Skip to main content
Printable page generated တနင်္ဂနွေ, 5 မေ 2024, 07:41
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated တနင်္ဂနွေ, 5 မေ 2024, 07:41

အခန်း ၂ ။ အများပြည်သူပိုင်နေရာ (Public domain) နှင့် Creative Commons လိုင်စင်များအားမိတ်ဆက်ခြင်း

မိတ်ဆက်

Built on copyright my’ သည် UK - Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ်(spheir.org.uk)၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးခဲ့ပြီး CC BY 2.0 ဖြင့် မှတ်ပုံတင်ထားသည်။

Creative Commons လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ကိုအစားထိုးခြင်းမဟုတ်ဘဲ ၎င်းအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။

အခန်း ၁ တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မကြာသေးမီကပြုလုပ်ခဲ့သော အပြောင်းအလဲများကို လေ့လာခဲ့ပါသည်။ အဆိုပါအပြောင်းအလဲများက ကျွန်ုပ်တို့၏ လုပ်ပုံကိုင်ပုံအပေါ် သက်ရောက်ပုံနှင့် တခြားသူဖန်တီးထားသည့် လက်ရာများကိုအသုံးပြုသည့်အခါ ထည့်သွင်းစဉ်းစားရမည့်အချက်များကို ပြန်လည်သုံးသပ်ခဲ့ပါသည်။

အခန်း ၂ တွင် အများပြည်သူပိုင်နေရာမှ အရင်းအမြစ်များကို မိတ်ဆက်ပေးပြီး Creative Commons လိုင်စင်များအကြောင်း အနည်းငယ်ထပ်မံလေ့လာပါမည်။ အများပြည်သူပိုင်နေရာရှိ ရင်းမြစ်များတွင် မူပိုင်ခွင့်မရှိသဖြင့် ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ ၎င်းတို့အား မျှဝေ၊ ပြောင်းလဲ၊ အသုံးပြုနိုင်ပါသည်။ Creative Commons ဆိုသည်မှာ

  • ဥပဒေအထောက်အကူ(Legal tools) စုစည်းမှု တစ်ခုဖြစ်သည်။
  • အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
  • ကမ္ဘာအနှံ့ချိတ်ဆက်ထားသည့်ကွန်ရက်နှင့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။

သင်ယူဆထားနိုင်သကဲ့သို့ပင် Creative Commons သည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ဆက်နွယ်နေပါသည်။ ယင်းသည် လူသားတို့၏ ၎င်းတို့၏ဖန်တီးနိုင်မှုစွမ်းအားနှင့် ဗဟုသုတများကို မျှဝေလိုသည့် ဆန္ဒမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါမျှဝေလိုသည့်ဆန္ဒကိုး လွတ်လပ်စွာအသုံးပြုနိုင်သည့်စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များက အကောင်အထည်ပေါ်စေခဲ့သည်။ အခန်း ၃ တွင် တခြားသူတို့ဖန်တီးထားသည့် လက်ရာများကို မူပိုင်ခွင့်အားချိုးဖောက်ခြင်းမရှိဘဲ ကျွန်ုပ်တို့ သိရှိနားလည်၊ မျှဝေ၊ ပြောင်းလဲ၊ အသုံးပြုနိုင်စေရန် Creative Commons မှ အထောက်အကူများကို မိတ်ဆက်ပေးသွားပါမည်။ သင်တန်းနောက်ပိုင်းတွင် အဆိုပါ ဥပဒေအထောက်အကူများကို အသုံးချနည်းနှင့် ၎င်းတို့၏အသုံးဝင်ပုံများကို လေ့လာသွားပါမည်။

ဤအခန်းတွင် အပိုင်း ၃ ပိုင်းရှိသည်။

  • ၂.၁ အများပြည်သူပိုင်နေရာ (Public domain)
  • ၂.၂ Creative Commons ၏သမိုင်းကြောင်း
  • ၂.၃ လက်ရှိ Creative Commons အခြေအနေ တို့ဖြစ်ကြသည်။

ဤအခန်းမှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲအရင်းမြစ်များတွင် လေ့လာနိုင်ပါသည်။

၂.၁ အများပြည်သူပိုင်နေရာ (Public domain)

Georges Méliès ၏ Melies color Voyage dans la lune အများပြည်သူပိုင်နေရာ

အများပြည်သူပိုင်နေရာ (Public domain) တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ကင်းလွတ်သည့် ဖန်တီးမှုလက်ရာများပါဝင်ပါသည်။ ယင်းသည် အများပြည်သူလွတ်လပ်စွာရယူသုံးစွဲနိုင်သော ဖန်တီးမှုလက်ရာအစုအဝေးဖြစ်ပြီး အသစ်ဖြစ်သော တီထွင်ဖန်တီးမှုနှင့် အသိအပညာရာများကို ထိုမှတစ်ဆင့် တည်ဆောက်ယူနိုင်သည်။

သင်ယူမှုရလဒ်များ

သင်တန်း၏ ဤအခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • အများပြည်သူပိုင်နေရာ (Public domain) ကို နားလည်သွားခြင်း
  • အများပြည်သူပိုင်နေရာ ၏တန်ဖိုးကို နားလည်သွားခြင်း

ပြန်လည်သုံးသပ်ချက်

ရှေးဟောင်းဂူဘုရားကျောင်းများတွင် ဆေးရေးပန်းချီများကို ကြည့်ဖူးပါသလား။ ဘီသိုဗင်သံစုံတီးဝိုင်းသံစဉ်ကို နားထောင်ဖူးပါသလား။ ၎င်းတို့မှာ အများပြည်သူပိုင်နေရာ တွင်ရှိနေကြပြီဖြစ်ပါသည်။ သင်၏တစ်သက်တာတွင် အခြားမည်သည့် အများပြည်သူပိုင်နေရာရှိလက်ရာများကို နှစ်သက်သုံးစွဲဖူးပါသနည်း။ အများပြည်သူပိုင်နေရာမှ လက်ရာတစ်ခုခုကို အသုံးပြုပြီး အသစ်တစ်ခုခုကို သင်ဖန်တီးဖူးပါလား။

ခြုံငုံဖော်ပြချက်

လက်ရာများသည် နောက်ဆုံးတွင် မူပိုင်ခွင့်မှ ကင်းလွတ်ရန် အဘယ်ကြောင့် အရေးကြီးပါသနည်း။ စာပေနှင့်အနုပညာမူပိုင်ခွင့်ကာကွယ်မှုတွင် အကျုံးမဝင်ဘဲ လွတ်လပ်စွာအသုံးပြုနိုင်သည့် လက်ရာများ ရှိပါသလား။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ အရေးပါသောလက္ခဏာတစ်ခုမှာ ၎င်း၏ကာကွယ်မှုသည် ရေရှည်တည်မြဲမှုမရှိခြင်းဖြစ်သည်။ သတ်မှတ်ကာလတစ်ခုပြီးဆုံးလျှင် အဆိုပါမူပိုင်ခွင့်သည် သက်တမ်းကုန်ဆုံးကာ ယင်းလက်ရာသည် လူတိုင်း ကူးယူ၊ မှီငြမ်း၊ ဝေမျှနိုင်သည့် အများပြည်သူပိုင်နေရာထဲသို့ ရောက်သွားသည်။ အလားတူ စာပေနှင့်အနုပညာမူပိုင်ခွင့် သက်ရောက်မှုအတိုင်းအတာတွင် အကျုံးမဝင်သည့် လက်ရာအမျိုးအစားများလည်း ရှိသည်။ အများပြည်သူပိုင်နေရာသို့ တနည်းနည်းဖြင့် ရောက်ရှိသွားသည့် လက်ရာများတွင် ကျင့်ဝတ်ဆိုင်ရာ သီးသန့်အခွင့်အရေးများက ဆက်လက်တည်ရှိနေနိုင်မည်ကို သတိပြုပါ။ ယခင်အခန်းတွင်မြင်တွေ့ခဲ့သည့်အတိုင်း မြန်မာနိုင်ငံက အသစ်ပြဋ္ဌာန်းလိုက်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ အောက်တွင် ထိုအတိုင်းပင်ဖြစ်သည်။

