Skip to main content
Printable page generated သောကြာ, 3 မေ 2024, 08:05
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated သောကြာ, 3 မေ 2024, 08:05

အခန်း ၃ CC လိုင်စင်အား လေ့လာဆန်းစစ်ခြင်း

နိဒါန်း

Which licence?’ သည် UK-Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk)၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးထားပြီး CC BY 2.0 ဖြင့် မှတ်ပုံတင်ထားသည်။

Creative Commons လိုင်စင်များသည် တစ်ဦးချင်းတီထွင်ဖန်တီးသူများမှ ကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းများအထိ ၎င်းတို့၏ ဖန်တီးမှုလက်ရာကို အခြားသူများအား အသုံးပြုခွင့် ပေးနိုင်ရန် ရှင်းလင်း၍ တသမတ်တည်းဖြစ်သော နည်းလမ်းတစ်ခုကို ပေးသည်။ ယင်းလိုင်စင်ကို မည်သို့အသုံးချနိုင်သနည်းဟူသည့် မေးခွန်းကို ပြန်လည်အသုံးပြုသူဘက်မှနေ၍ ကြည့်ပါက Creative Commons လိုင်စင်ဆိုသည်မှာ ရှင်းလင်းစွာသတ်မှတ်ထားသည့်အခြေအနေများနှင့်ကိုက်ညီပါက လွတ်လပ်စွာ ပြန်လည်အသုံးပြုနိုင်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည် ဖြစ်ပါသည်။

Creative Commons လိုင်စင်များအားလုံးသည် အခြားသူများကို မိမိ၏တီထွင်ဖန်တီးမှု လက်ရာအား မိတ္တူပွားခြင်း နှင့် ပြန်လည်ဖြန့်ချိခြင်းတို့ကို ခွင့်ပြုထားနိုင်သည့်အပြင် တီထွင်ဖန်တီးသူ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် မူလလက်ရာရှင်အဖြစ် အသိအမှတ်ပြုခံခြင်းတို့အား ထိန်းသိမ်းထားနိုင်စေမည်ဖြစ်သည်။ ယင်းအထောက်အကူတို့ကို အသုံးပြုရန် အလွယ်ကူဆုံးဖြစ်စေဖို့ ဖန်တီးထားခြင်း ဖြစ်သော်လည်း ၎င်းတို့ အလုပ်လုပ်ပုံကို နှံ့စပ်စွာ သိရှိနားလည်စေရန် လေ့လာစရာများရှိနေပါသေးသည်။

ဤအခန်းတွင် အပိုင်း ၄ ပိုင်းရှိသည်။

  • ၃.၁ လိုင်စင်ဖွဲ့စည်းပုံနှင့် အသုံးအနှုန်းများ
  • ၃.၂ လိုင်စင်၏ သက်ဆိုင်သည့်နယ်ပယ်
  • ၃.၃ လိုင်စင်အမျိုးအစားများ
  • ၃. ၄ လိုင်စင်၏ စိုးမိုးနိုင်စွမ်း

ဤအခန်းမှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်တိုးအရင်းအမြစ်များ တွင် လေ့လာနိုင်ပါသည်။

၃.၁ လိုင်စင်ဖွဲ့စည်းပုံနှင့် အသုံးအနှုန်းများ

ဓာတ်ပုံ အသိအမှတ်ပြုချက် Bill Smith ၏ OPEN လိုင်စင်အမှတ် CC BY 2.0

ဤအခန်းတွင် Creative Commons အထောက်အကူများဆိုင်ရာ အတိုကောက်များ၊ အခေါ်အဝေါ်များနှင့် သင်္ကေတများအကြောင်းကို ရှင်းပြထားပါသည်။ လိုင်စင်များကို ဖန်တီးထားပုံနှင့်သက်ဆိုင်သော အရေးကြီးသည့် အင်္ဂါရပ်များကို သုံးသပ်သွားမည်ဖြစ်သည်။

သင်ယူမှုရလဒ်များ

ဤအခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • CC လိုင်စင် အမျိုးမျိုးကို ခွဲခြားနားလည်ခြင်း
  • CC လိုင်စင် အလွှာ ၃ ခုကို သိရှိနားလည်ခြင်း

ပြန်လည်သုံးသပ်ချက်

အခန်း ၁ နှင့် ၂ ရှိအကြောင်းအရာများကို ပြန်လည်သုံးသပ်ကြည့်ရာတွင် CC လိုင်စင် ရှိသော အရင်းအမြစ်များသည် အဘယ်ကြောင့် အသုံးဝင်ရပါသနည်း။ CC လိုင်စင်ရှိသည့် အရင်းအမြစ်များသည် သင့်တက္ကသိုလ် သို့မဟုတ် ကောလိပ်အတွက် မည်သို့ အကျိုးဖြစ်ထွန်းစေပါသနည်း။

မိတ်ဆက်

ကျွန်ုပ်တို့အများစုသည် ရှေ့နေများ မဟုတ်ကြသည့်အတွက် Creative Commons လိုင်စင်များကို နည်းမှန်လမ်းမှန် အသုံးပြုရန်အတွက် ဥပဒေရေးရာများ နှင့် ပတ်သက်ပြီး မည်သည့်အချက်များကို သိရှိထားရန် လိုအပ်ပါသလဲ။

Creative Commons ၏ ဥပဒေအထောက်အကူများကို ဥပဒေပိုင်းအရ ကြံ့ခိုင်မှုရှိအောင်အပြင် မည်သူမဆို အသုံးပြုနိုင်အောင်လည်း ရေးဆွဲထားပါသည်။ CC ကို တည်ထောင်သူများက ယင်းဥပေဒေအထောက်အကူများအား အသုံးပြုရန်နှင့် နားလည်ရန် နှိုင်းယှဉ်ချက်အရ လွယ်ကူစေဖို့ ဒီဇိုင်းနှင့်ဆိုင်သော ဆုံးဖြတ်ချက်များ များစွာချမှတ်ခဲ့ကြသည်။

အခန်း ၁ တွင် တွေ့မြင်ခဲ့ရသည့်အတိုင်းပင် စာပေနှင့်အနုပညာမူပိုင်ခွင့်သည် "မူပိုင်ခွင့်များထိန်းသိမ်းထားပြီး (All rights reserved)"ဟူသည့် နည်းလမ်းတစ်ခုအောက်တွင် ပုံမှန်အားဖြင့် လုပ်ဆောင်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအောက်တွင် Creative Commons လိုင်စင်များက လုပ်ဆောင်သော်လည်း "မူပိုင်ခွင့်အချိုထိန်းသိမ်းထားပြီး (Some rights reserved) "ဟူသော ပုံစံတစ်ခုကို အသုံးချပါသည်။ ရွေးချယ်စရာ CC လိုင်စင်အမျိုးမျိုး ရှိနေသော်လည်း ယင်းတို့အားလုံးသည် တစ်သတ်မှတ်တည်းဖြစ်သော စည်းကမ်းသတ်မှတ်ချက် အချို့အောက်တွင် အများပြည်သူအား အသုံးပြုခွင့်ပေးထားပါသည်။ ယင်းလိုင်စင်များက သက်ဆိုင်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့် တည်ရှိနေသ၍ သို့မဟုတ် သင့်ဘက်မှ လိုင်စင်စည်းကမ်းချက်တစ်ခုခုကို ဖောက်ဖျက် မိသည့်အချိန်အထိ အဆိုပါ ခွင့်ပြုချက်များကို ခွင့်ပြုထားမည်ဖြစ်သည်။ CC လိုင်စင်များက စာပေနှင့်အနုပညာမူပိုင်ခွင့် နေရာတွင် အလုပ်လုပ်ခြင်း မဟုတ်ဘဲ စာပေနှင့်အနုပညာမူပိုင်ခွင့်ကို အခြေခံ၍ အလုပ်လုပ်သည်ဟုကျွန်ုပ်တို့ဆိုရာတွင် အောက်ပါအတိုင်း မှတ်ယူရမည်ဖြစ်ပါသည်။

မိမိတို့၏ လက်ရာများကိုအသုံးပြုနိုင်မည့် ခွင့်ပြုချက်များအား အများပြည်သူကို လွတ်လပ်စွာ ပေးချင်သော ဖန်တီးသူများအတွက် အခမဲ့ မိမိဆန္ဒအလျောက်အသုံးပြုနိုင်သောနည်းလမ်းတစ်ခုအဖြစ် ဤလိုင်စင်များကို ပုံစံချရေးဆွဲထားခြင်းဖြစ်ပါသည်။ ယင်းတို့သည် ဥပဒေကြောင်းအရ စိုးမိုးနိုင်စေသော အထောက်အကူများ ဖြစ်သော်လည်း ရှေ့နေမဟုတ်သော အခြားသူများပါ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။

လိုင်စင်ဖွဲ့စည်းပုံ

လိုင်စင်များကို အလွှာ ၃ ခုရှိသည့်ဒီဇိုင်းဖြင့် ရေးဆွဲထားပါသည်။

ရုပ်ပုံကိုးကား Creative Commons, Nathan Yergler and Alex Roberts ၏ Three layers of license လိုင်စင်အမှတ် CC BY 3.0

အထက်ပါပုံတွင် ပြထားသည့်အတိုင်း လိုင်စင်တစ်ခု၏ အလွှာတစ်ခုချင်းစီအား လေ့လာကြည့်ကြပါမည်

