်းသင်ခန်းစာတစ်ခုတွင် မိမိစိတ်ကူးများကို တင်ပြခြင်း

၁.၂.၂ အွန်လိုင်းမှ စစ်ဆေးအကဲဖြတ်ခြင်း

တရားဝင်အသိအမှတ်ပြု သင်တန်းများအားလုံးတွင် စစ်ဆေးအကဲဖြတ်မှုနှင့် အွန်လိုင်းလေ့လာမှုတို့ မရှိမဖြစ် လိုအပ်ပါသည်။ စစ်ဆေးအကဲဖြတ်မှုသည် သင်တန်းပို့ချမှုကို မိမိအနေဖြင့် မည်မျှနားလည်သဘောပေါက်သည်ကို မိမိနှင့်သင်တန်းဆရာ သိရှိနိုင်စေမည့် အခွင့်အရေးကို ရရှိစေသည်။ ထို့အပြင် တက္ကသိုလ်အဆင့် သင်တန်းတစ်ခုကို အောင်မြင်ရန် လိုအပ်သော အသိပညာနှင့် နားလည်သဘောပေါက်မှု မိမိတွင်ရှိနေပြီ ဖြစ်ကြောင်းလည်း ဖော်ပြနိုင်စေသည်။

အင်တာနက်မှတဆင့် စစ်ဆေးအကဲဖြတ်မှုတွင် အဓိကပုံစံ ၂ မျိုး ရှိပါသည်။ သင်တန်းတစ်လျှောက် မိမိ၏သိနားလည်မှုကို စစ်ဆေးနိုင်မည့် အွန်လိုင်းမေးခွန်းများကဲ့သို့ မေးခွန်းတိုများနှင့် သင်တန်းဆရာ သို့မဟုတ် ဆရာ၊ဆရာမဆီသို့ အီလက်ထရောနစ်နည်းဖြင့် တင်သွင်းရသော လုပ်ဆောင်ရန်ပေးထားသည့် မေးခွန်းရှည်များ ဖြစ်ကြသည်။ စစ်ဆေးအကဲဖြတ်မှုများအတွက် အဓိကအချက်မှာ မိမိလုပ်ဆောင်ရန် ပေးထားသည့် အလုပ်ဆိုင်ရာစာအုပ်များတွင် အလေးထားရမည့် လမ်းညွှန်ချက်များ ပါဝင်ရန်ဖြစ်ပြီး သင်တန်းဆရာကလည်း ထိုလမ်းညွှန်ချက်များကို ထပ်မံအလေးထားနိုင်ခြင်းပင် ဖြစ်သည်။ မိမိအနေဖြင့် အသေးစိတ် အပြုသဘောဆောင်သော မှတ်ချက်များလည်း ရရှိရပါမည်။

စစ်ဆေးအကဲဖြတ်မှု၏ ရည်ရွယ်ချက်မှာ မိမိ၏ အားနည်းချက်များကို ရှာဖွေရန်မဟုတ်ဘဲ မိမိ၏ လေ့လာမှုနှင့် နားလည်သဘောပေါက်မှုကို ခိုင်မာစေမည့် အခွင့်အရေးများ ဆောင်ကျဉ်းပေးရန် ဖြစ်သည်။

အလုပ်တွင် သို့မဟုတ် ယခင်လေ့လာစဉ်က ရရှိခဲ့သော ဝေဖန်အကြံပြုချက်ကို ပြန်စဉ်းစားကြည့်ပါ။

  • အကြံပြုချက်ရသည့်အပေါ် သင်မည်မျှ သက်သောင့်သက်သာဖြစ်ပါသလဲ?
  • မည်သည့် ဝေဖန်အကြံပြုချက်မျိုးက အသုံးအဝင်ဆုံးဟု ထင်ပါသလဲ?
  • မည်သည့် ဝေဖန်အကြံပြုချက်မျိုးက အသုံးဝင်မှုအနည်းဆုံးဟု ထင်ပါသလဲ?
  • ဝေဖန်အကြံပြုချက်ကို လက်ခံရရှိသည့်ပုံစံ ( လူချင်းတွေ့ပြီးပြောခြင်း၊ အီလက်ထရောနစ်ပုံစံဖြင့် စသည်ဖြင့်) က သက်ရောက်မှုတစ်ခုခု ရှိစေပါသလား?