လက်ရာတစ်ခုသည် အများပြည်သူပိုင်နေရာသို့ မည်သို့ရောက်သနည်း။

မူပိုင်ခွင့်သက်ရောက်မှုမှာ ကျယ်ပြန့်သော်လည်း စာပေနှင့်အနုပညာမူပိုင်ခွင့်မှကင်းလွတ်နေသည့် လက်ရာများ ပြည့်နှက်နေသည့် ကြွယ်ဝသော (ဆက်လက်တိုးပွားနေသော) အများပြည်သူပိုင်နေရာတစ်ခုရှိနေပါသေးသည်။ လက်ရာများသည် အများပြည်သူပိုင်နေရာထဲသို့ အောက်ပါနည်းလမ်း ၄ ခုမှ တစ်ခုမဟုတ်တစ်ခုဖြင့် ဝင်ရောက်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားခြင်း

စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းကာလများသည် ယခင်ထက်သက်တမ်းပိုကြာလာသော်လည်း အကန့်အသက်မရှိသည်မဟုတ်ပေ။ နိုင်ငံအများစုတွင် တစ်ဦးတစ်ယောက်၏ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းသည် ‌ေ ယင်းကွယ်လွန်ပြီးနောက် နှစ် ၅၀ ကြာကာလတွင် ကုန်ဆုံးလေ့ရှိသည်။ တချို့သောနိုင်ငံများတွင် သက်တမ်းပိုကြာပြီး မူလလက်ရာရှင် ကွယ်လွန်ပြီးသည့်နောက် နှစ် ၁၀၀ ထိ မူပိုင်ခွင့်ရရှိတတ်သည်။ ကမ္ဘာတစ်ဝန်းမှ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများကို သိရှိလိုပါက အခန်း ၁.၃ ရှိ မြေပုံတွင် လေ့လာနိုင်ပါသည်။

လက်ရာတစ်ခုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ရရန် အခွင့်အရေး မရှိခြင်း။

စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် မူလလက်ရာရှင်များဖန်တီးထားသည့် များပြားလှသည့် လက်ရာများ အကျုံးသော်လည်း တချို့သောလက်ရာအတန်းအစားများသည် မူပိုင်ခွင့်အကာအကွယ်အောက်တွင် အကျုံးဝင်ခြင်းမရှိပေ။ ဥပမာအားဖြင့် ဝက်အူ၏ ဒီဇိုင်းကဲ့သို့ အသုံးဝင်ရုံသက်သက်အတွက် ဖန်တီးထားသည့် လက်ရာများသည် မူပိုင်ခွင့်တွင် အကျုံးမဝင်ပေ။ ဘန်းသဘောတူညီချက် (Berne Convention) ၌ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာ ရုံးစာများကဲ့သို့ ထပ်တိုးအတန်းအစားများကို သတ်မှတ်ထားသည်။

ထို့အပြင် တချို့နိုင်ငံများတွင် အစိုးရဝန်ထမ်းများ ဖန်တီးထားသည့် လက်ရာများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်များမှ ချန်လှပ်ခံရပြီး မူပိုင်ခွင့်မရရှိနိင်ပေ။ အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ ပုဒ်မ ၁၆ တွင် အသုံးပြုရုံသက်သက်ဖြစ်သည့် လက်ရာများ၊ တရားရုံးအမိန့်များနှင့် အစိုးရစည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်မနှင့် ညွှန်ကြားချက်များ၊ ဥပဒေများ အစရှိသည့် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ကို မရရှိသည့် အချက်များကို ဖော်ပြထားသည်။ အခန်း ၁ တွင် မြင်တွေ့ခဲ့ရသည့်အတိုင်း အချက်အလက်နှင့် စိတ်ကူးစိတ်သန်းများမှာ မူပိုင်ခွင့်တွင် အကျုံးမဝင်ပေ။

မူလလက်ရာရှင်သည် ၎င်း၏လက်ရာကို မူပိုင်ခွင့်သက်တမ်းမကုန်ဆုံးခင်တွင် အများပြည်သူပိုင်နေရာကို၌ ပေးအပ်ခြင်း။

Creative Commons CC0 ကို https://creativecommons.org/ about/ downloads/ တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။

ကမ္ဘာ့နေရာအတော်များများတွင် မူလလက်ရာရှင်သည် မူပိုင်ခွင့်အကာအကွယ်ကို စွန့်လွှတ်ကာ အများပြည်သူပိုင်နေရာကို ပေးအပ်ရန် ဆုံးဖြတ်နိုင်သည်။ Creative Commons တွင် မူလလက်ရာရှင်တို့ကို ၎င်းတို့၏လက်ရာများအား ကမ္ဘာတစ်ဝန်းရှိ အများပြည်သူပိုင်နေရာသို့ အများဆုံး ပေါက်ရောက်မှုရှိစေရန် ကူညီပေးသည့် CC0 (‘CC Zero’) အများပြည်သူပိုင်နေရာ သို့ရည်စူးခြင်း (Public Domain Dedication) ဟုခေါ်သော ဥပဒေအထောက်အကူ တစ်ခု ပါရှိသည်။ အခန်း ၃ တွင် အဆိုပါ အထောက်အကူနှင့် (အခြားသော Creative Commons ဥပဒေဆိုင်ရာ အထောက်အကူများ) အကြောင်းကို ထပ်မံလေ့လာရပါမည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်သည် ၎င်းတို့၏မူပိုင်ခွင့်ကို ရယူရန် (သို့) ထိန်းသိမ်းရန် လုပ်ရိုးလုပ်စဉ်များအား လိုက်နာရန် ပျက်ကွက်ခြင်း။

နိုင်ငံအများစုတွင် လက်ရာတစ်ခုအပေါ် စာပေနှင့်အနုပညာမူပိုင်ခွင့်ရယူရန် (သို့) မူပိုင်ခွင့်သက်တမ်းတိုးရန် တရားဝင်သတ်မှတ်ချက်များမရှိပေ။ သို့သော် အမြဲတမ်း ထိုသို့မဟုတ်ဘဲ မူလလက်ရာရှင်သည် လုပ်ရိုးလုပ်စဉ်များကို လိုက်နာခြင်းမရှိသည့်အတွက် မကြာသေးမီက နှစ်များအတွင်း လက်ရာအများအပြားသည် အများပြည်သူပိုင်နေရာထဲသို့ ရောက်သွားကြသည်။