  • ဥပဒေရေးရာပြဋ္ဌာန်းချက် (Legal Code) သည် အခြေခံအလွှာဖြစ်ပါသည်။ ၎င်းတွင် တရားရုံး၌ ဥပဒေကြောင်းအရ လျှောက်လဲနိုင်မည့် "ရှေ့နေများသာနားလည်နိုင်သော (lawyer-readable)" အထွေထွေစည်းကမ်းချက်များ (terms and conditions) ပါဝင်သည်။
  • သာမန်လူများနားလည်နိုင်(human-readable)သည့် Commons သဘောတူညီချက် (commons deeds) သည် ယင်းလိုင်စင်များတွင် လူသိအများဆုံးအလွှာဖြစ်သည်။ ယင်းသဘောတူညီချက်များသည် ရှင်းလင်းပြီး အလွယ်တကူနားလည်နိုင်သည့် အဓိကလိုင်စင်စည်းကမ်းချက်များကို ဖော်ပြထားသော ဝက်ဘ်ဆိုက်စာမျက်နှာများဖြစ်ကြသည်။ ယင်းသဘောတူညီချက်များသည် ဥပဒေရေးရာပြဋ္ဌာန်းချက်ကို အနှစ်ချုပ်ဖော်ပြထားခြင်းဖြစ်ပြီး ၎င်းတို့ကို ဥပဒေကြောင်းအရ စိုးမိုးနိုင်စေခြင်းမရှိပါ။
  • လိုင်စင်ပုံစံ၏ နောက်ဆုံးအလွှာ၌ လက်ရာများကို ဖန်တီးခြင်း ၊ မူပွားခြင်း၊ ရှာဖွေခြင်းနှင့် ဖြန့်ချိခြင်းများတွင် ဆော့ဖ်ဝဲသည် အရေးပါအရာရောက်ကြောင်း အသိအမှတ်ပြုထားပါသည်။ လက်ရာတစ်ခုကို Creative Commons လိုင်စင်တစ်ခုအောက်တွင် ရယူအသုံးပြုနိုင်ပြီဆိုပါက ဝက်ဘ်ဆိုက်နှင့် ဝက်ဘ်ဆိုက်အခြေခံဝန်ဆောင်မှုများမှ ၎င်းကို အလွယ်တကူ သိရှိနိုင်ရန်အတွက် Creative Commons က လိုင်စင်အား 'ကွန်ပျူတာများနားလည်နိုင်သော (Machine readable)' လိုင်စင်ပုံစံတစ်မျိုးကို ထုတ်ပေးပါသည်။ ခွင့်ပြုပေးထားသော အရေးကြီးသည့် လွတ်လပ်စွာအသုံးပြုခွင့်များနှင့် တာဝန်ဝတ္တရားများဆိုင်ရာ အကျဉ်းချုပ်တစ်ခုဖြစ်ပြီး အပ်ပလီကေးရှင်း (applications) ၊ ရှာဖွေရေးအင်ဂျင်များ (search engines) နှင့် အခြားနည်းပညာအမျိုးမျိုးမှ နားလည်နိုင်သော ပုံစံဖြင့် တစ်မျိုးပင်ဖြစ်သည်။ ယင်းကိစ္စအထမြောက်ရန်အလို့ငှာ ဆော့ဖ်ဝဲများ နားလည်နိုင်သည့် CC Rights Expression Language (CC REL) ဟုခေါ်သော လိုင်စင်များကို ဖော်ပြသည့် တသမတ်တည်းဖြစ်သော နည်းလမ်းတစ်ခုကို Creative Commons က ဖော်ထုတ်ခဲ့ပါသည်။ ယင်း မက်တာဒေတာ (metadata) ကို CC လိုင်စင်ရှိသည့် လက်ရာများတွင် ထည့်ပေးထားလျှင် (Google ၏ advanced search ကဲ့သို့) ရှာဖွေရေးအင်ဂျင်နည်းပညာကို အသုံးပြုပြီး CC လိုင်စင်ရှိသော လက်ရာတစ်ခုကို ရှာဖွေပါက CC လိုင်စင်ရှိသည့် လက်ရာများကို အလွယ်တကူ ရှာတွေ့နိုင်မည် ဖြစ်ပါသည်။

လိုင်စင်၏ မတူသောအလွှာများကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မလဲ သိရန် CC BY 4.0 International licence ကိုကြည့်ပါစို့။ ယင်းသည် သာမန်လူများနားလည်နိုင်(human-readable)သည့် ပုံစံဖြစ်သည်။

Creative Commons ၏ CC BY 4.0 International Human-Readable License ၏ ရုပ်ပုံအတွက် CC BY 4.0 လိုင်စင်သုံးထားသည်။

လိုင်စင်မှ ခွင့်ပြုထားသည့် ခွင့်ပြုချက်များစာရင်း၏ရှေ့တွင် တွေ့ရမှာဖြစ်သည့်အတိုင်း ရှင်းလင်းစွာရေးထားသည်မှာ - သာမန်လူများနားလည်နိုင်သော လိုင်စင် ၏ (လိုင်စင်ကို အစားထိုးမှုတစ်ခု မဟုတ်ပါ) အကျဉ်းချုပ်ဖြစ်ပါသည်။ ယခုလင့်ခ်ကိုကလစ်နှိပ်ပါက ဤလိုင်စင်အမျိုးအစားကို ကြံ့ခိုင်စေသော ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) ကိုတွေ့ရမည်ဖြစ်သည်။

သင့်ကိုယ်ပိုင်လက်ရာတစ်ခုအတွက် CC လိုင်စင်တစ်ခုကိုသုံးပါက CC လိုင်စင်ရ အကြောင်းအရာများကို လွှင့်တင်ပေးထားသည့် (Flickr ကဲ့သို့) ပလက်ဖောင်းအချို့တွင် ကွန်ပျူတာများနားလည်နိုင်သောစာ (machine-readable code) ကို သင့်လက်ရာတွင် ထည့်သွင်းပေးမည်ဖြစ်ပြီး ယင်းလက်ရာသည် ထိုပလက်ဖောင်းပေါ်တွင် အများပြည် သူကြည့်ရှုခွင့်လိုင်စင်ရှိသည့်လက်ရာများအဖြစ် တည်ရှိနိုင်မည်ဖြစ်သည်။ သင့်တွင်ကိုယ်ပိုင် ဝက်ဘ်စာမျက်နှာရှိသည်ဆိုပါက Creative Commons လိုင်စင်ရွေးချယ်ပါ ကိုအသုံးပြုပြီး ကွန်ပျူတာများနားလည်နိုင်သော (Machine readable)' လိုင်စင်ပုံစံကို ထည့်သွင်းထားနိုင်မည် ဖြစ်ပါသည်။ ယင်းလိုင်စင်က သင့်လက်ရာသည် CC လိုင်စင်တစ်ခုကို အသုံးပြုထားသောလက်ရာအဖြစ် အခြားသူများက သိနိုင်စေမည်ဖြစ်သည်။ (အခန်း ၄ နှင့် ၅ တွင် သင့်လက်ရာကို လိုင်စင်တင်ပုံတင်နည်းကို ဆွေးနွေးသွားပါမည်။)

Creative Commons Licence Chooser မှ ကွန်ပျူတာများနားလည်နိုင်သောစာ (machine-readable code) နမူနာပုံစံ CC BY 4.0 လိုင်စင်

CC လိုင်စင် အခြေခံများ

Creative Commons လိုင်စင်များအားလုံးတွင် တူညီသော အရေးကြီးသည့်အင်္ဂါရပ်များစွာရှိနေပါသည်။

  • CC လိုင်စင်တိုင်းသည် လိုင်စင်ပိုင်ရှင်များအား ၎င်းတို့၏ လက်ရာဖြစ်ကြောင်း လူသိရှင်ကြား အသိအမှတ်ပြုခွင့်ရရှိမှု သေချာစေပါသည်။
  • CC လိုင်စင်များသည် နိုင်ငံတကာတွင် အကျုံးဝင်ပါသည်။
  • CC လိုင်စင်တစ်ခုသည် (စာပေနှင့်အနုပညာမူပိုင်ခွင့်ကို အခြေခံထားသည့်အတွက်) သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့် သက်ရောက်နေသ၍၊ အသုံးပြုသူက လိုင်စင်စည်းကမ်းများကို လိုက်နာနေသ၍ တည်တံ့နေမည်ဖြစ်ပါသည်။ မြန်မာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်အရ ဖန်တီးမှုလက်ရာအများစုသည် မူလလက်ရာရှင်ကွယ်လွန်ပြီးနောက် အနှစ် ၅၀ ကာလအထိ စာပေနှင့်အနုပညာမူပိုင်ခွင့် အကာအကွယ်ရရှိမည်ဖြစ်သည်။
  • လိုင်စင်တစ်ခုချင်းစီသည် မူလလက်ရာရှင်များ ( CC အထောက်အကူများကိုအသုံးပြုလျှင် "လိုင်စင်ပိုင်ရှင်များ (licensors)" ဟုခေါ်သည်) အနေဖြင့် အနိမ့်ဆုံးအားဖြင့် မူပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်စေလျှက် အခြားသူများကို ၎င်းတို့၏ လက်ရာများအား ပြုပြင်ပြောင်းလဲမထားသည့်ပုံစံဖြင့် စီးပွားရေးအကျိုးအမြတ်ပြန်မရှာသော ရည်ရွယ်ချက်များအတွက် မူပွားခြင်းနှင့်ဖြန့်ဝေခြင်းတို့ ခွင့်ပြုပေးနိုင်ရန် ကူညီပေးပါသည်။ လိုင်စင်တစ်ခုချင်းစီတွင် တူညီသော လက္ခဏာများက အခြေခံအဖြစ်ပါရှိနေပြီး ယင်းအခြေခံပေါ်တွင် မူတည်၍ လိုင်စင်ပိုင်ရှင်အနေဖြင့် မိမိလက်ရာအား မည်သို့ပြန်လည်အသုံးပြုစေချင်သည့်အပေါ်မူတည်ကာ အခြားခွင့်ပြုချက်များကို ထပ်မံရွေးချယ်ထည့်သွင်းပေးနိုင်ပါသည်။

ရှေ့တွင် ဖော်ပြခဲ့သည့်ဥပမာအတိုင်း CC လိုင်စင်များတွင် မူကွဲအမှတ် (version number) ပါဝင်ပါသည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လ တွင် CC လိုင်စင်များသည် မူကွဲအမှတ် ၄.၀ သို့ရောက်ရှိနေပြီဖြစ်သည်။ အခြားဖော်ပြထားခြင်းမရှိလျှင် ဤသင်တန်းတစ်လျှောက်လုံးတွင် CC လိုင်စင်များကို ဖော်ပြချက်များအားလုံးသည် ဤဗားရှင်း ၄.၀ အား ညွှန်းဆိုသည်ဟု မှတ်ယူရပါမည်။ (အခန်း ၃.၄ တွင် မူကွဲအမျိုးမျိုးများအကြောင်းကို ပိုမိုလေ့လာရမည်ဖြစ်သည်)

လိုင်စင်ပိုင်ရှင်အတွက် ရွေးချယ်စရာများ

Creative Commons လိုင်စင်များအားလုံးတွင် အသုံးပြုသူများအနေဖြင့် လိုင်စင်စည်းကမ်းများအတိုင်းလိုက်နာနေသမျှ ကာလပတ်လုံး သက်ဆိုင်ရာလက်ရာအား ကျယ်ပြန့်စွာအသုံးပြုခွင့်ရရှိနေစေရန် စီစဉ်ရေးဆွဲထားခြင်းဖြစ်သည်။ လိုင်စင်အားလုံး၏ အခြေခံစည်းကမ်းချက်မှာ အသုံးပြုသူသည် လိုင်စင်ပိုင်ရှင်နှင့် မူရင်းလက်ရာအား မည်သည့်နေရာတွင်ရှာတွေ့နိုင်သည်ကဲ့သို့သော အခြားအချက်အလက်တို့ကို အသိအမှတ်ပြုဖော်ပြပေးရန်ဖြစ်သည်။