၁.၂.၃ ကြောက်စရာ ဘာမှမရှိပါ။

"ကြောက်စရာ" ဟုသုံးခြင်းက ဒီနေရာတွင် အကောင်းဆုံးဖြစ်ချင်မှ ဖြစ်လိမ့်မည်။ တစ်စုံတစ်ခုကို ကြောက်လန့်ခြင်းက ထိုခြောက်လှန့်နေသည့်အရာကို များများပြုလုပ်နိုင်ဖို့ အလွန်ခက်ခဲသွားစေမည်ဖြစ်သည်။

ထို့ကြောင့် အွန်လိုင်းအတွေ့အကြုံနှင့် လေ့လာသင်ယူမှု အတွေ့အကြုံများက မကောင်းခဲ့၍ (ကြောက်နေသည်) ဆိုလျှင်လည်း နားလည်ပေးနိုင်သော ခံစားတုံ့ပြန်ချက်တစ်ခု ဖြစ်ပါသည်။

မည်သည့် လေ့လာမှုပုံစံမဆို (အွန်လိုင်းဖြစ်စေ၊ မည်သည့်ပုံစံနှင့်ဖြစ်စေ)ကို တောင်းဆိုမှုများသည်၊ အားစမ်းမှုများရှိသည်ဟု မြင်ခြင်းက ပိုအကျိုးရှိပါသည်။ ယင်းကို Open University ၏ ဗီဒီယိုအတိုဖြစ်သည့် 'ဘာစွမ်းနိုင်သလဲ?’ တွင် ကောင်းစွာသရုပ်ဖော်ထားပါသည်။ ၂၀၁၅

၁.၂.၄ လေ့လာသင်ယူလိုသည့် အကြောင်းအရင်းများ

သင်တန်း၏ နောက်အခန်းများသို့ ဆက်မသွားခင် မိမိ၏ လေ့လာသင်ယူလိုသည့် အကြောင်းအရင်းများကို စဉ်းစားကြည့်တာ ကောင်းပါသည်။ အဝေးသင်နှင့် နေ့တက်တက္ကသိုလ် နှစ်မျိုးလုံးရှိ ကျောင်းသူကျောင်းသားများတွင် တူညီသော လေ့လာသင်ယူလိုသည့် အကြောင်းအရင်းများ များစွာရှိပါသည်။ သူတို့က အောက်ပါအကြောင်းအရင်းများကြောင့် ပညာရှာတာ ဖြစ်နိုင်သည်။

  • အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်
  • မိမိစိတ်ဝင်စားသည့်အရာတစ်ခုကို ဆည်းပူးရန်
  • အလုပ်အကိုင် အသစ်တစ်ခုအတွက် အသင့်ဖြစ်စေရန်
  • မသိသေးသည့် အကြောင်းအရာတစ်ခုကို လေ့လာကြည့်ရန်
  • အမြဲလိုချင်ခဲ့သည့် ဘွဲ့၊ အရည်အချင်းအများကို ရယူရန်
  • မိမိ၏ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှု ဆက်တိုးတက်စေရန်
  • လုပ်နိုင်စွမ်း ရှိ၊ မရှိ သိရန်

အဆိုပါ အကြောင်းအရင်းများထဲမှ မည်သည့်အချက်များက မိမိနှင့်ကိုက်ညီပါသလဲ။ အွန်လိုင်းမှ လေ့လာသင်ယူရန် ထူးထူးခြားခြား အကြောင်းအရင်းတစ်ခု ရှိနေပါသလား။