အများပြည်သူပိုင်နေရာရှိ လက်ရာတစ်ခုကို သင်ဘာလုပ်လို့ရသလဲ။

အကုန်လုံးနီးပါးလုပ်လို့ရပါသည်။ သို့သော် အဆိုပါလက်ရာကိုအသုံးပြုသည့် နိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ပေးမှုအတိုင်းအတာနှင့် သက်တမ်းအပေါ် တွင်မူတည်မှု၍သာ လုပ်နိုင်ပါသည်။ ဥပမာအားဖြင့် နိုင်ငံအပေါ်မူတည်ကာ အများပြည်သူပိုင်နေရာ ရှိ လက်ရာတစ်ခုတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်သက်တမ်းထက် ပိုရှည်ကြာလေ့ရှိသည့် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများ ကျန်ရှိနေနိုင်သည်။ လက်ရာတစ်ခုသည် နိုင်ငံတစ်နိုင်ငံ၌ အများပြည်သူပိုင်နေရာတွင် ရှိနေပြီး အခြားနိုင်ငံတစ်နိုင်ငံ၌ မူပိုင်ခွင့်အောက်တွင် ရောက်ရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ မူပိုင်ခွင့်သက်ရောက်မှုရှိနေသေးသည့်နေရာတွင် အဆိုပါလက်ရာကို လွတ်လွတ်လပ်လပ် အသုံးပြု၍မရခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စဉ်းစားလျှင် အများပြည်သူပိုင်နေရာတွင် ရောက်ရှိနေသည့် လက်ရာတစ်ခုသည် အခြားဉာဏပစ္စည်းဆိုင်ရာကန့်သတ်ချက်များနှင့် ငြိစွန်းနေ် နိုင်သေးသည်။ ဥပမာအားဖြင့် အများပြည်သူပိုင်နေရာရှိ ပုံပြင်ဇာတ်လမ်းတစ်ခု၏ စာအုပ် အဖုံးတွင် စာအုပ်ထုတ်ဝေသူနှင့်သက်ဆိုင်သည့် မှတ်ပုံတင်ထားသည့် ကုန်အမှတ်တံဆိပ်တစ်ခု ပါရှိနေနိုင်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်သည် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်နှင့် မသက်ဆိုင်ပါ။ ဖန်တီးထားသောလက်ရာက စာပေနှင့်အနုပညာမူပိုင်ခွင့်အားဖြင့် အများပြည်သူပိုင်နေရာ၌ရှိနေစေကာမူ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်သည် ဆက်လက်ရှိနေနိုင်သည်။ ထို့အပြင် ဖန်တီးသူတစ်ဦးသည် အများပြည်သူပိုင်နေရာရှိ လက်ရာတစ်ခုကို အသုံးပြုပြီး လက်ရာသစ်ဖန်တီးလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းအတွက်ကိုယ်ပိုင်ဖန်တီးမှုဖြစ်သည့် အဆိုပါလက်ရာသစ်၏ အစိတ်အပိုင်းများအပေါ် စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိပါမည်။ ဥပမာ အများပြည်သူပိုင်နယ်ပယ်မှ ဝတ္ထုတစ်ခုကိုမှီငြမ်းရိုက်ကူးထားသည့် ရုပ်ရှင်အား ဖန်တီးသူသည် အဆိုပါရုပ်ရှင်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ကို ရရှိမည်ဖြစ်သော်လည်း ၎င်းမှီငြမ်းသော အများပြည်သူပိုင်နေရာရှိဝတ္ထုအတွက် မူပိုင်ခွင့်ရရှိမည်မဟုတ်ပါ။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်အကြောင်းကို အခန်း ၁ နောက်တိုးအကိုးအကား အခန်းတွင် လေ့လာနိုင်သည်။

မူလလက်ရာရှင်ကိုအသိအမှတ်ပြုမှု(Author credit) နှင့် အများပြည်သူပိုင်နေရာ (Public domain)

နိုင်ငံတိုင်းတွင် ဥပဒေဖြင့် ပြဋ္ဌာန်းထားခြင်း မရှိနိုင်သော်လည်း၊ အထူးသဖြင့် မူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားပြီးနောက် ကျင့်ဝတ်ဆိုင်ရာ သီးသန့်အခွင့်အရေးများ မကျန်ရှိတော့သည့်နိုင်ငံများတွင် ၎င်းတို့၏လက်ရာသည် အများပြည်သူပိုင်နေရာသို့ ရောက်ရှိသွားပြီး နောက်ပိုင်းကာလ၌ပင် မူလလက်ရာရှင်ကို ရှာဖွေကာ အသိအမှတ်ပြုဖော်ပြခြင်းမှာ အကျိုးကျေးဇူးများစွာရှိပါသည်။ လူမှုအသိုင်းအဝိုင်းများစွာသည် လက်ရာရှင်များကို အသိအမှတ်ပြုခြင်းနှင့် အများပြည်သူပိုင်နေရာရှိ လက်ရာများအပေါ် ပြုမူဆက်ဆံမှုများအတွက် အများလက်ခံထားသည့် စံသတ်မှတ်ချက်များဖြစ်သော အစဉ်အလာစံနှုန်းထားများကို သတ်မှတ်ထားကြသည်။ လူမှုအသိုင်းအဝိုင်းများအနေဖြင့် ကိုယ်ပိုင်စံနှုန်းထားများ ဖန်တီးရာတွင် အသုံးပြုနိုင်ရန် အများပြည်သူပိုင်နေရာဆိုင်ရာလမ်းညွှန်များကို Creative Commons မှဖန်တီးထားသည်။ CC လမ်းညွှန်ချက်များကို ဤနေရာတွင် ကြည့်ရှုရန်

ပြန်လည်သုံးသပ်ချက်

အများပြည်သူပိုင်နေရာတွင် ရှိနေသည့် လက်ရာတစ်ခု၏ လက်ရာပိုင်ရှင်အား အသိအမှတ်ပြုခြင်းက အဘယ်ကြောင့် အကူအညီဖြစ်ရသနည်းဟူသည့် အကြောင်းရင်းတစ်ခုကို စဉ်းစားမိပါသလား။ အများပြည်သူပိုင်နေရာရှိလက်ရာများကို ပြန်လည်အသုံးပြုသောအခါ စံနှုန်းထားများကို အဘယ်ကြောင့် အားပေးအားမြှောက်ပြုသင့်ပါသနည်း။

အများပြည်သူပိုင်နေရာတွင် ဖန်တီးထားသည့်လက်ရာများကိုရှာဖွေခြင်း

စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားသည့် ဖန်တီးမှုလက်ရာများ သန်းနှင့်ချီရှိနေပြီး CC0 Public Domain Dedication ကဲ့သို့ ဥပဒေ အထောက်အကူများဖြင့် ပုံမှန်ပေါင်းထည့်နေသည့် လက်ရာများမှာလည်း များစွာရှိနေသည့်အတွက် အများပြည်သူပိုင်နေရာမှာ အချက်အလက်ရတနာသိုက်ကြီးသဖွယ် ဖြစ်နေသည်။

အများပြည်သူပိုင်နေရာတွင် စာပေ သို့မဟုတ် အနုပညာလက်ရာများကိုတင်ဆက်ထားသည့် ဝက်ဘ်ဆိုက်တချို့မှာ -

CC Search tool သည် အများပြည်သူပိုင်နေရာရှိ အကြောင်းအရာများကို ရှာဖွေနိုင်သည့် နောက်တစ်နည်းဖြစ်သည်။ သင်တန်းနောက်ပိုင်းတွင် အထက်ပါဝက်ဘ်ဆိုက်များမှ တချို့ကို အသုံးပြုပုံနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ကိုချိုးဖောက်ခြင်းမရှိဘဲ အများပြည်သူပိုင်နေရာနှင့် တခြားသောရင်းမြစ်များကို ရှာဖွေပုံများကို လေ့လာသွားပါမည်။

လက်ရာတစ်ခုသည် အများပြည်သူပိုင်နေရာထဲတွင် ရောက်ရှိနေခြင်း ရှိမရှိကို သိရှိရန်မှာ အမြဲတမ်းလွယ်ကူသည်မဟုတ်ပါ။ ကျွန်ုပ်တို့လေ့လာခဲ့ရသည့်အတိုင်း စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ပေးမှုသည် အလိုအလျောက်ဖြစ်သည့်အတွက် မူပိုင်ခွင့်သင်္ကေတဖြစ်သည့် ‘©’ မပါရှိခြင်းသည် အများပြည်သူပိုင်နေရာ (Public domain) ထဲတွင် ရှိနေသည်ဟု မဆိုလိုပါ။

Creative Commons တွင် ဖန်တီးသူများအတွက် CC0 Public Domain Dedication အပြင် ပြန်လည်အသုံးပြုသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ အများပြည်သူပိုင်နေရာ တွင် အလွယ်တကူသိရှိနေစေရေး ကမ္ဘာ့နေရာအနှံ့အပြားမှ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးထားသည့် လက်ရာများကို အမှတ်တံဆိပ်တပ်နိုင်စေရန် ဖန်တီးထားသည့် Public Domain Mark ဟုခေါ်ဆိုသော အထောက်အကူတစ်ခုလည်းရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် CC ၏ အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူ (Public domain tools) များကို အသုံးပြုခဲ့သည့် လက်ရာပေါင်း သန်း ၉၀ ကျော်ရှိခဲ့သည်။