CC လိုင်စင်ပိုင်ရှင်သည် လိုင်စင်အမျိုးအစားရွေးချယ်ရာတွင် ဆုံးဖြတ်ချက်အနည်းငယ် ပြုလုပ်ရပါမည်။ ပထမအချက် - စီးပွားဖြစ်အသုံးပြုမှု (commercial use) ကိုခွင့်ပြုလိုသလား။ ဒုတိယအချက် - ဆင့်ပွားလက်ရာများ (ပြုပြင်ပြောင်းလဲထားသည့် သို့မဟုတ် မှီငြမ်းထားသည့်လက်ရာများဟုလည်း သိကြသည်) ပြုလုပ်ခြင်းကိုခွင့်ပြုလိုပါသလား။ မည်သို့ဆုံးဖြတ်ရမည်ကို နောက်အခန်းတစ်ခန်းတွင် ရှင်းပြပေးထားပါသည်။

လိုင်စင်ပိုင်ရှင်သည် ဆင့်ပွားလက်ရာများကို ခွင့်ပြုရန်ဆုံးဖြတ်လျှင် ၎င်း၏လက်ရာကိုအသုံးပြုသူ (လိုင်စင်ရရှိသူ ဟုခေါ်သည်) မည်သူမဆိုက ၎င်းတို့၏ လက်ရာအသစ်ကို တူညီသော မူလလိုင်စင်ပါ စည်းကမ်းချက်များအတိုင်း ရယူအသုံးပြုခွင့်ပေးရမည်ဟု သတ်မှတ်ထားနိုင်သည်။ ယင်းလိုင်စင်ကို 'ShareAlike' လိုင်စင်ဟုခေါ်ပါသည်။ ယင်းလိုင်စင်သည် CC လိုင်စင်ရှိသည့် အကြောင်းအရာ၊ အချက်အလက်များ၏ ဒစ်ဂျစ်တယ် ဘုံအရင်းအမြစ်များကို ကာလာကြာလာသည်နှင့်အမျှ ပိုမိုများပြားလာစေမည့် ယန္တရားများထဲမှ တစ်ခုပင်ဖြစ်သည်။ ShareAlike ကို အခမဲ့ နှင့် open source software ပရောဂျက်များ တွင် အသုံးများသော GNU General Public Licence ကို နမူနာယူ၍ ဖန်တီးခဲ့ကြဖြင်းဖြစ်ပါသည်။

အဆိုပါကွဲပြားသည့် လိုင်စင်အစိတ်အပိုင်းများကို မြင်တွေ့နိုင်သော သင်္ကေတ(Icon) ပုံများဖြင့် အမှတ်အသားပြုထားပါသည်။

ဤသင်္ကေတ၏ ဆိုလိုရင်းမှာ လူသိရှင်ကြား အသိအမှတ်ပြုခြင်း (Attribution)သို့ မဟုတ် "BY" ဟုသုံးနှုန်းသည်။ လိုင်စင်များအားလုံးတွင် ဤသတ်မှတ်ချက်ပါဝင်ပါသည်။ CC လိုင်စင်ရှိသော မည်သည့် အရင်းအမြစ်ကိုမဆို အသုံးပြုပါက အသုံးပြုသူသည် မူလလက်ရာရှင်ကို လူသိရှင်ကြား အသိအမှတ်ပြုရမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ အကောင်းဆုံး အသိအမှတ်ပြုသည့်ပုံစံမှာ အမည်၊ မူလလက်ရာရှင်၊ ရယူခဲ့သည့်နေရာ (source) နှင့် လိုင်စင်တို့ကို ဖော်ပြခြင်းပင်ဖြစ်သည်။ ဤသင်တန်း၏ ကျန်ရှိသောအပိုင်းများတစ်လျှောက်တွင် မိမိအသုံးပြုသည့် အရင်းအမြစ်များအား အသိအမှတ်ပြုပသည့် နမူနာပုံစံများကို မြင်တွေ့ကြရပါမည်။
ဤသင်္ကေတ၏ ဆိုလိုရင်းမှာ စီးပွားဖြစ်မဟုတ်သော(NonCommercial)သို့မဟုတ် "NC' ဟု သုံးသည်။ ဤသင်္ကေတပါသော လက်ရာသည် စီးပွားရေးဖြစ်မဟုတ်သော အသုံးချခြင်းကိုသာ ပြုလုပ်နိုင်သည်ဟုအဓိပ္ပာယ် ရပါသည်။ အဆိုပါအရင်းအမြစ်ကို အသုံးချ၍ အကျိုးအမြတ် သို့မဟုတ် ငွေကြေးတစ်စုံတစ်ရာ ပြန်ရှာရန်ခွင့်မပြုဟု ဆိုလိုပါသည်။ CC လိုင်စင်များမှ လိုင်စင် ၃ မျိုးတွင် ဤတားမြစ်ချက်ကို ထည့်သွင်းထားပါသည်။
ဤသင်္ကေတ၏ ဆိုလိုရင်းမှာ လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန်(ShareAlike)သို့မဟုတ် 'SA' ဟု သုံးပါသည်။ ဤသင်္ကေတပါသော လက်ရာများကို အခြေခံ၍ ပြုပြင်ပြောင်းလဲထားသောလက်ရာများ သို့မဟုတ် မှီငြမ်းထားသော လက်ရာများအား တူညီသော လိုင်စင်အောက်တွင်သာ ပြန်လည်ထားရှိရမည်ဟု အဓိပ္ပာယ် ရပါသည်။ CC လိုင်စင်များထဲမှ လိုင်စင် ၂ မျိုးတွင် ဤတားမြစ်ချက် ထည့်သွင်းထားပါသည်။
ဤသင်္ကေတ၏ ဆိုလိုရင်းမှာ ဆင့်ပွားလက်ရာခွင့်မပြု(NoDerivatives)သို့မဟုတ် "ND" ဟု သုံးပါသည်။ ဤသင်္ကေတပါသော လက်ရာများကို ပြန်လည်အသုံးပြုသူများသည် မူရင်းလက်ရာများအား ပြုပြင်ပြောင်းလဲခြင်းမပြုလုပ်ရန်နှင့် ပြုပြင်ပြောင်းလဲထားသည့် လက်ရာများအား ပြန်လည်ဝေမျှခြင်း ပြုလုပ်ခွင့်မရှိပါ။ CC လိုင်စင်များထဲမှ လိုင်စင် ၂ မျိုးတွင် ဤတားမြစ်ချက်ကို ထည့်သွင်းထားပါသည်။

ပေါင်းစပ်လိုက်ပါက ယင်း သင်္ကေတ(Icon) များက ရွေးချယ်စရာ CC လိုင်စင် ၆ မျိုးရှိနေကြောင်း ပြနေပါသည်။ ယင်း သင်္ကေတများများကို "လိုင်စင်သင်္ကေတများ (License icons)"တွင်လည်း ထည့်သွင်းထားပြီး သင်္ကေတ တစ်ခုစီက လိုင်စင်အမျိုးအစား တစ်ခုစီကို ကိုယ်စားပြုပါသည်။ အခန်း ၃.၃ တွင် ပေါင်းစုထားသည့်ပုံစံများကို အသေးစိတ်ရှင်းပြထားပါသည်။

အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူများ (Public Domain Tools)

CC လိုင်စင်အုပ်စုအပြင် CC တွင် အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူ (Public Domain Tool) ၂ မျိုးရှိပါသည် ။ ယင်းတို့ကို အောက်ပါ သင်္ကေတ(Icon) များဖြင့် ကိုယ်စားပြုပါသည်။ အခန်း ၂.၁ တွင် ယင်းအထောက်အကူများကို အကျဉ်းအားဖြင့် လေ့လာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူများ (Public Domain Tools) များမှာ လိုင်စင်များ မဟုတ်ကြပါ။

CC0 သည် လက်ရာရှင်များအား ၎င်းတို့၏လက်ရာများကို ကမ္ဘာအနှံ့ရှိ အများပြည်သူပိုင်နေရာသို့ တတ်နိုင်သမျှ ကျယ်ပြန့်စွာ ရည်စူးနိုင်စေပါသည်။ အချို့နိုင်ငံများတွင် လက်ရာရှင်များက ၎င်းတို့၏လက်ရာများအား အများပြည်သူပိုင်နေရာသို့ ရည်စူးခြင်းကို ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါ။ ထို့ကြောင့် CC0 တွင် ယင်းသို့သော အခြေအနေများကို ကိုင်တွယ်နိုင်ရန် ဥပဒေယန္တရားအချို့ ပါဝင်ပါသည်။ (ယင်းအကြောင်းကို အခန်း ၃.၃ တွင် ပိုမိုရှင်းပြထားပါသည်။)
အများပြည်သူပိုင်နေရာ အမှတ်အသား public domain mark သည် မည်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့် ကန့်သတ်ချက်မှမရှိဟုဆိုသည့် လက်ရာများကို ပြဆိုသည့် အမှတ်အသားတစ်ခုဖြစ်သည်။ CC0 နှင့်မတူသည့်အချက်မှာ အများပြည်သူပိုင်နေရာ အမှတ်အသားသည် ဥပဒေ အထောက်အကူတစ်ခုမဟုတ်သည့်အပြင် လက်ရာတစ်ခုအတွက် ယင်းအမှတ်အသားကို အသုံးပြုသည့်အခါတွင် ဥပဒေအရသက်ရောက်မှု တစ်စုံတစ်ရာမရှိခြင်းပင်ဖြစ်သည်။ ယင်းအမှတ်အသားသည် လက်ရာတစ်ခုက အများပြည်သူပိုင်နေရာတွင် ရောက်ရှိနေကြောင်းကို အများပြည်သူ သိစေသော အမှတ်အသားတစ်ခုသာဖြစ်ပြီး ရှေးဟောင်းလက်ရာများရှိသည့် ပြတိုက်များနှင့် မော်ကွန်းတိုက်များတွင် အသုံးပြုကြပါသည်။

အပြီးသတ်မှတ်ချက်

CC ၏ ဥပဒေ အထောက်အကူများ အလုပ်လုပ်ပုံနှင့် သက်ဆိုင်သော ဝေါဟာရနှင့် အခြေခံအချက်များ အချို့နှင့်ပတ်သက်၍ ကြိုးစားပမ်းစား သင်ယူရပါသည်။ သို့သော်လည်း ထင်ထားသည်ထက် အများကြီး ပိုမိုလွယ်ကူကြောင်း ယခုလောက်ဆိုလျှင် သင်သိလောက်ပြီဖြစ်ပါမည်။ အခန်း 3.3 တွင် CC အကြောင်း ပို၍လေ့လာသွားပါမည်။