ပုံ - ၃ လေ့လာသင်ယူမှုအတွက် အကြောင်းအရင်းများ

၁.၃ အွန်လိုင်း လေ့လာမှုဆိုင်ရာ စွမ်းရည်များ

ယခုသီတင်းပတ်၏ ကျန်သည့်ရက်များတွင် တက္ကသိုလ်တွင် အွန်လိုင်းမှ လေ့လာသူတစ်ယောက်အနေဖြင့် လိုအပ်မည့် ကျွမ်းကျင်မှုများကို အမြည်းသဘော သိရှိရမည်။ ယင်းကျွမ်းကျင်မှုများကို တတ်ကျွမ်းထားပါက အခြားသင်တန်းသားများကိုပါ ကူညီပေးနိုင်မည်ဖြစ်သည်။

တက္ကသိုလ်အဆင့် သင်တန်းတစ်ခုတွင် တက်ရောက်လေ့လာမည်ဆိုပါက အမှီအခိုကင်းစွာ သုတေသနပြုလုပ်ရန် လိုမည်ဖြစ်ပြီး သုတေသနရလဒ်များကို ပုံမှန်အားဖြင့် စာစီစာကုံးများ သို့မဟုတ် ရှင်းလင်းတင်ဆက်ပုံများဖြင့် တင်ပြရန်လိုပါသည်။

အင်တာနက်သည် အကြောင်းအရာတစ်ခုအကြောင်း အချက်အလက်ရှာဖွေရန် ကျယ်ပြော၍ အံ့ဖွယ်ကောင်းသော အရင်းအမြစ်တစ်ခုဖြစ်နိုင်ပြီး မိမိက တက္ကသိုလ်တစ်ခုခုတွင် ပုံစံတကျ လေ့လာသင်ယူနေသူဖြစ်လျှင် ယင်းတက္ကသိုလ်မှ လစဉ်ကြေး သို့မဟုတ် နှစ်စဉ်ကြေးပေးသွင်းထားသည့် အင်တာနက်ဂျာနယ် အမျိုးမျိုးကိုပါ ဝင်ရောက်ဖတ်ရှုခွင့် ရနိုင်ပါသည်။

အင်တာနက်သည် သတင်းအချက်အလက်များ ရှာဖွေရာတွင် ညံ့ဖျင်းသည့် အရင်းအမြစ်တစ်ခုလည်း ဖြစ်နေနိုင်ပေသည်။ မည်သူမဆို ဝက်ဘ်ဆိုက်လွှင့်တင်နိုင်ခြင်း သို့မဟုတ် ဘလော့ဂ် ရေးသားလွှင့်တင်နိုင်ခြင်းတို့ကြောင့် ယင်းသို့လွှင့်တင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိအတွက် အာမခံမှုမရှိပါ။

လာမည့်အခန်းတွင် The Open University မှ ခေတ်သစ်ဥရောပသမိုင်း သင်ကြားပို့ချသူ အကြီးတန်းကထိက ဒေါက်တာ အန်နီကာမွန်ဘော်ယာနှင့် ပါရဂူတန်းကျောင်းသား ဗင်းဆင့်ထရော့ထ်တို့ အလုပ်တစ်ခုလုပ်နေသည်ကို ကြည့်ရပါမည်။ အင်တာနက်ပေါ်တွင် အချက်အလက်များရှာဖွေသောအခါ အထောက်အကူဖြစ်စေပါလိမ့်မည်။ ထို့နောက် ကိုယ်တိုင် သုတေသနတချို့ ကြိုးစားလုပ်ကြည့်ရမည် ဖြစ်ပါသည်။

လာမည့်အခန်းကို The Open University ၏ သင်တန်းတစ်ခုဖြစ်သော World War 1: trauma and memory (မကြာခင် လေ့လာနိုင်မည်) ကို မှီငြမ်းထားပါသည်။