အပြီးသတ် မှတ်ချက်များ

အင်အားကောင်းသည့် အများပြည်သူပိုင်နေရာတစ်ခုသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ ဖန်တီးသူမျိုးဆက်သစ်များကို အားပေးလှုံ့ဆော်ခြင်းနှင့် လူသားတို့၏အသိပညာဗဟုသုတတို့ကို တိုးပွားစေခြင်းတို့အတွက် များစွာအရေးပါပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်၏ သက်ဆိုင်မှုအတိုင်းအတာနှင့်သက်တမ်းသည် နှစ်ကာလကြာမြင့်သည်နှင့်အမျှ တိုးပွားလာခြင်းကြောင့် အများပြည်သူပိုင်နေရာတည်ရှိနေသေးသည်ကိုပင် အလွယ်တကူမေ့ပျောက်နိုင်ပါသည်။ သို့သော် အများပြည်သူပိုင်နေရာသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆို်ငရာ သဘောတူညီချက်၏ အရေးကြီးသောအစိတ်အပိုင်းဖြစ်သကဲ့သို့ အများပြည်သူပိုင်နေရာတွင်ရှိနေသောလက်ရာများသည် ကျွန်ုပ်တို့အားလုံပိုင်ဆိုင်သော အလွန်ကောင်းမွန်သည့်ရင်းမြစ်များဖြစ်သည်

၂.၂ Creative Commons ၏သမိုင်းကြောင်း

ရုပ်ပုံကိုးကား Kristina Alexanderson ၏ Creative Commons - cc stickers လိုင်စင်အမှတ် CC BY 2.0

သင်ယူမှုရလဒ်များ

သင်တန်း၏ ဤအခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • Creative Commons ကို တည်ထောင်ရခြင်းရည်ရွယ်ချက်
  • Creative Commons ကိုဖန်တီးမှုတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ အခန်းကဏ္ဍ ကို သိလာမည်။

ပြန်လည်သုံးသပ်ချက်

ဤသင်တန်းကိုမတက်ရောက်ခင်က Creative Commons ကို သိရှိပါသလား။ ဤအခန်းကိုလေ့လာနေစဉ်အတောအတွင်း Creative Commons ဆိုသည်ကို သင်၏လုပ်ဖော်ကိုင်ဖက်များအား မည်သို့ရှင်းပြမည်ကို စဉ်းစားပါ။

ခြုံငုံဖော်ပြချက်

Creative Commons (CC) ၏သမိုင်းကြောင်းသည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် စတင်ခဲ့ပါသည်။ CC လိုင်စင်များကို စာပေနှင့်အနုပညာမူပိုင်ခွင့်အပေါ်တွင် တည်ဆောက်ထားပြီး မျှဝေလိုသည့် ဖန်တီးသူများအား ရွေးချယ်မှုပိုမိုရရှိစေရန် ဖန်တီးထားခြင်းဖြစ်သည်။ ကာလကြာမြင့်သည့်နှင့်အမျှ Creative Commons ၏ အခန်းကဏ္ဍနှင့်တန်ဖိုးသည် ကျယ်ပြန့်လာခဲ့သည်။

CC တည်ထောင်သူများသည် နည်းပညာ၏လုပ်နိုင်စွမ်းနှင့် မူပိုင်ခွင့်၏ကန့်သတ်မှုကြားက ကွာဟချက်ကို သဘောပေါက်သည့်အတွက် လက်ရာများကို မျှဝေချင်သည့် ဖန်တီးသူတို့အတွက် ရွေးချယ်စရာနည်းလမ်း နောက်တစ်ခုကို ပေးခဲ့သည်။ ယနေ့တွင် ထိုနည်းလမ်းကို ကမ္ဘာတစ်ဝန်းရှိ ဖန်တီးသူသန်းပေါင်းများစွာက အသုံးပြုနေပြီဖြစ်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များက ကမ္ဘာတစ်ဝန်းလှုပ်ရှားမှုကို မည်သို့လှုံ့ဆော်နိုင်သည်ကို နားလည်သဘောပေါက်ရန် Creative Commons ၏ သမိုင်းကြောင်းအနည်းငယ်ကို သိရှိရန်လိုအပ်သည်။ ဤအခန်းသည် ထိုအရေးပါသည့် နောက်ခံအကြောင်းအရာကို အလေးပေးထားပါသည်။

ဆန်နီဘိုနို စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်း တိုးမြင့်ခြင်း အက်ဥပဒေ (The Sonny Bono Copyright Term Extension Act - CTEA)

Robert Scoble ၏ Larry Lessig လိုင်စင်အမှတ် CC BY 2.0

ထိုအကြောင်းအရာသည် အမေရိကန်ပြည်ထောင်စုတွင် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပြုမှုတစ်ခုနှင့် စတင်ပါသည်။ ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းသော ‘ဆန်နီဘိုနို စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်း တိုးမြင့်ခြင်း အက်ဥပဒေ (CTEA)’ ပင် ဖြစ်ပါသည်။ ယင်းက အမေရိကန်ပြည်ထောင်စုရှိ (ထုတ်ဝေဖော်ပြပြီး လက်ရာများအပါအဝင်) ဖန်တီးမှုတိုင်းအတွက် စာပေနှင့် အနုပညာမူပိုင်ခွင့်သက်တမ်းကို နောက်ထပ်အနှစ် ၂၀ တိုးပေးပါသည်။ မူလလက်ရာရှင်၏ တသက်တာအပြင် ၎င်းကွယ်လွန်ပြီးနောက် အနှစ် ၇၀ ဖြစ်ပါသည်။ (ထိုသို့ ပြောင်းလဲမှုက အမေရိကန်ပြည်ထောင်စု၏ စာပေနှင့် အနုပညာမူပိုင်ခွင့်သက်တမ်းကို တခြားနိုင်ငံအချို့နှင့် တူညီသွားစေပါသည်။ သို့သော် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေသစ် အပါအဝင် နိုင်ငံအတော်များများတွင် မူလလက်ရာရှင် ကွယ်လွန်ပြီး အနှစ် ၅၀ ဖြင့်သာ ဆက်ရှိနေပါသည်။)

စတန်းဖို့ဒ်တက္ကသိုလ် ဥပဒေပါမောက္ခ Lawrence Lessig က ဤဥပဒေသစ်သည် အခြေခံဥပဒေနှင့်ဆန့်ကျင်နေသည်ဟု ယူဆပါသည်။ နှစ်ကာလကြာမြင့်သည်နှင့်အမျှ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းသည် စဉ်ဆက်မပြတ် တိုးလာခဲ့သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်း၏အဆုံးသတ်သည် အရေးကြီးပါသည်။ ယင်းက လက်ရာတစ်ခု အများပြည်သူပိုင်နေရာသို့ စတင်ဝင်ရောက်သည့် အခိုက်အတန့်ကို သတ်မှတ်ပေး ပါသည်။ ထို့နောက် ချက်ချင်းပင် အဆိုပါလက်ရာကို ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုနိုင်သည်။ ယင်းအချက်သည် စာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်ရှိ ဘက်စုံစဉ်းစားရမည့် အခြေအနေ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ တီထွင်ဖန်တီးနိုင်စွမ်းများနှင့် အသိပညာများအားလုံးသည် ယခင်ကရှိခဲ့သည်တို့အပေါ်တွင် အခြေခံထားခြင်းဖြစ်ကာ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းကုန်ဆုံးမှုက မူပိုင်ခွင့်တင်ထားသည့်လက်ရာသည် နောက်ဆုံးတွင် အများပြည်သူပိုင်နေရာသို့ ရောက်ရှိသွားပြီး ကျွန်ုပ်တို့အားလုံး လက်ရာအသစ်များကိုဖန်တီးရာတွင် လွတ်လပ်စွာယူငင်အသုံးပြု နိုင်သည့် အသိပညာနှင့် ဖန်တီးနိုင်စွမ်းများသိုလှောင်ရာသို့ ရောက်ရှိစေခြင်းကို သေချာစေပါ သည်။