၃.၂ လိုင်စင် သက်ရောက်သည့်နယ်ပယ်

ရုပ်ပုံ အသိအမှတ်ပြုချက် opensource.com မှတဆင့် Horia Varlan ၏ Creative Commons Music CC BY-SA 2.0 လိုင်စင်။

Creative Commons လိုင်စင်များကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပေါ်တွင် အခြေခံ၍ဖန်တီးထားခြင်းဖြစ်ပါသည်။ ယင်းအချက်တစ်ခုတည်းက သင့်အနေဖြင့် ယင်းလိုင်စင်များသည် မည်သည့်အခါတွင် အကျုံးဝင်ပြီး မည်သည့်အခါတွင် အကျုံးမဝင်သည့်အပြင် မည်မျှကြာမြင့်သည်အထိ အကျုံးဝင်နေမည်တို့နှင့် ပတ်သက်၍ သိနားလည်ထားရန် လိုအပ်သမျှ အားလုံးနီးပါးကို ပြောပြလိုက်ပြီ ဖြစ်ပါသည်။

သင်ယူမှုရလဒ်များ

  • CC လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် မည်သို့ပတ်သက်နေပြီး မည်သည့်အတွက် အရေးကြီးသည်ကို ပြန်ပြောပြနိုင်မည်။
  • လိုင်စင်တစ်ခု၏ သက်ရောက်အကျုံးဝင်သည့် ကာလကို ရှင်းပြနိုင်မည်။

ပြန်လည်သုံးသပ်ချက်

CC လိုင်စင်များအနေဖြင့် မူပိုင်ခွင့်နှင့်အညီအကျုံးဝင်ရန် မည်မျှ အရေးပါကြောင်း စဉ်းစားကြည့်ပါ။ CC လိုင်စင်တစ်ခုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် ခွင့်ပြုထားသည့်အချက်တစ်ခုခုနှင့် ကွဲလွဲဆန့်ကျင်နေပါက မည်သို့ဖြစ်လာနိုင်သနည်း။ ဥပမာ သင့်သူငယ်ချင်း၏ မွေးနေ့ဆုတောင်းကတ်တွင် မိတ္တူကူးလာသော ကဗျာတစ်ပုဒ်ကဲ့သို့ ထည့်ကပ်ခြင်းကဲ့သို့ မူပိုင်ခွင့်ရှိသည့်လက်ရာတစ်ခုခုနှင့် တစ်နည်းတစ်ဖုံအားဖြင့် လုပ်ခွင့်ရှိနေစဉ်တွင် သင့်အား တစ်စုံတစ်ခုမလုပ်ရန် တားမြစ်ခံရခြင်းမျိုး။

မိတ်ဆက်

Creative Commons လိုင်စင်များ လုပ်ကိုင်ဆောင်ရွက်မှု၏ အခြေခံဖြစ်သော ဥပဒေအုတ်မြစ်က အဘယ်နည်း။ ယင်းက မည်သည့်အကြောင်းကြောင့် အလွန်အရေးကြီးပါသနည်း။

Creative Commons လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များ ဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် သက်ရောက်သည့် နေရာနှင့် အချိန်တွင် ၎င်းတို့လည်း သက်ရောက်ပါသည်။ ယင်းအချက်က Creative Commons တည်ထောင်သူများ၏ အခြေခံဒီဇိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များမှ တစ်ခုကို ထင်ဟပ် နေပါသည်။ ဖန်တီးမှုလက်ရာများနှင့် ပညာရေးဆိုင်ရာလက်ရာများကို ဘုံပိုင်သဘောရှိသည့် စည်းကမ်းချက်များအောက်တွင် ပို၍ရရှိစေလိုသော ရည်ရွယ်ချက်ကြောင့် စာပေနှင့်အနုပညာမူပိုင်ခွင့်က ကန့်သတ်မထားသည့် လက်ရာများကို ကန့်သတ်ရာတွင် သို့မဟုတ် ထိုလက်ရာများအား အသုံးပြုမှုများကို ကန့်သတ်ရာတွင် ၎င်းတို့၏ လိုင်စင်များအား မသုံးကြအောင် CC က လုပ်ခဲ့ပါသည်။ ယင်းအချက်သည် CC ၏ အမြူတေတန်ဖိုး(Core value) တစ်ခုဖြစ်ပြီး လိုင်စင်များကို ရေးသားဖော်ပြပုံက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ ရေးသားဖော်ပြပုံနောက်သို့ လိုက်သည်ကို သေချာစေခြင်းက ယင်းရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်ရှိစေခဲ့တာ ဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် Creative Commons

"Creative Commons လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့် လိုင်စင်များ ဖြစ်ပါသည်။" ဟူသော ဖော်ပြချက်က သင့်အား ၎င်းတို့အကြောင်း အောက်ပါ အချက်များကို ပြောပြနေပါသည်။

  • လက်ရာတစ်ခုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ( သို့မဟုတ် အခြားသက်ဆိုင်သည့်ဥပဒေ) ၏ သက်ရောက်မှုနယ်ပယ်အတွင်း ရှိနေမှသာ Creative Commons လိုင်စင်များက "အသက်ဝင်သည်" သို့မဟုတ် သက်ရောက်မှုရှိပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ ကန့်သတ်ချက်များသည် ရည်ရွယ်ထားသော လက်ရာကိုအသုံးပြုပုံတွင် သက်ရောက်သည်။ (ယင်းအချက်ကို အောက်တွင် အသေးစိတ်ပိုမိုဆွေးနွေးထားပါသည်။)
  • ( တီထွင်မှုမူပိုင်ခွင့်များ (patents) ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်များ (trademarks) ၊ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အမည်နှင့် အမှတ်သညာတို့ကို အလွဲသုံးစားပြုခြင်းအား တားမြစ်ပိတ်ပင်ခွင့် (privacy and publicity rights) ကဲ့သို့သော ) အခြားအခွင့်အရေးအချို့သည် CC လိုင်စင်များနှင့် အကျုံးဝင်ခြင်းမရှိသောကြောင့် ယင်းတို့ကို သီးခြားစီမံရမည် ဖြစ်ပါသည်။

ပထမအချက်တွင် လက်ရာကို အခြားသူများ အသုံးပြုခြင်းကို ထိန်းချုပ်ရာတွင်ရှိသော လိုင်စင်များ၏ အခြေခံ ကန့်သတ်ချက်တစ်ခုကို ဖော်ပြထားသည်။ ဒုတိယအချက်တွင် အသုံးပြုပုံကို ကန့်သတ်ထားသည့် လက်ရာနှင့်စပ်လျဉ်းသော အခြားသော အခွင့်အရေးဆိုင်ရာကန့်သတ်ချက်များ ရှိနေနိုင်ကြောင်းကို သတိပေးချက်ပါရှိသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်သက်ရောက်သည့်နေရာများတွင် CC လိုင်စင်များ သက်ရောက်ရန်ဆိုသည့် အဓိပ္ပာယ်ကို ဖြည်ကြည့်ကြပါစို့။

Creative Commons လိုင်စင်များသည် ဓာတ်ပုံ၊ ဆောင်းပါး သို့မဟုတ် စာအုပ်ကဲ့သို့ စာပေနှင့်အနုပညာမူပိုင်ခွင့် အကာအကွယ်ရနိုင်သည့် လက်ရာများကို ဖန်တီးထားပြီး ယင်းလက်ရာများကို မူပိုင်ခွင့်ဥပဒေက စိုးမိုးချုပ်ကိုင်ထားသော တစ်ခု သို့မဟုတ် ယင်းထက်ပိုသည့် ခွင့်ပြုချက်များဖြင့် အများပြည်သူအား အသုံးပြုခွင့်ပေးချင်သည့် မူလလက်ရာရှင်များအတွက် သင့်လျော်ပါသည်။ ဥပမာ အခြားသူများကို သင့်လက်ရာအား လွတ်လပ်စွာ ကူးယူဖြန့်ချိခွင့် ပေးလိုလျှင် ထိုခွင့်ပြုချက်များပေးရန် CC လိုင်စင်တစ်ခုကို သုံးနိုင်သည်။ အလားတူပင် အခြားသူများကို သင့်လက်ရာအား လွတ်လပ်စွာ ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်းများ သို့မဟုတ် သင့်လက်ရာကိုအခြေခံ၍ ဆင့်ပွားလက်ရာများ ဖန်တီးခြင်းတို့ကို ခွင့်ပြုလိုလျှင် ထိုခွင့်ပြုချက်များပေးရန် CC လိုင်စင် တစ်ခုကို သုံးနိုင်သည်။

သို့သော် ဖတ်ရှုခြင်းနှင့် ကြည့်ရှူခြင်းတို့သည် ပုံမှန်အားဖြင့် မူပိုင်ခွင့်ဥပဒေတွင် ကန့်သတ်ထားခြင်း မရှိသည့်အတွက် သင့် ဆောင်းပါး သို့မဟုတ် ရုပ်ရုပ်အား ဖတ်ရှုခွင့်ကို အခြားသူအား ခွင့်ပြုရန် Creative Commons လိုင်စင်များကို အသုံးပြုရန်မလိုပါ။

အသုံးပြုသူများအနေဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်တစ်ခု မလိုအပ်သည့် နောက်ထပ် အရေးကြီးအခြေအနေ ၂ ခုမှာ -

  • 'မျှတစွာအသုံးပြုမှု(fair use)'နှင့်'မျှတစွာပတ်သက်ဆက်ဆံမှု(fair dealing)' သို့မဟုတ် မူပိုင်ခွင့်ဆိုင်ရာ အခြား ကန့်သတ်ချက်များနှင့် ခြွင်းချက်များ သက်ရောက်သည့်အခါ'။
  • လက်ရာသည် အများပြည်သူပိုင်နေရာတွင် ရှိနေခြင်း ။ မှတ်သားရန် - သင်၏ အသုံးပြုမှု (သင့်လက်ရာအား အသုံးပြုချမည့်ပုံစံ) သက်ရောက်နေသည့် ဥပဒေနှင့် ယင်းနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအပေါ် မူတည်နေကြောင်း အခန်း ၂ တွင် လေ့လာခဲ့ပြီးဖြစ်ပါသည်။

အသုံးပြုသူများအနေဖြင့် ယင်းအခြေအနေများတွင် မူပိုင်ခွင့်လိုင်စင်များကို မလိုအပ်သောကြောင့် CC လိုင်စင်များကို မလိုအပ်ပါ။