၁.၃.၁ သမိုင်းအချက်အလက်များကို ရှာဖွေခြင်းနှင့် ရယူခြင်း

အောက်ပါ ဗီဒီယိုတွင် အန်နီကာနှင့် ဗင်းဆင့်တို့က 'Desk Research' (ထိုင်ရာမထ အင်တာနက်ကိုအသုံးပြုကာ တဆင့်ခံ သတင်းအချက်အလက်များကို ရှာဖွေသည့်အလုပ်)ကို လုပ်ကြတာဖြစ်ပါသည်။ သူတို့အလုပ်မှာ ပထမကမ္ဘာစစ်အတွင်း လူပေါင်းမည်မျှ သေဆုံးခဲ့သလဲဆိုသည်ကို ဖော်ထုတ်ရန်ဖြစ်ပါသည်။

ဗီဒီယိုကြည့်စဉ် အသေအပျောက်နှုန်းနှင့် ပတ်သက်ပြီး မိမိဘာသာ ရှာဖွေနိုင်သော နည်းလမ်းများမှတချို့ကို မှတ်စုထုတ်ထားပါ။ ယင်းသုတေသနကို ပြုလုပ်စဉ် မိမိကြုံတွေ့နိုင်မည့် ပြဿနာအချို့ကို စဉ်းစားကြည့်ပါ။ ကြည့်ပြီးသည့်အခါ ထိုအလုပ်ကို မိမိကိုယ်တိုင်ပြုလုပ်ရမှာ ဖြစ်ပါသည်။ အသေအပျောက် စာရင်းဇယားများကို Brill’s Encyclopedia of the First World War (Hirschfeld et al., 2012) နှင့် The Cambridge History of the First World War (Winter, 2014) တို့မှ ရယူထားပါသည်။

Download this video clip.Video player: ou_futurelearn_cicp_vid_1004.mp4
Copy this transcript to the clipboard
Print this transcript
Show transcript|Hide transcript
 
Interactive feature not available in single page view (see it in standard view).

၁.၃.၂ ကိုယ်တိုင် ရှာကြည့်ပါ။

မြင်ခဲ့သည့်အတိုင်းပင် တိကျသော သေကြေဒဏ်ရာရစာရင်း ရရန်မှာ လွယ်သည့်အလုပ် မဟုတ်ပါ။

စစ်ပွဲအတွင်း ဗြိတိန်နှင့် ဗြတိသျှအင်ပါယာတို့တွင် စစ်သည် မည်မျှဆုံးရှုံးခဲ့သလဲဆိုသည့် ခန့်မှန်းခြေအချို့ကို မြင်တွေ့ခဲ့ရပါပြီ။ ပြီးခဲ့သည့်အခန်းတွင် မြင်ခဲ့သည့်အတိုင်း စစ်ပွဲတွင် ခန့်မှန်းခြေ စစ်သည်ဦးရေ ၁၀ သန်း ကျဆုံးခဲ့ပြီး အရပ်သား ၆ သန်းမျှသည်လည်း စစ်ပွဲကြောင့် အသက်ဆုံးရှုံးရသည်။ ပထမကမ္ဘာစစ်တွင် သေကြေဒဏ်ရာရသည့် ကိန်းဂဏန်းကို အတိအကျရရန် မဖြစ်နိုင်ကြောင်း မြင်တွေ့ခဲ့ပြီဖြစ်သည်။ စစ်သားများစွာသည် သုံ့ပန်းဘဝဖြင့် သို့မဟုတ် တပ်မှထုတ်ပယ်ခံရပြီး နောက်ပိုင်းတွင် သေဆုံးရခြင်းဖြစ်နိုင်ပြီး ယင်းသေဆုံးမှုများကို တရားဝင် ခန့်မှန်းစာရင်းများတွင် ထည့်သွင်းဖော်ပြထားလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ယင်းသို့သော စာရင်းဇယားများကို ချဉ်းကပ်သည့်အခါတွင် သတိထားဖို့လိုပါသည်။