မူလလက်ရာရှင်များအား ၎င်းတို့၏လက်ရာများအပေါ် အကန့်အသတ်ဖြင့် လက်ဝါးကြီးအုပ်ခွင့်ပြုခြင်းဖြင့် ၎င်းတို့၏လက်ရာများကို ပြန်လည်မျှဝေကြစေရေး ဆွဲဆောင်မှုတစ်ခု ဖန်တီးရန် အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်းရေးဆွဲထားသဖြင့် ဥပဒေသစ်က ယင်းစာပေနှင့်အနုပညာမူပိုင်ခွင့်၏ရည်ရွယ်ချက်နှင့် ကိုက်ညီရန် ခက်ခဲခဲ့ပါသည်။ ဥပဒေက ရှိရင်းစွဲလက်ရာများအား ဖန်တီးမှုကို မည်သို့မက်လုံးပေးဆွဲဆောင်နိုင်သည့် အလားအလားများရှိပါသနည်း။

အများပြည်သူပိုင်နေရာသို့ မူလလက်ရာများ ရောက်ရှိသွားသည်နှင့်အမျှ အဆိုပါလက်ရာများကို အများပြည်သူရရှိသုံးစွဲနိုင်ရန် ဆောင်ရွက်လေ့ရှိသော ဝက်ဘ်ဆိုက်လွှင့်တင်သူ (web publisher) တစ်ဦးဖြစ်သည့် Eric Eldred အတွက် Lessig က အကျိုးဆောင်ရှေ့နေလိုက်ပေးခဲ့သည်။ ၎င်းတို့နှစ်ဦးပေါင်းကာ အဆိုပါဥပဒေ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိခြင်း ကို စိန်ခေါ်ရင်ဆိုင်ခဲ့ကြသည်။ Eldred v. Ashcroft ဟု လူသိများသည့် အဆိုပါအမှုသည် အမေရိကန်နိုင်ငံတရားရုံးချုပ်ထိ ရောက်ရှိသွားခဲ့သည်။ Eldred lost

Creative Commons သို့ဝင်ပါ။

အင်တာနက်ပေါ်တွင် ဖန်တီးမှုလက်ရာများ ပိုမိုလွတ်လပ်စွာရရှိစေရေးဆိုသည့် Eldred ၏ ရည်ရွယ်ချက်တန်ဖိုး၏အားပေးလှုံ့ဆမှုနှင့် အကြောင်းအရာ၊ အချက်အလက်များကို ဖန်တီး၊ ရောစပ်၊ ဝေမျှနေသည့် ဘလော့ဂါအသိုက်အဝန်း ပိုမိုများပြားလာသည်ကို တုံ့ပြန်သောအားဖြင့် Lessig နှင့်အခြားသူများသည် စိတ်ကူးတစ်ခုရခဲ့သည်။ ၎င်းတို့သည် Creative Commons ဟုခေါ်သည့် အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် Creative Commons လိုင်စင်များကို ဖြန့်ချိခဲ့သည်။ Creative Commons လိုင်စင်များဆိုသည်မှာ ဖန်တီးသူများကို ၎င်းတို့၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များအား ထိန်းသိမ်းထားခွင့်ပြုပြီး (All rights reserved)" ဟု သတ်မှတ်ခြင်းထက် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော သတ်မှတ်ချက်စည်းကမ်းများဖြင့် ၎င်းတို့၏လက်ရာများကို မျှဝေခွင့်ပြုစဉ် မူပိုင်ခွင့်များကို ထိန်းသိမ်းထားရန် ခွင့်ပြုသော အခမဲ့ဖြစ်သည့် အများပြည်သူလိုင်စင်များဖြစ်သည်။

အခန်း ၁ တွင် လေ့လာခဲ့ရသည့်အတိုင်း စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုသည်မှာ မိမိလိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ အလိုအလျောက် ရရှိပါသည်။ တချို့က မူပိုင်ခွင့်အခွင့်အရေးအားလုံးကို ရယူချုပ်ကိုင်ထားလိုကြသော်လည်း လူမျာုစွာသည် ၎င်းတို့၏လက်ရာများကို အများပြည်သူနှင့် ပိုမိုလွတ်လပ်စွာ ဝေမျှလိုကြသည်။ CC လိုင်စင်ချပေးခြင်း၏နောက်ကွယ်မှ ရည်ရွယ်ချက်မှာ လက်ရာများကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့်အညီ မျှဝေလိုသည့် ဖန်တီးသူများအတွက် လွယ်ကူသောနည်းလမ်းတစ်ခုကို ဖန်တီးပေးလိုခြင်းဖြစ်သည်။

စတင်ကတည်းက Creative Commons လိုင်စင်များကို ကမ္ဘာတစ်ဝန်းမှ ဖန်တီးသူများ အသုံးပြုနိုင်စေရန် ရည်ရွယ်ခဲ့သည်။ CC တည်ထောင်သူများသည် အမေရိကန်စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပါ အချက်တစ်ခုကြောင့် စတင်တည်ထောင်ရန် စိတ်ကူးရခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကမ္ဘာတစ်လွှားမှ အလားတူကန့်သတ်ထားသည့်မူပိုင်ခွင့်ဥပဒေများသည် ကျွန်ုပ်တို့၏အတူမျှဝေပိုင်ဆိုင်သည့်ယဉ်ကျေးမှုနှင့် စုပေါင်းထားသော အသိပညာများကို အသုံးချပုံအပေါ်တွင် ကန့်သတ်ထားသည်။ ဒစ်ဂျစ်တယ်နည်းပညာများနှင့် အင်တာနက်က ယဉ်ကျေးမှု နှင့်အသိပညာဖန်တီးမှုတို့တွင် လူအများပါဝင်နိုင်စေရန် နည်းလမ်းသစ်များကို ဖွင့်ပေးထားစဉ်မှာပင် ထိုသို့ကန့်သတ်ထားခြင်း ဖြစ်သည်။

Creative Commons ကို တည်ထောင်လိုက်ချိန်မှ အစပြု၍ လူအများ၏မျှဝေသည့်ပုံစံနှင့် အင်တာနက်၏အလုပ်လုပ်ပုံများသည် များစွာပြောင်းလဲလာခဲ့သည်။ ကမ္ဘာ့နေရာ အတော်များများတွင် ဖန်တီးမှုလက်ရာများအပေါ် ကန့်သတ်ချက်များသည် တိုးပွားလျက်ရှိသည်။ သို့သော်လည်း ရင်းမြစ်များကို မျှဝေခြင်းနှင့်ပြောင်းလဲခြင်းဖြစ်သည့် ရောစပ်ခြင်း (remixing) မှာ အင်တာနက်ပေါ်ရှိ စံနှုန်းတစ်ရပ်ပင်ဖြစ်သည်။ ရှိနှင့်ပြီးသားတေးဂီတအမျိုးမျိုးကို ထည့်သွင်းထားသည့် တေးသီချင်းများ ( mash-up ဟုခေါ်ဆိုလေ့ရှိ) (သို့) လွန်ခဲ့သောရက်သတ္တပတ်က ဖေ့စ်ဘုတ်တွင် သင့်သူငယ်ချင်းတင်ခဲ့သည့် ပုံများအကြောင်း စဉ်းစားကြည့်ပါ။ တစ်ခါတစ်ရံတွင် ယင်းကဲ့သို့ မျှဝေသည့်ပုံစံ နှင့်ရောစပ်ခြင်းသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ထိုလက်ရာများကို အင်တာနက်ပေါ်ရှိ တခြားနေရာများတွင် မျှဝေခွင့်ပြုလေ့မရှိသည့် လူမှုမီဒီယာကွန်ရက်များပေါ်တွင် ယင်းသို့ဖြစ်ပေါ်လေ့ရှိသည်။

ပြန်လည်သုံးသပ်ချက်

ဖန်တီးမှုလက်ရာများကို သင်၏လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနှင့် မျှဝေရန် ၎င်းလက်ရာများ၏ မူပိုင်ခွင့်ပိုင်ရှင်များထံဘယ်နှကြိမ် ခွင့်ပြုချက်တောင်းခံဖူးပါသလဲ။ တခြားသူဖန်တီးထားသည့် လက်ရာများကို ပြန်လည်အသုံးပြုနိုင်ခြင်း ရှိမရှိ စစ်ကြည့်လေ့ရှိပါသလား။