၎င်း၏နိုင်ငံတွင် စာပေနှင့်အနုပညာမူပိုင်ခွင့် အကာအကွယ်မရသည့် လက်ရာတစ်ခုအတွက် CC လိုင်စင်တစ်ခုသုံးရန် တစ်စုံတစ်ယောက်က ကြိုးစားကောင်း ကြိုးစားနိုင်သည့် အကြောင်းအရင်းများကို စဉ်းစားကြည့်ပါ။ သို့မဟုတ် CC လိုင်စင်ပိုင်ရှင်များသည် ၎င်းတို့၏ လက်ရာကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဖြင့် တားမြစ်ထားခြင်းမရှိသော အသုံးပြုမှုအတွက်ပင်ဖြစ်စေ အသုံးပြုသည့်အကြိမ်တိုင်း၌ လူသိရှင်ကြား အသိအမှတ်ပြုခြင်းကို မည်သည့်အတွက်ကြောင့် မျှော်လင့်နေဖို့ ဖြစ်နိုင်သနည်း။

CC လိုင်စင်ပိုင်ရှင်တစ်ဦးသည် ဥပဒေအရ တရားဝင်ရရှိထားခြင်းမဟုတ်သည့် ထိန်းချုပ်ခွင့်ကိုအသုံးပြုရန် ကြိုးစားနေခြင်း ဖြစ်နေနိုင်ပါသည်။ ဖြစ်ဖို့များသည်မှာ မူပိုင်ခွင့်နှင့် အကျုံးမဝင်ခြင်း သို့မဟုတ် ထိုလက်ရာသည် အများပြည်သူပိုင်နေရာတွင် ရှိနေခြင်းကို မသိတာသာ ဖြစ်နိုင်ပါသည်။ သို့မဟုတ် လိမ္မာပါးနပ်သော လိုင်စင်ပိုင်ရှင်ဆိုပါက ၎င်း၏ လက်ရာသည် အချို့နိုင်ငံများတွင် အများပြည်သူပိုင်နေရာတွင် ရောက်နေသော်လည်း အခြားနေရာများတွင်မူ အများပြည်သူပိုင်နေရာတွင် မရောက်ကြောင်း သဘောပေါက်ပြီး မည်သည့်အရပ်မှ မည်သူမဆို ထိုလက်ရာအား ပြန်အသုံးချနိုင်ခြင်းကို သေချာစေချင်မည်ဖြစ်သည်။

CC လိုင်စင်များ သက်ရောက်သည့်နယ်ပယ်နှင်ပတ်သက်၍ မသိသာသော်လည်း အရေးကြီးသည့် ခြားနားချက်မှာ ယင်းတို့သည် 'ဆင်တူအခွင့်အရေးများ(Similar rights)' ဟုခေါ်သော စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် နီးစပ်စွာဆက်နွယ်နေသည့် အခြားအခွင့်အရေးများအပေါ်လည်း သက်ရောက်သည့်အချက်ပင်ဖြစ်သည်။ 'ဆင်တူအခွင့်အရေးများ' အကြောင်းကို အခန်း ၁.၂ တွင် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်ကို လေ့လာရာ၌ မိတ်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် လုပ်ဆောင်သကဲ့သို့ပင် ဆင်တူအခွင့်အရေးများက မူရင်းလက်ရာအပေါ် နှင့် CCလိုင်စင်ရှိသည့်လက်ရာကို အသုံးပြု၍ တစ်စုံတစ်ယောက်က လုပ်ဆောင်သော ပြန်အသုံးပြုမှုတစ်ခုအပေါ် သက်ရောက်သည့်အခြေအနေ မှသာ CC လိုင်စင်၏ စည်းကမ်းချက်များလည်း သက်ရောက်မည်ဖြစ်ပါသည်။

‘CC လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များဖြစ်သည်’ ဆိုသော ဖော်ပြချက်၏ နောက်ထပ်အရေးကြီးသည့်အပိုင်းမှာ လိုင်စင်၏ သက်ရောက်မှု မရှိသည့် လက်ရာများတွင် အခြားအခွင့်အရေးများလည်း ရှိနေနိုင်သေးသည့်အချက်ပင်ဖြစ်ပါသည်။ ဥပမာ - ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များ။ ထို့အပြင် CC လိုင်စင်များသည် ယင်းတို့တွင် ဖော်ပြပါရှိထားသည့်အတိုင်း စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ဆင်တူအခွင့်အရေးများကိုကျော်လွန်၍ အကျုံးဝင်သက်ရောက်မှု မရှိသည့်အတွက် အခြားအခွင့်အရေးများရရှိရန်အတွက် သီးခြားစီမံရမည် ဖြစ်ပါသည်။

ရည်ရွယ်သည့်အတိုင်း လက်ရာအား ပြန်လည်အသုံးပြုခြင်းကို တားဆီးကန့်သတ်နိုင်သည့် အခြားအခွင့်အရေးများ မရှိသည်မှာ သေချာရန် စည်းကမ်းသတ်မှတ်မထားသော်လည်း မူလလက်ရာရှင်များကို Creative Commons က တိုက်တွန်းထားပါသည်။ CC လိုင်စင်ပိုင်ရှင်များသည် လက်ရာများကို ပြန်လည်အသုံးပြုခြင်းအတွက် မည်သည့် အာမခံချက်မှ မပေးပါ။ ဆိုလိုသည်မှာ လိုင်စင်ပိုင်ရှင်များက သီးခြားအာမခံချက်တစ်ခုခုကို ပေးထားသည့်အခြေအနေမှလွဲ၍ မိမိတို့ရည်ရွယ်သော ပြန်လည်အသုံးပြုမှုအပေါ် အခြားအခွင့်အရေးများက သက်ရောက်နိုင်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန်မှာ ပြန်လည်အသုံးပြုသူများ၏ တာဝန်သာလျှင်ဖြစ်ပါသည်။ ပို၍လေ့လာခြင်းဆိုသည်မှာ တစ်ခါတရံတွင် လိုင်စင်ပိုင်ရှင်ထံသို့ ဆက်သွယ်၍ ရှိနေနိုင်သောအခြားအခွင့်အရေးများအကြောင်းကို စုံစမ်းမေးမြန်းခြင်းကဲ့သို့ လွယ်ကူပါသည်။ ဤ CC လိုင်စင်ရှိသောလက်ရာများကို ပြန်လည်အသုံးပြုသူများ စဉ်းစားရန် အချက်များ စာရင်းအပြည့်အစုံကို ဖတ်ကြည့်ပါ။

မည်သည့် အကြောင်းအရာ၊ အချက်အလက် အမျိုးအစားများကို CC လိုင်စင်ပေးနိုင်ပါသနည်း။

သင့်အနေဖြင့် အရေးကြီးသည့် ခြွင်းချက်တစ်ခုမှလွဲ၍ သင်ပိုင်ဆိုင်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည့် မည်သည့်အရာကိုမဆို CC လိုင်စင် ပေးနိုင်ပါသည်။

ဆော့ဖ်ဝဲများအတွက် CC လိုင်စင်များ အသုံးမပြုရန် မူလလက်ရာရှင်များကို CC က တိုက်တွန်းထားပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆော့ဖ်ဝဲလိုင်စင်များအဖြစ် အထူး ရေးဆွဲထားသောကြောင့် လိုင်စင်နှင့်သက်ဆိုင်သောအလုပ်ကို ပိုကောင်းစွာ လုပ်ဆောင်နိုင်သော အခမဲ့နှင့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလိုင်စင်များ (open source licences) များစွာရှိနေသောကြောင့် ဖြစ်ပါသည်။ ဥပမာအားဖြင့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလိုင်စင်အများစုတွင် ဆော့ဖ်ဝဲ၏ ရင်းမြစ်ကုဒ် (Source code) ဖြန့်ဝေခြင်းနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များ ပါဝင်င်နေပြီး CC လိုင်စင်များတွင်မူ အဆိုပါ ဆော့ဖ်ဝဲများ မျှဝေခြင်းဆိုင်ရာ အရေးကြီးသော လက္ခဏာကို စဉ်းစားဖြေရှင်းထားခြင်း မရှိပါ။ ဆော့ဖ်ဝဲများ မျှဝေခြင်း ဂေဟစနစ်သည် ကောင်းစွာ အခြေကျနေသည့်အပြင် ရွေးချယ်စရာ လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော လိုင်စင်ကောင်းများ များစွာလည်းရှိနေပါသည်။ CC ဝက်ဘ်ဆိုက်ရှိ ဤ FAQ တွင် ကျွန်ုပ်တို့၏ လိုင်စင်များအား ဆော့ဖ်ဝဲအတွက် အသုံးပြုခြင်းကို အားမပေးသည့် အကြောင်းအရင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပိုမိုဖတ်ရှုနိုင်ပါသည်။

CC လိုင်စင်ဖြင့် မည်သူ၏ အခွင့်အရေးများကို ကာကွယ်ပေးထားပါသလဲ။

သက်ဆိုင်ရာ လက်ရာတစ်ခုတွင်ရှိသော CC လိုင်စင်တစ်ခုသည် လိုင်စင်ကိုအသုံးပြုသူ (လိုင်စင်ပိုင်ရှင်) ပိုင်ဆိုင်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်အပေါ်သာ သက်ရောက်ပါသည်။ ယင်းအချက်က ရှင်းရှင်းလင်းလင်း ရှိချင်ရှိပါလိမ့်မည်။ သို့သော် နားလည်ထားရမည့် အရေးကြီးအချက်တစ်ခုဖြစ်ပါသည်။ ဥပမာ အလုပ်ရှင်များစွာသည် ၎င်းတို့၏ဝန်ထမ်းများ ဖန်တီးထားသည့် လက်ရာများအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ကို ပိုင်ဆိုင်ကြပါသည်။ ထို့ကြောင့် ဝန်ထမ်းတစ်ဦးဦးက ၎င်း၏အလုပ်ရှင်ပိုင်ဆိုင်သည့် လက်ရာတစ်ခုအတွက် CC လိုင်စင်တစ်ခုကိုသုံးမည်ဆိုပါက ယင်းလက်ရာအား ပြန်သုံးခွင့်ကဲ့သို့ မည်သည့်ခွင့်ပြုချက်ကိုမှ ပေးနိုင်ခြင်းရှိမည်မဟုတ်ပါ။ လိုင်စင်ကိုအသုံးပြုသူသည် မူလလက်ရာရှင် သို့မဟုတ် စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိထားသူ တစ်ဦးဦးဖြစ်ဖို့ လိုအပ်ပါသည်။