အန်နီကာနှင့် ဗင်းဆင့်တို့ သုတေသနလုပ်သည်ကို မြင်တွေ့ခဲ့ရပြီဖြစ်၍ ယခုသင်ကိုယ်တိုင် သမိုင်းသုတေသနတစ်ခုလုပ်ရန်၊ သမိုင်းအချက်အလက်များကို မည်သို့ရှာဖွေ၊ ရယူမည်ဆိုသည်ကို လေ့လာရန် အချိန်ကျပါပြီ။

လုပ်ဆောင်မှု ၃

ဗီဒီယိုထဲတွင် ဗင်းဆင့်လုပ်သလို search engine တစ်ခုခုကိုသုံးပြီး ပထမကမ္ဘာစစ်အတွင်း သေကြေဒဏ်ရာရနှုန်းကို ကိုယ်တိုင် အင်တာနက်ပေါ်တွင် ရှာဖွေကြည့်ပါ။ သင်ရှာလိုက်လျှင် Wikipedia လင့်ခ်တစ်ခုခုကို ထိပ်ဆုံးမှ တွေ့ရဖို့ များပါသည်။ ဗီဒီယိုထဲတွင် တွေ့ခဲ့ရသည့်အတိုင်း ထိုနေရာမှ စရှာခြင်းသည်လည်း ကောင်းပါသည်။ ထို့ကြောင့် ဂျာမနီ၊ ရုရှား၊ ပြင်သစ်နှင့် ဆားဘီးယားအပါအဝင် အခြားနိုင်ငံများ၏ သေကြေဒဏ်ရာရနှုန်းကို မှတ်သားပါ။ နောက်ထပ် နိုင်ငံများထပ်ဖြည့်ချင်လည်း ရပါသည်။ မည်သည့်နိုင်ငံများတွင် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပါသလဲ။ မည်သည့်နိုင်ငံသည် စစ်သည်အများဆုံး ဆုံးရှုံးခဲ့ပါသလဲ။

ထိုကိန်းဂဏန်များကို History Learning ဝဘ်ဆိုက် သို့မဟုတ် ပြီးခဲ့သည့်အခန်းတွင် ဖော်ပြခဲ့သည့် တခြားဆိုက်များကဲ့သို့ မတူသော အရင်းအမြစ်တချို့နှင့် နှိုင်းယှဉ်ကြည့်ပါ။

အောက်ပါကိန်းဂဏန်းများမှာ ဂျာမနီ၊ ရုရှား၊ ပြင်သစ်နှင့် ဆားဘီးယားတို့အတွက် ကျွန်တော်တို့ရှာထားသည့် ကိန်းဂဏန်းများ ဖြစ်ပါသည်။

ဇယား ၂ ပထမကမ္ဘာစစ်အတွင်း သေကြေဒဏ်ရာရနှုန်းများ
နိုင်ငံ စစ်ဖက်သေဆုံးမှု စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ၏ ရာခိုင်နှုန်း အရပ်သားသေဆုံးမှု
ပြင်သစ် ၁၃၂၇၀၀၀ ၁၆ % ၃၄၀၀၀၀
ဂျာမန်အင်ပါယာ ၂၀၃၇၀၀၀ ၁၅% ၄၂၄၀၀၀ – ၇၆၃၇၂၀
ရုရှား ၁၉၉၇၅၀၀ ၁၁ % ၁၁၄၀၀၀၀
ဆားဘီးယား ၂၇၈၀၀၀ ၃၃% ၄၅၀၀၀၀

စစ်ဖက်သေကြေဒဏ်ရာရမှု ကိန်းဂဏန်းများမှာ The Cambridge History of the First World War (Winter, 2014) မှ ထုတ်နုတ်ထားသည့် နောက်ဆုံးရ ခန့်မှန်းချက်များဖြစ်ပါသည်။