ပြဋ္ဌာန်းစာအုပ်ထုတ်ဝေခြင်း၊ ပညာရပ်ဆိုင်ရာသုတေသန၊ မှတ်တမ်းရုပ်ရှင်နှင့် အခြားသောနယ်ပယ်များတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် ဖန်တီးခြင်း ရယူခြင်းနှင့် ရောစပ်ခြင်းတို့ကို ဆက်လက်ကန့်သက်လျက်ရှိသည်။ CC အထောက်အကူများက ယင်းပြဿနာကိုဖြေရှင်းရာတွင် အကူအညီဖြစ်စေပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အွန်လိုင်း ဝက်ဘ်ဆိုက် ၉ သန်းတွင်ရှိသော လက်ရာ ၁.၆ ဘီလီယံကျော်က Creative Commons လိုင်စင်များကို အသုံးပြုထားပြီးဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ၁၅ နှစ်ကျော်က စတင်ခဲ့သည့် မဟာစမ်းသပ်မှုကြီးသည် CC တည်ထောင်သူများ ကြိုတွေးမထားသည့် နည်းလမ်းများအပါအဝင် အခြားသောနည်းလမ်းများဖြင့် အောင်မြင်မှုရရှိခဲ့သည်။

တခြားသော လွတ်လပ်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များကို ယခင်ကဖန်တီးခဲ့ကြသော်လည်း Creative Commons လိုင်စင်များသည် ခေတ်နှင့်အညီဖြစ်ခြင်း၊ လွတ်လပ်စွာသုံးစွဲနိုင်ခြင်း၊ အစိုးရများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းက လွတ်လပ်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များအတွက် ကမ္ဘာ့စံနှုန်းတစ်ခုအဖြစ် ကျယ်ပြန့်စွာသဘောတူလက်ခံထားခြင်းတို့ကြောင့် ယင်းလိုင်စင်များကို အသုံးပြုရန် အကြံပြုပါသည်။ ထို့အပြင် Creative Commons လိုင်စင်ရယူထားသည့် လက်ရာများကို Application များ၊ Search engine များနှင့် တခြားသောနည်းပညာများဖြင့်လည်း အလွယ်တကူဖတ်ရှုအသုံးပြုနိုင်ပါသည်။ အခန်း ၃.၁ တွင် CC လိုင်စင်များ၏ ကွဲပြားသောလက္ခဏာများအကြောင်းကို ထပ်မံလေ့လာသွားပါမည်။

လာမည့်အခန်းတွင် လိုင်စင်များ၊ အဖွဲ့အစည်းနှင့် လှုပ်ရှားမှု အစရှိသည့် ယနေ့ခေတ် Creative Commons အကြောင်းကို လေ့လာရမည်ဖြစ်သည်။

အပြီးသတ် မှတ်ချက်များ

အင်တာနက်ပေါ်ရှိအကြောင်းအရာ များအား လူသန်းပေါင်းများစွာမှ တစ်ပြိုင်တည်းရယူသုံးစွဲနိုင်စေရန်နှင့် ယင်း အကြောင်းအရာ များကို လွယ်ကူလျင်မြန်စွာ ပွားယူခြင်း၊ ဝေမျှခြင်း၊ ပေါင်းစပ်ခြင်းတို့ကို နည်းပညာဖြင့် ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါသည်။ အင်တာနက်ပေါ်မှ အချက်အလက်များကို အသုံးပြုရာတွင် ရင်းမြစ်များအား ရယူခွင့်ကဲ့သို့ အတားအဆီးများ များစွာရှိပါသည်။ အဆိုပါရယူသုံးစွဲနိုင်မှုများကို ကျွန်ုပ်တို့အခွင့်ကောင်းရယူနိုင်မှုအပေါ်သို့ မူပိုင်ခွင့်ဥပဒေများက အကန့်အသတ်များ သတ်မှတ်ထားသည်။ ကျွန်တော်တို့အား အင်တာနက်ကွန်ရက်၏ အလားအလာအလုံးစုံကို နားလည်သဘောပေါက်လာစေဖို့ အကူအညီပေးနိုင်ရန် Creative Commons ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၂.၃ လက်ရှိ Creative Commons အခြေအနေ တို့ဖြစ်ကြသည်။

ရုပ်ပုံအသိအမှတ်ပြုချက် opensource.com မှတဆင့် perpetualplum ၏ Creative Commons a vessel ideas လိုင်စင်အမှတ် CC BY-SA 2.0

ဥပဒေဆိုင်ရာအထောက်အကူ အစုအဝေး တစ်ခု၊ အကျိုးအမြတ်မယူသည့် နိုင်ငံတကာကွန်ရက်နှင့် လှုပ်ရှားမှုတစ်ခုအဖြစ် Creative Commons သည် သူ၏သက်တမ်းတစ်လျှောက်တွင် ပုံစံမျိုးစုံဖြင့် ပြောင်းလဲလာခဲ့သည်။

သင်ယူမှုရလဒ်များ

သင်တန်း၏ ဤအခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • Creative Commons ကို လိုင်စင်အစုအဖွဲ့၊ လှုပ်ရှားမှုတစ်ခု၊ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ခွဲခြားသိမြင်လာခြင်း
  • CC ကမ္ဘာလုံးဆိုင်ရာကွန်ရက်၏အခန်းကဏ္ဍကို ရှင်းပြနိုင်ခြင်း
  • အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုအနေဖြင့် CC ၏ အခြေခံလုပ်ငန်းနယ်ပယ်များကို ဖော်ပြနိုင်ခြင်း

ပြန်လည်သုံးသပ်ချက်

သင်သည် Creative Commons တွင် ဖန်တီးသူ၊ ပြန်လည်အသုံးပြုသူ (နှင့်/သို့မဟုတ်) ထောက်ခံသူအဖြစ် ပါဝင်နေပြီလား ပါဝင်ချင်ပါသလား

မိတ်ဆက်

အခုဆိုလျှင် Creative Commons စတင်ခဲ့ရသည့် အကြောင်းရင်းကိုသိကြပြီဖြစ်သည်။ သို့သော် လက်ရှိ Creative Commons အခြေအနေက ဘယ်လိုဖြစ်နေပါသလဲ။

ယနေ့တွင် CC လိုင်စင်များသည် အင်တာနက်ပေါ်မှာပျံ့နှံ့လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ ဖန်တီးသူများက အမျိုးအမျိုးသော အကြောင်းအရာ များအတွက် အသုံးပြုလျက်ရှိပါသည်။ CC လိုင်စင်ထက်ပိုမို ကျယ်ပြန့်သည့် လွတ်လပ်စွာရယူအသုံးပြုနိုင်ရေးလှုပ်ရှားမှု (open movement) ဆိုသည်မှာ ကျွန်ုပ်တို့အချင်းချင်း မျှဝေကာ ပူးပေါင်းလုပ်ဆောင်ပါက ပိုမိုကောင်းမွန်သောကမ္ဘာကြီးဖြစ်လာမည်ဆိုသော အယူအဆကို ဆုပ်ကိုင်ထားသူများ၏ တစ်ကမ္ဘာလုံးဆိုင်ရာ အင်အားစုပင်ဖြစ်ပါသည်။ Creative Commons သည် ၎င်း၏လိုင်စင်များကို ကြီးကြပ်ပြီး လွတ်လပ်စွာရယူအသုံးပြုနိုင်ရေးလှုပ်ရှားမှု (open movement) ကို ထောက်ခံအားပေးသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည်။