ထို့အပြင် လက်ရာတစ်ခုတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိသော အခြားလက်ရာတစ်ခု ပါဝင်ကောင်းပါဝင်နေနိုင်ပါသည်။ ဥပမာ စိတ်ကူးစိတ်သန်းတစ်ခုကို သရုပ်ပြရန် မူပိုင်ခွင့်ရှိသော ဓာတ်ပုံတစ်ပုံကို (ဓာတ်ပုံပိုင်ရှင်ထံမှ ခွင့်ပြုချက်ကိုရယူပြီးနောက်) ယူသုံးထားသော ပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်။ ယင်းပညာရပ်ဆိုင်ရာဆောင်းပါးရှင် အသုံးပြုသော CC လိုင်စင်သည် ယင်းဆောင်းပါးတွင်ပါဝင်သည့် ဓာတ်ပုံအပေါ် သက်ရောက်ခြင်းမရှိဘဲ ဆောင်းပါး၏ ကျန်ရှိသည့်အစိတ်အပိုင်းများအပေါ်သာ သက်ရောက်မည်ဖြစ်သည်။ ဓာတ်ပုံကို မူပွားရန် သီးသန့်ခွင့်ပြုချက် ရယူဖို့ လိုအပ်နိုင်သည်။ ဆောင်းပါး၏ ကျန်အစိတ်အပိုင်းများအတွက် မလိုအပ်ပါ။ (ယင်းအခြေအနေများကို ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး ပိုမိုလေ့လာနိုင်ရန် အခန်း ၄.၁ ကို ကြည့်ပါ။)

ထို့အပြင် လက်ရာများ၌ တစ်ခုထက်ပိုသော စာပေနှင့်အနုပညာမူပိုင်ခွင့်များ ယှဉ်တွဲပါနေတတ်ပါသည်။ ဥပမာအားဖြင့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသည် စာအုပ်တစ်အုပ်အား မှီငြမ်း၍ ရိုက်ကူးထားသော ရုပ်ရှင်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ကို ရရှိနိုင်သော်လည်း မူရင်းစာအုပ်၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ကို မူရင်းစာရေးဆရာကသာ ပိုင်ဆိုင်ပါသည်။ ဤဥပမာအရ အကယ်၍ ရုပ်ရှင်တွင် CC လိုင်စင်ရှိလျှင် ယင်း CC လိုင်စင် သည် ရုပ်ရှင်အတွက်သာ အကျုံးဝင်ပြီး မူရင်းစာအုပ်အတွက် အကျုံးဝင်ခြင်းမရှိပါ။ အသုံးပြုသူသည် ရုပ်ရှင်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသော မူရင်းစာအုပ်မှ စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိနိုင်သည့် အကြောင်းအရာများကို အသုံးပြုရန် လိုင်စင်တစ်ခုကို သီးခြားရယူဖို့ လိုအပ်နိုင်သည်။

အပြီးသတ် မှတ်ချက်

Creative Commons ၏ လုပ်ဆောင်ပုံကို နားလည်ရန်အတွက် အရေးပါသည့်အချက်မှာ ဤလိုင်စင်များသည် အသက်ဝင် ဆောင်ရွက်နိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်အပေါ် မူတည်နေခြင်းပင်ဖြစ်သည်။ ဤအထောက်အကူများက လက်ရာတစ်ခုအပေါ် မည်သည့်အချိန်တွင် မည်မျှအတိုင်းအတာအထိ သက်ရောက်နိုင်သည်ဆိုသည်ကို စာပေနှင့်အနုပညာမူပိုင်ခွင့်က များစွာ ရှင်းပြပါသည်။

၃.၃ လိုင်စင်အမျိုးအစားများ

Beck Pitt ၏ 'Mobile on the circular train, Yangon, Myanmar IICC BY 2.0 လိုင်စင်ရရှိထားပါသည်။ 

CC လိုင်စင် ၆ မျိုးရှိပါသည်။ ယင်းလိုင်စင်များကို ဖန်တီးသူများ၏ လိုအပ်ချက် အမျိုးမျိုးကို ကူညီဖြည့်ဆည်းပေးရန် ဖန်တီးထားပြီး တချိန်တည်းတွင် ရိုးရှင်း၍ တသမတ်တည်းဖြစ်သည့် စည်းကမ်းချက်များကိုလည်း အသုံးပြုထားပါသည်။

သင်ယူမှုရလဒ်များ

ဤအခန်းပြီးဆုံးချိန်တွင် သင့်အနေဖြင့်

  • CC လိုင်စင်အုပ်စုများအကြောင်း ရှင်းပြနိုင်မည်။
  • CC လိုင်စင် ၏အစိတ်အပိုင်းအမျိုးမျိုးကို ပြန်ပြောပြနိုင်မည်။

ပြန်လည်သုံးသပ်ချက်

ထူးထူးခြားခြား ဂုဏ်ယူရသည့် သင်ပြုလုပ်ထားသော ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးထားသည့် လက်ရာ သို့မဟုတ် ပညာရပ်ဆိုင်ရာ လက်ရာတစ်ခုအကြောင်း စဉ်းစားကြည့်ပါ။ ယင်းလက်ရာကို အခြားသူများနှင့် မျှဝေခဲ့လျှင် အခြားသူများက ယင်းလက်ရာကို မှီငြမ်းခြင်း သို့မဟုတ် စီးပွားရေး ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းတို့ ကို သင်လက်ခံနိုင်ပါသလား။ လက်ခံနိုင်သည့် အကြောင်းရင်းနှင့် လက်မခံနိုင်သည့် အကြောင်းအရင်းကို ဖော်ပြပါ။

မိတ်ဆက်

မည်သည့်အတွက်ကြောင့် များစွာသော Creative Commons လိုင်စင်အမျိုးမျိုး ရှိနေပါသလဲ။

တစ်ခုတည်းသော Creative Commons လိုင်စင်ဟူ၍ မရှိပါ။ CC လိုင်စင် အုပ်စု ( လိုင်စင် ၆ မျိုးပါဝင်ပါသည်) နှင့် အများပြည်သူပိုင်နေရာသို့ ရည်စူးခြင်း (CC0 public comain dedication) က မူလလက်ရာရှင်များကို ရွေးချယ်စရာ အမျိုးမျိုးပေးပါသည်။ Creative Commons လိုင်စင်များသည် တသမတ်တည်းဖြစ်အောင် စီမံထားသည့် အထောက်အကူများဖြစ်သည် သို့သော် မျှော်မှန်းချက်၏ တစ်စိတ်တစ်ဒေသမှာမူ စာပေနှင့်အနုပညာမူပိုင်ခွင့်အောက်တွင် အခွင့်အရေးများအားလုံးကို ရယူထားသည်ထက် မိမိတို့၏ လက်ရာများကို အများပြည်သူအား မျှဝေလိုသည့် မူလလက်ရာရှင်များအတွက် ရွေးချယ်စရာအမျိုးမျိုး ပေးနိုင်ရန် ဖြစ်သည်။

ဤအခန်း၏ အစပိုင်းတွင် သိခဲ့ရသည့်အတိုင်း လိုင်စင်၏အစိတ်အပိုင်း၄ မျိုးရှိနေပါသည်။ ၎င်းတို့မှာ BY ၊ SA ၊ NC နှင့် ND တို့ ဖြစ်ကြပါသည်။ ၎င်းတို့ကို ပေါင်းစပ်၍ မတူညီသည့် လိုင်စင်အမျိုးအစား ၆ ခု ဖန်တီးနိုင်ပါသည်။

လိုင်စင်များအားလုံးတွင် BY စည်းကမ်းချက် ပါဝင်ပါသည်။ တစ်နည်းအားဖြင့် လိုင်စင်များအားလုံးတွင် လက်ရာကိုအသုံးပြုမှုအတွက် မူရင်းလက်ရာရှင်အား အသိအမှတ်ပြုပေးရန် စည်းကမ်းချက်ပါဝင်ပါသည်။ ယင်းသို့ ဘုံစည်းကမ်းချက်များအပြင် စီးပွားဖြစ်ပြန်လည်အသုံးပြုမှုအား ခွင့်ပြုခြင်း ရှိမရှိနှင့် လက်ရာအား မှီငြမ်းခွင့် ရှိမရှိ (ခွင့်ပြုထားပါက မည်သည့်စည်းကမ်းချက်များကိုလိုက်နာရမည်) တို့ အပေါ်မူတည်၍ လိုင်စင်များကွဲပြားနေပါသည်။

လိုင်စင် ၆ မျိုးကို မိတ်ဆက်ခြင်း

ပြန်လည်အသုံးပြုသူများကို ခွင့်ပြုသည့် လွတ်လပ်မှုများအရ ကန့်သတ်မှု အနည်းဆုံးမှ အများဆုံးအထိရှိသော လိုင်စင်ခြောက်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

Attribution Licence သို့မဟုတ် CC BY လိုင်စင်သည် မူလလက်ရာရှင်ကို အသိအမှတ်ပြု ဖော်ပြပေးနေသ၍ ၎င်းလက်ရာအား (စီးပွားဖြစ်အသုံးချခြင်းနှင့် ပြုပြုင်ပြောင်းလဲ၍အသုံးပြုခြင်းတို့သာမက) မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုရန်ခွင့်ပြုထားပါသည်။
Attribution-ShareAlike လိုင်စင် သို့မဟုတ် ‘CC BY-SA’ လိုင်စင်သည် မူလလက်ရာရှင်ကို အသိအမှတ်ပြု ဖော်ပြပေးပြီး အခြားသူများနှင့် မျှဝေသည့် မှီငြမ်းလက်ရာသစ်မှန်သမျှအား တူညီသည့် လိုင်စင် သို့မဟုတ် ကိုက်ညီသည့် လိုင်စင်တစ်ခုအောက်တွင်သာ ဆက်လက်ထားရှိနေသ၍ ၎င်းလက်ရာအား (စီးပွားဖြစ်အသုံးချခြင်းနှင့် ပြုပြုင်ပြောင်းလဲ၍အသုံးပြုခြင်းတို့သာမက) မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုရန်ခွင့်ပြုထားပါသည်။ ဥပမာအားဖြင့် ယင်းသည် CC ၏ Copyleft လိုင်စင်မူကွဲတစ်ခုဖြစ်ပြီး ဝီကီပီးဒီးယား (Wikipedia) သို့ တင်လာသော အကြောင်းအရာများအတွက် လိုအပ်သော လိုင်စင်အမျိုးအစားဖြစ်ပါသည်။
Attribution(NonCommercial) လိုင်စင် သို့မဟုတ် ‘CC BY-NC’ လိုင်စင်သည် အသုံးပြုသူများအနေဖြင့် လက်ရာတစ်ခုကို စီးပွားဖြစ်မဟုတ်သော အသုံးချမှုများအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး မူလလက်ရာရှင်အား အသိအမှတ်ပြုဖော်ပြချက်ထည့်သွင်းပေးခြင်း ပြုလုပ်ရမည်ဖြစ်သည်။
Attribution-NonCommercial-ShareAlike လိုင်စင် သို့မဟုတ် ‘CC BY-NC-SA’ လိုင်စင်သည် အသုံးပြုသူများအနေဖြင့် လက်ရာတစ်ခုကို စီးပွားဖြစ်မဟုတ်သော အသုံးချမှုများအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး မူလလက်ရာရှင်အား အသိအမှတ်ပြုဖော်ပြချက်ထည့်သွင်းပေးရမည့်အပြင် အခြားသူများနှင့် မျှဝေသည့် မှီငြမ်းလက်ရာသစ်မှန်သမျှအား တူညီသည့် လိုင်စင် သို့မဟုတ် ကိုက်ညီသည့် လိုင်စင်တစ်ခုအောက်တွင်သာ ဆက်လက်ထားရှိရမည်ဖြစ်သည်။
Attribution-NoDerivatives လိုင်စင် သို့မဟုတ် ‘CC BY-ND’ လိုင်စင်သည် မူလလက်ရာရှင်ကို အသိအမှတ်ပြုချက် ထည့်သွင်းပေးနေသ၍ မှီငြမ်းပြုပြင်ထားခြင်းမရှိသည့် မူရင်းလက်ရာကို (စီးပွားဖြစ်သာမက) မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုရန်ခွင့်ပြုထားပါသည်။
The Attribution-NonCommercial-NoDerivatives လိုင်စင် သို့မဟုတ် ‘CC BY-NC-ND’ လိုင်စင်သည် CC လိုင်စင်များအနက် ကန့်သတ်ချက်အများဆုံး လိုင်စင်ဖြစ်ပါသည်။ ၎င်းလိုင်စင်သည် မှီငြမ်းပြုပြင်ထားခြင်းမရှိသည့် လက်ရာကို စီးပွားဖြစ်မဟုတ်သော အသုံးချမှုများအတွက်သာ လိုင်စင်ပိုင်ရှင်ကို အသိအမှတ်ပြုဖော်ပြသ၍ အသုံးပြုခွင့်ပေးပါသည်။