အရပ်သားသေဆုံးမှု ကိန်းဂဏန်းများကို Wikipedia (၂၀၁၅) မှထုတ်နုတ်ထားပြီး ငတ်မွတ်ခြင်းနှင့် ရောဂါဒဏ်ကြောင့် သေဆုံးခြင်းများအပြင် စစ်ပွဲကြောင့် သေဆုံးရမှုများကိုပါ ထည့်သွင်းထားပါသည်။

မိမိရှာဖွေတွေ့ရှိမှုများကို ပြန်စဉ်းစားသုံးသပ်ပါ။ မည်သည့် ဝက်ဘ်ဆိုက်တွင် အချက်အလက်များ ရှာဖွေခဲ့ပါသလဲ။ ထိုဝဘ်ဆိုက်များကို စိတ်ချယုံကြည်ရသော အရင်းအမြစ်များဟု ယူဆပါသလား။ အပေါ်မှာ ကျွန်တော်တို့ပေးထားသည့် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်လျှင် သင်ရှာထားသည့် ကိန်းဂဏန်းများက မည်သို့ရှိပါသလဲ။ ကွဲပြားမှုရှိလျှင် မည်သည့်အကြောင်းကြောင့်ဟု ထင်ပါသလဲ။

ပထမသီတင်းပတ် အကျဉ်းချုပ်

ပထမရက်သတ္တပတ် အဆုံးအထိ ရောက်လာသည့်အတွက် ချီးကျူးပါသည်။

ထိုပထမပတ်တွင် အောက်ပါတို့ကို လုပ်ဆောင်ခဲ့ပါသည်။

  • စျေးဝယ်ထွက်ခြင်းနှင့် ဘဏ်ကိစ္စဆောင်ရွက်ခြင်းများကဲ့သို့ အွန်လိုင်းတွင်လုပ်ဖူးသမျှ လုပ်ဆောင်ချက်များအကြောင်း စဉ်းစားကြည့်ခဲ့သည်။
  • အွန်လိုင်းတွင် ပုံစံတကျ မဟုတ်ဘဲ အလွတ်သဘော မည်ကဲ့သို့ လေ့လာနေပြီးသားဖြစ်သည်ကို သိခဲ့ပါပြီ။
  • ပုံစံတကျ အွန်လိုင်းမှသင်ယူသူတစ်ယောက် ဖြစ်လာရေးနှင့်ပတ်သက်၍ စဉ်းစားကြည့်ခဲ့ပါပြီ။
  • အင်တာနက် အရင်းအမြစ်များ၏ ခိုင်မာမှုကို သုံးသပ်ရသည့် သုတေသန အသေးစားတစ်ခုကို လုပ်ခဲ့ပြီးပါပြီ။

နောက်တစ်ပတ်တွင် သင်ထပ်လေ့လာရမည်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • မိမိ၏ အွန်လိုင်းလေ့လာမှုများကို အထောက်အကူပြုမည့် နည်းပညာဖန်တီးမှုများအကြောင်း
  • မိမိ၏ လေ့လာသင်ယူမှုကို မည်သို့စီမံခန့်ခွဲနိုင်မလဲ၊ သင်တန်းဆရာများနှင့် အခြားကျောင်းသားများထံမှ မည်သို့အကူအညီရနိုင်မလဲ
  • မိမိ၏ ရေရှည်လေ့လာသင်ယူမှုနှင့် အသက်မွေးဝမ်းကြောင်း ပန်းတိုင်းများအတွက် ပြင်ဆင်ပုံတို့ ဖြစ်ပါသည်။

အခု ဒုတိယသီတင်းပတ် - အွန်လိုင်းတွင် လေ့လာသင်ယူခြင်း   သို့ ဆက်သွားနိုင်ပါပြီ။