လက်ရှိတွင် CC လိုင်စင်များနှင့် အများပြည်သူပိုင်နေရာဆိုင်ရာအထောက်အကူများကို တေးသီချင်းများမှ YouTube ဗီဒီယိုများနှင့် သိပ္ပံဆိုင်ရာသုတေသနများအထိ လက်ရာ ၁.၆ ဘီလီယံကျော်တွင် အသုံးပြုလျက်ရှိနေပါသည်။ လိုင်စင်များသည် ကမ္ဘာ့လှုပ်ရှားမှုတစ်ခုကို လွတ်လပ်ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူမျှဝေပိုင်ဆိုင်သော လူသားတို့၏ ဖန်တီးနိုင်စွမ်းနှင့် ပတ်သက်၍ ပူးပေါင်းပါဝင်ရန် ကူညီပေးခဲ့သည်။ တစ်ချိန်က စတန်းဖို့ဒ်ဥပဒေကျောင်း (Stanford Law School)၏ မြေတိုက်ခန်းအတွင်းတွင် အစပြုခဲ့သော Creative Commons သည် ယခုအခါတွင် ကမ္ဘာတစ်ဝန်းရှိ နယ်ပယ်အသီးသီးမှ စီမံကိန်းအမျိုးမျိုးတွင်လုပ်ကိုင်နေသော ဝန်ထမ်းများရှိနေပြီဖြစ်သည်။

Creative Commons ၏ လက္ခဏာများဖြစ်သည့် လိုင်စင်များ၊ လှုပ်ရှားမှုနှင့် အဖွဲ့အစည်းအကြောင်းကို တစ်ခုချင်းစီ လေ့လာသွားမည်ဖြစ်ပါသည်။

Creative Commons လိုင်စင်များ

CC ဥပဒေဆိုင်ရာ အထောက်အကူများသည် ဖန်တီးသူများက ၎င်းတို့၏လက်ရာများကို စာပေနှင့်အနုပညာမူပိုင်ခွင့်အောက်တွင်အစဉ်အလာဖြစ်သော "မူပိုင်ခွင့်များရယူပြီး (All rights reserved)" ဆိုသည့်နည်းလမ်းထက် ပိုမိုလွတ်လပ်ခွင့်ပြုသော သတ်မှတ်ချက်များဖြင့် အများပြည်သူကို မျှဝေလိုသည့်အခါ အသုံးပြုနိုင်သည့် အခြားနည်းလမ်းတစ်ခုဖြစ်သည်။ ဥပဒေ အထောက်အကူများကို အသုံးပြုသူက အကြောင်းအရာ၊ အချက်အလက်များကို ဖန်တီးထုတ်လုပ်သည့် ပလက်ဖောင်းများ (user-generated content platforms) ဖြစ်သည့် YouTube၊ Flickr နှင့် Jamendo တို့တွင် ပေါင်းစပ်ထည့်သွင်းထားပြီး ၎င်းတို့ကို Wikipedia နှင့် OpenStax ကဲ့သို့ အကျိုးအမြတ်မယူသည့်စီမံကိန်းများတွင် အသုံးပြုကြသည်။ ယင်းတို့ကို Metropolitan Museum of Art နှင့် British Library ကဲ့သို့ တရားဝင်အသိအမှတ်ပြုအဖွဲ့အစည်းများအပြင် တစ်ဦးချင်းဖန်တီးသူများကလည်း အသုံးပြုကြသည်။ အခန်း ၃ နှင့် ၄ တို့တွင် CC လိုင်စင်အမျိုးမျိုးအကြောင်းနှင့် CC လိုင်စင် မှတ်ပုံတင်ထားသော အရင်းအမြစ်အမျိုးမျိုးအားရှာဖွေနည်းတို့ကို လေ့လာသွားပါမည်။

CC ဥပဒေဆိုင်ရာ အထောက်အကူများသည် ဖန်တီးသူတို့အား ၎င်းတို့၏လက်ရာများကို မျှဝေပုံနှင့်ပတ်သက်၍ ‌ ရွေးချယ်စရာများ ပိုပေးသည့်အပြင် တက္ကသိုလ်စာအုပ်ထုတ်ဝေရေးနှင့်ပညာရေးနယ်ပယ်များတွင်လည်း အရေးပါသော မူဝါဒပန်းတိုင်များအဖြစ် ဆောင်ရွက်ပေးသည်။ Creative Commons လိုင်စင်များက ပညာရေးအတွက် ဖန်တီးပေးသည့် အခွင့်အလမ်းများကို သိရှိနိုင်ရန် လွတ်လပ်သောပညာရေး၏အရေးပါပုံ ဗီဒီယိုကိုကြည့်ပါ။ အစုအပေါင်းအားဖြင့် ဥပဒေဆိုင်ရာ အထောက်အကူများသည် တစ်ကမ္ဘာလုံး ဘုံပိုင်သော မည်သူမဆို လွတ်လပ်စွာရယူနိုင်သည့် ရုပ်ပြစာအုပ်များ မှ ကာတွန်းစာအုပ်များ အထိ အကြောင်းအရာမျိုးစုံကို ် ကူညီဖန်တီးပေးသည်။

CC လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်မလိုသည့် အလုပ်ကိုလည်း လုပ်နိုင်ပါသည်။ မျှဝေခြင်းကို ကျင့်သုံးသည့်နေရာများတွင် လိုင်စင်များသည် တန်ဖိုးများနှင့် မတူညီသည့်ဆောင်ရွက်ပုံနည်းလမ်းကို အချက်ပြရန်ဆောင်ရွက်သည်။

တချို့သောအသုံးပြုသူများအတွက် ဘုံအရင်းအမြစ်များ (commons) ၏ စီးပွားရေးပုံစံကို ကြည့်ရန်လိုအပ်သည်။ စီးပွားရေးပညာရှင် David Bollier က " အဖွဲ့အစည်းတစ်ခုအနေဖြင့် အရင်းအမြစ်တစ်ခုကို မျှမျှတတဖြင့် ရယူ၊ သုံးစွဲ၊ ထိန်းသိမ်းခြင်းကို အထူးဂရုပြုကာ အစုအဖွဲ့ဖြင့် စီမံလိုသည့်အချိန်တိုင်း ဘုံအရင်းအမြစ်များ ပေါ်ပေါက်လာသည်" ဟု ဆိုသည်။ ဝီကီပီးဒီးယား (Wikipedia) သည် CC လိုင်စင်ရယူထားသည်အကြောင်းအရာများကိုအသုံးပြုကာ ဘုံအရင်းအမြစ်ျားကိုအခြေခံထားသော အသိုင်းအဝိုင်းတစ်ခု၏ နမူနာကောင်းပင် ဖြစ်သည်။ ဘုံအရင်းအမြစ်များ (commons) အကြောင်းကို နောက်တိုးအကိုးအကား ကဏ္ဍတွင် လေ့လာနိုင်သည်။

အခြားအသုံးပြုသူများအတွက်မူ CC ဥပဒေဆိုင်ရာ အထောက်အကူများနှင့် တံဆိပ် (buttons) များသည် အမြုတေတန်ဖိုးများအား နှစ်ခြိုက်မှုကို ဖော်ပြနေသည်။ CC buttons များသည် မျှဝေခြင်း၊ လွတ်လပ်ခြင်းနှင့် လူသားတို့ ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် အတွေ့ရများသော သင်္ကေတများဖြစ်လာသည်။ CC အမှတ်တံဆိပ် (logo) နှင့် သင်္ကေတ (icon) များသည် ယခုအချိန်တွင် နယူးယောက်မြို့ရှိ Museum of Modern Art (MoMA) မော်ဒန်အနုပညာပြတိုက်၏ အမြဲတည်ရှိနေမည့် ဒီဇိုင်းစုစည်းမှုထဲတွင် ပါဝင်နေပြီဖြစ်သည်။