လိုင်စင်များကို ခွဲခြားနားလည်ခြင်း

ရွေးချယ်စရာအမျိုးမျိုး၏ အလုပ်လုပ်ပုံကို အမှန်တကယ်နားလည်လာစေရန် မတူသော လိုင်စင်အစိတ်အပိုင်းများကို အသေးစိတ် လေ့လာကြည့်ကြပါမည်။ အသိအမှတ်ပြုခြင်း (Attribution) သည် CC လိုင်စင်များအားလုံးတွင် ပါဝင်နေပါသည်။ မည်သည့် အသိအမှတ်ပြုခြင်း (Attribution) အမျိုးအစားကို အတိအကျ လိုအပ်ကြောင်း နားလည်ရန် နောက်အခန်းတစ်ခုတွင် လေ့လာသွားမည်ဖြစ်ပါသည်။ ယခုလောလောဆယ်တွင် လိုင်စင်များ ကွဲပြားခြားနားပုံကို အာရုံစိုက်လေ့လာကြပါမည်။

စီးပွားဖြစ် (Commercial) နှင့် စီးပွားဖြစ်မဟုတ်သော (Non-commercial) အသုံးချမှု

လေ့လာခဲ့သည့်အတိုင်းပင် CC BY-NC ၊ CC BY-NC-SA နှင့် CC BY-NC-ND လိုင်စင် ၃ မျိုးသည် စီးပွားဖြစ်မဟုတ်သော (Non-commercial) အသုံးချမှုများအတွက်သာ အသုံးပြုခွင့်ပေးထားပါသည်။ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) တွင် စီးပွားဖြစ်မဟုတ်သော (Non-commercial) အသုံးချမှုအား "စီးပွားရေးအကျိုးအမြတ်တစ်စုံတစ်ရာ သို့မဟုတ် အခကြေးငွေရယူသော အသုံးချမှုတစ်စုံတစ်ရာအတွက် အခြေခံအားဖြင့် မရည်ရွယ်သော သို့မဟုတ် ဦးမတည်သော" အသုံးချမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဤအချက်သည် တားမြစ်ခံရသည့် ပြန်အသုံးချမှုအချို့ သို့မဟုတ် ခွင့်ပြုထားသည့် ပြန်အသုံးချမှုအချို့တို့အား ဖယ်ထုတ်ထားနိုင်ခြေရှိသော အခြေအနေအတိအကျများကို လွန်လွန်ကဲကဲ အသေးစိတ် မဖော်ပြဘဲ ပြန်လည်အသုံးချမှုနှင့် သက်ဆိုင်သော အခြေအနေများအပေါ် မူတည်၍ ပျော့ပြောင်းမှုကိုပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

CC ၏ NC အားအဓိပ္ပာယ်ဖွင့်ဆိုပုံမှာ အသုံးပြုသူအပေါ်တွင် မူတည်မနေဘဲ အသုံးပြုမှုအပေါ်တွင် မူတည်နေကြောင်း မှတ်သားထားရန် အရေးကြီး ပါသည်။ အကျိုးအမြတ် မရှာသော သို့မဟုတ် ပရဟိတအဖွဲ့အစည်းဆိုပါက NC လိုင်စင်ပါသည့် လက်ရာတစ်ခုကို အသုံးပြုမှုသည် NC ကန့်သတ်ချက်အား ချိုးဖောက်မိခြင်း ဖြစ်နိုင်ပါသေးသည်။ အကျိုးအမြတ်ရှာသော အဖွဲ့အစည်းတစ်ခုဆိုပါက NC လိုင်စင်ပါသည့် လက်ရာတစ်ခုကို အသုံးပြုမှုသည် လိုင်စင်စည်းကမ်းချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဧကန်မုချ မဆိုလိုနိုင်ပါ။ ဥပမာဆိုရသော် အကျိုးအမြတ်မရှာသည့်အဖွဲ့အစည်းတစ်ခုသည် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် အခြားလူတစ်ဦး၏ NC လိုင်စင်ရှိသည့် လက်ရာကို ရောင်းချခွင့်မရှိပါ။ အကျိုးအမြတ်ရှာသည့် အဖွဲ့အစည်းတစ်ခုခုအနေဖြင့် NC လိုင်စင်ရှိသည့် လက်ရာတစ်ခုကို စီးပွားဖြစ်မဟုတ်သော (Non-commercial) ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။ စီးပွားဖြစ် (Commercial) အသုံးချမှု ဖြစ်ခြင်း မဖြစ်ခြင်းကို သက်ဆိုင်ရာ အသုံးချမှုအခြေအနေအပေါ်တွင် မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ Creative Commons ၏ NonCommercial Interpretation စာမျက်နှာ တွင် ယင်းအကြောင်းကို ပိုမိုလေ့လာနိုင်ပြီး နမူနာအခြေအနေများလည်း ဖော်ပြထားပါသည်။

မှီငြမ်းလက်ရာများ (Adaptations)

လိုင်စင်များအကြားရှိ အခြားသော ခြားနားချက်များသည် ပြန်လည်အသုံးပြုသူများက လိုင်စင်ရှိသောလက်ရာကို မှီငြမ်းပြီး ပြန်လည်ဝေမျှနိုင်ခြင်း ရှိမရှိနှင့် ရှိပါက မည်သည့်စည်းကမ်းချက်များနှင့်အညီ ယင်းသို့လုပ်နိုင်သည်ဆိုသည့်အပေါ်တွင် မူတည်ပါသည်။ အခန်း ၁ တွင် လေ့လာခဲ့ပြီးဖြစ်သည့်အတိုင်း မည်သည်က လိုင်စင်ရှိသည့်လက်ရာကို မှီငြမ်းထားသည့်ဖန်တီးမှုတစ်ခုနှင့် ညီပါသနည်းဆိုသည့် ပြဿနာသည် သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပေါ်တွင် မူတည်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်အရ မူလလက်ရာရှင်များကို အပ်နှင်းထားသည့် သီးသန့်အခွင့်အရေးများမှ တစ်ခုမှာ မိမိတို့လက်ရာများအား မှီငြမ်းထားသည့်လက်ရာများကို ဖန်တီး ခွင့်ပင်ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းကို အချို့နိုင်ငံများတွင် ဆင့်ပွားလက်ရာများဟု ခေါ်ပါသည်။ (ဥပမာအားဖြင့် စာအုပ်တစ်အုပ်ပေါ်တွင် မှီငြမ်း၍ ရုပ်ရှင်တစ်ကား ဖန်တီးခြင်း သို့မဟုတ် စာအုပ်တစ်အုပ်အား ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ ပြန်ဆိုခြင်း)

ဥပဒေရှုထောင့်မှကြည့်လျှင် မှီငြမ်းလက်ရာ ဖြစ်ခြင်း၊ မဖြစ်ခြင်းအား အတိအကျ ဆုံးဖြတ်ရန်မှာ တစ်ခါတစ်ရံ သိမ်မွေ့ခက်ခဲလှပါသည်။ မှတ်သားနိုင်ရန် လိုင်စင်များနှင့် သက်ဆိုင်သော အသုံးဝင်သည့် စည်းကမ်းများကိုဖော်ပြထားပါသည်။