CC လိုင်စင်များကို အသုံးပြုခြင်းအတွက် တစ်ခုတည်းသော အရင်းခံအကြောင်းအရင်းမရှိသော်လည်း အသိပညာနှင့် ဖန်တီးနိုင်မှုစွမ်းအားသည် ဈေးကွက်တန်ဖိုးထုတ်ယူရန်ဖြစ်သည့် သာမန်လူသုံးကုန်ပစ္စည်းမမဟုတ်ဘဲ ကျွန်ုပ်တို့၏ယဉ်ကျေးမှုကို တည်ဆောက်ပေးသည့်အုတ်ချပ်များဖြစ်သည် ဆိုသည့် အခြေခံယုံကြည်မှုတွင် CC လိုင်စင်ချပေးခြင်းက မြစ်ဖျားခံသည်ဆိုသော အခြေခံအသိတစ်ခုရှိသည်။ လိုင်စင်များသည် လူတိုင်းတွင် မျှဝေစရာတစ်ခုခုရှိပြီး ကျွန်ုပ်တို့၏အတူမျှဝေထားသည့် ယဉ်ကျေးမှုကို မည်သူမျှ ပိုင်ဆိုင်ခွင့်မရှိဟူသောယုံကြည်မှုကို ထင်ဟပ်နေသည်။ အခြေခံအားဖြင့် မျှဝေမည်ဟူသော ကတိအပေါ်ယုံကြည်ချက် ထင်ဟပ်နေသည်။

Creative Commons လှုပ်ရှားမှု

၂၀၀၁ ခုနှစ်မှစတင်၍ နိုင်ငံသီးသီးမှ လူအများစုပေါင်းကာ Creative Commons နှင့် လွတ်လပ်သော လိုင်စင်များအရေးကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါဆောင်ရွက်မှုများတွင် ကမ္ဘာတစ်ဝန်းမှ စာပေနှင့်အနုပညာမူပိုင်ခွင့်ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူများ၊ အစိုးရထောက်ပံ့သည့် ပညာရေးဆိုင်ရာအရင်းအမြစ်များ၊ သုတေသနနှင့်အချက်အလက်များကို လွတ်လပ်စွာသုံးစွဲနိုင်ရေး အာဏာအပ်နှင်းသည့် မူဝါဒများ မြှင့်တင်သော မူဝါဒချမှတ်သူများနှင့် အမြုတေတန်ဖိုးချမှတ်သည့် ဖန်တီးသူများ ပါဝင်ပါသည်။

Creative Commons တွင် ပါဝင်ရန် နည်းလမ်းများစွာရှိပါသည်။ CC တွင် ရှေ့နေများ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ အနုပညာရှင်များနှင့် အခြားသော သူများ ပါဝင်သည့်တရားဝင် CC ကမ္ဘာလုံးဆိုင်ရာကွန်ရက် (CC Global Network) တစ်ခုရှိသည်။ ၎င်းတို့အားလုံးက မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းနှင့် ကိစ္စရပ်မျိုးစုံတို့တွင် လုပ်ကိုင်ဆောင်ရွက်နေကြသည်။ CC ကမ္ဘာလုံးဆိုင်ရာကွန်ရက် (CC Global Network) တွင် ကမ္ဘာတစ်ဝန်းမှ အဖွဲ့ဝင်ပေါင်း ၅၀၀ ကျော်နှင့် ဒေသန္တရရုံးခွဲ ပေါင်း ၄၀ ကျော်ပါဝင်သည်။ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံအားလုံးတွင် CC ဒေသန္တရရုံးခွဲ များရှိသည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ၌ Creative Commons ဒေသန္တရရုံးခွဲ မရှိသေးပါ။

CC ကမ္ဘာလုံးဆိုင်ရာကွန်ရက် (CC Global Network) ဆိုသည်မှာ Wikipedia တွင်ရေးသားသူများ၊ Mozila တွင်ရေးသားသူများ၊ open access ထောက်ခံသူများနှင့် အခြားသောဆောင်ရွက်သူများ ပါဝင်သော ပိုမိုကျယ်ပြန့်သည့် လွတ်လပ်စွာရယူအသုံးပြုနိုင်ရေးလှုပ်ရှားမှု (open movement) တွင် အဖွဲ့အစည်းတစ်ခုသာလျှင်ဖြစ်သည်။

ကွန်ရက်ချိတ်ဆက်ကာ လွတ်လပ်စွာမျှဝေခြင်းက နည်းပညာထက် ပိုမိုရှေ့ရောက်သော လှုပ်ရှားမှုတစ်ခုအဖြစ် လက်တွေ့ကျသည့်အကျိုးကျေးဇူးကိုဖြစ်စေသော ပထမဆုံး (domain) နေရာတစ်ခုအဖြစ် Open source software ကသတ်မှတ်ခံထားရသည်။ အခြားလှုပ်ရှားမှုများအကြောင်း The Conversation ၏ ရှင်းပြချက်ူ က ကော်ပိုရေးရှင်းလောကမှ open innovationopen data (Open Data Commons ကိုကြည့်ရန်) နှင့် crowdsourcing ကဲ့သို့ အခြားသောဥပမာများကိုလည်း ထည့်သွင်းထားသည်။ သုတေသနများကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်စေရန် ရည်ရွယ်သော open access လှုပ်ရှားမှု၊ open science လှုပ်ရှားမှု နှင့် လွတ်လပ်သော ပညာရေးဆိုင်ရာ အရင်းအမြစ်များ အတွက် ကြီးထွားလာသော လှုပ်ရှားမှုများလည်း ရှိသည်။

Creative Commons အဖွဲ့

Creative Commons ဥပဒေ အထောက်အကူများကို ကြီးကြပ်ကာ လွတ်လပ်စွာရယူအသုံးပြုနိုင်ရေးလှုပ်ရှားမှု (open movement) ကို ကူညီပံ့ပိုးပေးနေသော အကျိုးအမြတ်မယူသောအဖွဲ့အစည်းငယ်လေးတစ်ခုဖြစ်သည်။ CC သည် ကမ္ဘာတစ်ဝန်းတွင် CC ဝန်ထမ်းများနှင့် ကန်ထရိုက်တာများ လုပ်ကိုင်ဆောင်ရွက်နေသည့့် ဖြန့်ကျက်ထားသော အဖွဲ့အစည်း ို ၎င်း၏ဝက်ဘ်ဆိုက်မှတစ်ဆင့် ဆက်သွယ်နိုင်သည်။

Creative Commons သည်

  • ဒစ်ဂျစ်တယ်ဘုံအရင်းအမြစ်များတွင်ရှိနေသော အကြောင်းအရာ၊ အချက်အလက်များကို ပိုမိုလွယ်ကူစွာ ရှာဖွေအသုံးပြုနိုင်ရန် ဖန်တီးထားသော နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံပေါ်တွင် လုပ်ဆောင်ပါသည်။
  • ယနေ့ခေတ်အင်တာနက်အတွက် CC ၏ ဥပဒေအထောက်အကူများနှင့် ပညာရပ်ဆိုင်ရာ အထောက်အကူများအားလုံးကို ပိုမိုဆီလျော်စွာသုံးစွဲနိုင်မည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားထားပါသည်။

အပြီးသတ် မှတ်ချက်များ

Creative Commons သည် ဥပဒေကျောင်းတစ်ခု၏မြေတိုက်ခန်းလေးတစ်ခုတွင် အစပြုခဲ့ရာမှ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် အောင်မြင်ကြီးထွားလာခဲ့ကာ တူညီသည့် အမြုတေတန်ဖိုးများနှင့် ဆက်စပ်နေသော ကျယ်ပြန့်ပြီးလူသိများသည့် နာမည်တစ်ခုကို ရရှိထားပြီဖြစ်ပါသည်။ ၎င်းသည် တစ်ချိန်တည်းတွင် လိုင်စင်စုတစ်ခု ၊ လှုပ်ရှားမှုတစ်ခု နှင့် အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါသည်။

ယခု Creative Commons နှင့် အများပြည်သူပိုင်နေရာ (pubilc domain) အကြောင်းကို လေ့လာပြီးပြီဖြစ်သည့်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ကိုချိုးဖောက်ခြင်းမရှိဘဲ အရင်းအမြစ်များကို မျှဝေ၊ ပြောင်းလဲ၊ အသုံးပြုနိုင်စေသော လိုင်စင်အမျိုးမျိုးအကြောင်းကို အသေးစိတ်ဆက်လက်လေ့လာကြပါစို့။

အခန်း ၂ ဉာဏ်စမ်းမေးခွန်းများ