  • မည်သို့ပင် သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေက တစ်နည်းတစ်ဖုံ ပြဋ္ဌာန်းထားပါသော်လည်း နည်းပညာအရ ပုံစံပြောင်းလဲခြင်း (ဥပမာ လိုင်စင်ရှိသည့်လက်ရာကို ဒစ်ဂျစ်တယ်ပုံစံမှ ထိတွေ့ကိုင်တွယ်နိုင်သောမိတ္တူအဖြစ်သို့ ပုံစံပြောင်းလဲခြင်း) သည် မှီငြမ်းလက်ရာတစ်ခု မဟုတ်ပါ
  • အသေးစားပြင်ဆင်ခြင်းများဖြစ်သည့် စာလုံးပေါင်းနှင့် သတ်ပုံအမှားများ ပြင်ဆင်ထားခြင်းသည် မှီငြမ်းလက်ရာတစ်ခု မဟုတ်ပါ
  • မည်သို့ပင် သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေက တစ်နည်းတစ်ဖုံ ပြဋ္ဌာန်းထားပါသော်လည်း ဂီတလက်ရာတစ်ခုအား လှုပ်ရှားနေသောပုံရိပ်တစ်ခုနှင့် တွဲစပ်ခြင်းသည် မှီငြမ်းလက်ရာတစ်ခု ဖြစ်ပါသည်
  • အခန်း ၄ နှင့် ၅ တို့တွင် CC လိုင်စင်ရထားသည့် အကြောင်းအရာ၊ အချက်အလက်များအား သင့်အနေဖြင့် အသုံးချလိုက ချနိုင်မည့် နည်းလမ်းများကို လေ့လာကြပါမည်။ လက်ရာများကို မူပွားခြင်းနှင့် လက်ရာပေါင်းချုပ် တစ်ခုအဖြစ် စုစည်းထားခြင်းသည် လက်ရာတစ်ခုစီကို မှီငြမ်းသောလက်ရာတစ်ခု မဟုတ်ပါ။ ဥပမာ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ပြဋ္ဌာန်းစာအုပ် (open textbook) အဖြစ်အသုံးပြုနိုင်ရန် စာရေးဆရာအချို့၏ သီးခြားစီရှိနေသော အက်ဆေးများကို ပေါင်းစပ်ပြီး အက်ဆေးပေါင်းချုပ်တစ်ခု ပြုလုပ်ခြင်းသည် လက်ရာပေါင်းချုပ် တစ်ခုသာဖြစ်ပြီး မှီငြမ်းလက်ရာတစ်ခု မဟုတ်ပါ။ Open courseware အများစုသည် အခြား Open educational resources (OER) များအား စုပေါင်းထားခြင်းပင်ဖြစ်သည်။
  • ဘလော့ဂ်စာတစ်ပုဒ်၊ PowerPoint တင်ဆင်မှုတစ်ခု သို့မဟုတ် ဆောင်းပါးတစ်ခုကဲ့သို့သော စာများနှင့်ဆက်စပ်၍ ဓာတ်ပုံတစ်ပုံကို ထည့်သွင်းခြင်းသည် မူရင်းဓတ်ပုံကို ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်လျှင် မှီငြမ်းပြုပြင်ထားသည့်လက်ရာတစ်ခု မဖြစ်စေပါ။

ဆင့်ပွားလက်ရာခွင့်မပြု(NoDerivatives) လိုင်စင်များ ဖြစ်သည့် (BY-ND နှင့် BY-NC-ND) တို့သည် ပြန်လည်အသုံးပြုသူများက လိုင်စင်ရှိသည့်လက်ရာများအား အခြေခံထားသော မှီငြမ်းလက်ရာများ (Adaptations) ကို မျှဝေခြင်း (ဆိုလိုသည်မှာ ဖြန့်ချိခြင်းနှင့် ရယူအသုံးပြုနိုင်စေခြင်း) မပြုရန် တားမြစ်ထားသည်။ မှီငြမ်းထားသည့်ပုံစံဖြင့် အခြားသူများအား ပြန်လည်မျှဝေခြင်း မပြုလုပ်သ၍ ND လိုင်စင်တစ်ခုရှိသော လက်ရာများကို အခြေခံသည့် မှီငြမ်းလက်ရာများကို မည်သူမဆိုဖန်တီးနိုင်သည်ဟု ဆိုလိုပါသည်။ အခြားအချက်များရှိသေးသော်လည်း ဤအချက်က အဖွဲ့အစည်းများအား ND စည်းကမ်းချက်အား ချိုးဖောက်ခြင်းမရှိဘဲ စာနှင့် အချက်အလက်များ ဆန်းစစ်ထုတ်ယူခြင်း တို့ကို လုပ်ကိုင်ခွင့်ပြုထားခြင်းပင်ဖြစ်ပါသည်။

‘လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန်’ (ShareAlike) လိုင်စင်နှစ်ခုဖြစ်သည့် (BY-SA နှင့် BY-NC-SA) လိုင်စင်များသည် လိုင်စင်ရှိလက်ရာအား မှီငြမ်းထားသည့်လက်ရာများကို မျှဝေမည်ဆိုပါက ယင်းတို့ကို တူညီသော သို့မဟုတ် ကိုက်ညီသောလိုင်စင်တစ်ခုဖြင့်သာ မျှဝေရမည်ဟု သတ်မှတ်ထားသည်။ ShareAlike ရည်ရွယ်ချက်များအတွက် ကိုက်ညီသောလိုင်စင်များစာရင်း က တိုပါသည်။ ယင်းစာရင်းတွင် (the Free Art Licenceကဲ့သို့) Creative Commons က ကိုက်ညီသည်ဟု သတ်မှတ်ထားသည့် CC မဟုတ်သော လိုင်စင် (non-CC) များနှင့် လိုင်စင်တစ်ခုတည်း၏ နောက်ပိုင်းမူကွဲများပါဝင်နေပါသည် (ဥပမာ BY-SA 4.0 သည် BY-SA 3.0 နှင့် ကိုက်ညီပါသည်)။ ထိုအကြောင်းအရာများကို ဤနေရာ တွင်ပို၍ လေ့လာနိုင်ပါသည်။ သို့သော် မှတ်သားရန် အရေးအကြီးဆုံးအချက်မှာ မှီငြမ်းလက်ရာများ (Adaptations)ကို ဝေမျှလိုပါက တူညီသော သို့မဟုတ် ကိုက်ညီသာ လိုင်စင်ကို အသုံးပြုရန် ShareAlike က သတ်မှတ်ထားပါသည်။

အများပြည်သူပိုင်နေရာ (Public Domain)

Creative Commons တွင် CC လိုင်စင်အုပ်စုအပြင် "မည်သည့် အခွင့်အရေးမှ ထိန်းသိမ်းမထားပါ" ဆိုသော နည်လမ်းကိုသုံးပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ကို လုံးဝမယူချင်သော ဖန်တီးသူများအတွက် ရွေးချယ်စရာတစ်ခုရှိနေပါသေးသည်။ ၎င်းမှာ CC0, အများပြည်သူပိုင်နေရာသို့ ရည်စူးမှုဆိုင်ရာ အထောက်အကူ (the public domain dedication tool)ပင်ဖြစ်ပါသည်။

CC လိုင်စင်များကဲ့သို့ပင် CC0 ( 'စီစီဇီးရိုး' ဟုဖတ်ရန်) သည်လည်း အလွှာ ၃ ခုရှိသည့်ဒီဇိုင်းကို အသုံးပြုထားပါသည်။ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code)သဘောတူညီချက်(deed) နှင့် မက်တာဒေတာ(metadata) တို့ဖြစ်ကြပါသည်။

CC0 ၏ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code)တွင် သုံးခွပုံစံရှိသော ဥပဒေရေးရာ နည်းလမ်းတစ်ခုကို အသုံးပြုထားသည်။ အချို့နိုင်ငံများတွင် စည်းကမ်းချက်များကို လျှော့ပေါ့ခြင်း သို့မဟုတ် အခွင့်အရေးများကို စွန့်လွှတ်ခြင်းတို့ဖြင့် ဖန်တီးသူများက ၎င်းတို့၏ လက်ရာများကို အများပြည်သူပိုင်နေရာ (Public Domain) သို့ ရည်စူးခွင့်မပြုပါ။ ထို့ကြောင့် CC0 တွင် ကမ္ဘာအနှံ့မှ မည်သူမဆို ဖန်တီးလက်ရာတစ်ခုကို ခြွင်းချက်မရှိ လုပ်ချင်ရာ လုပ်နိုင်စေမည့် အရံ (Fallback) လိုင်စင်တစ်ခုကိုထည့်သွင်းပေးထားပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် စည်းကမ်းချက်များကို လျှော့ပေါ့ခြင်း မအောင်မြင်ပါက အရံ (Fallback) လိုင်စင်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ လျှော့ပေါ့ခြင်းနှင့် အရံ (Fallback) လိုင်စင်တို့အား အသုံးပြု၍မရနိုင်သည့် အဖြစ်နည်းသည့် အခြေအနေတစ်ခုတွင် ၎င်း၏လက်ရာအတွက် CC0 လိုင်စင်သုံးသည့် ပုဂ္ဂိုလ်၏ ကတိကဝတ်ဖြစ်သော ဖန်တီးထားသောလက်ရာနှင့် ပတ်သက်သမျှ အခွင့်အရေးများအားလုံးကို စွန့်လွှတ်သည့် ၎င်း၏ ဖော်ပြပါ ရည်ရွယ်ချက်ကို အနှောက်အယှက် ဖြစ်စေသော ပုံစံတစ်ခုဖြင့် ပြန်လည်အသုံးပြုသူများအပေါ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ခုခံကာကွယ်မှုများ ပြုလုပ်လိမ့်မည်မဟုတ် ဆိုသည့်အချက်ကို CC က ထည့်သွင်းပေးထားပါသည်။

CC လိုင်စင်များကဲ့သို့ပင် CC0 သည်လည်း မူပိုင်ခွင့်အထောက်အကူတစ်ခုပင်ဖြစ်ပါသည်။ သို့သော် ၎င်းတွင် ယှဉ်ပြိုင်ခွင့် တားမြစ်ခြင်းဆိုင်ရာ ဥပဒေများကဲ့သို့ CC လိုင်စင်များတွင် မပါဝင်သည့် အပိုအခွင့်အရေး အနည်းငယ် ပါဝင်ပါသည်။ ပြန်လည်အသုံးပြုမှုဆိုင်ရာ ရှူထောင့်မှ ကြည့်ပါက လက်ရာတစ်ခုတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် နှင့် တီထွင်မှုမူပိုင်ခွင့်ကဲ့သို့ သီးခြားရထားရန်လိုအပ်သော မူပိုင်ခွင့်များနှင့် ပုဂ္ဂလိကကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အမည်နှင့် အမှတ်သညာတို့ကို အလွဲသုံးစားပြုခြင်းအား တားမြစ်ပိတ်ပင်ခွင့်များ (privacy or publicity rights) ကဲ့သို့ အခြားသော တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ မူပိုင်ခွင့်များလည်း ရှိနေနိုင်ပါသည်။

အပြီးသတ် မှတ်ချက်

Creative Commons ဥပဒေအထောက်အကူများသည် ရှုပ်ထွေးသောဥပဒေများအတွက် တသမတ်တည်းဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ဖြေရှင်းမှုပေးရန် ဒီဇိုင်းရေးဆွဲ ထားခြင်းဖြစ်ပါသည်။ ၎င်းတို့ကို ရှေ့နေမဟုတ်သူများအတွက် တတ်နိုင်သမျှ လွယ်ကူစွာ အသုံးပြုနိုင်ရန် ပြုလုပ်ထားပါသည်။ ဤအခန်းတွင်ပါဝင်သည့် အခြေခံဥပဒေသဘောတရားများကို နားလည်ထားခြင်းဖြင့် CC လိုင်စင်များနှင့် အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူများ (Public Domain Tools) ကို ထိရောက်စွာ အသုံးပြုနိုင်ပါလိမ့်မည်။

၃.၄ လိုင်စင်၏ စိုးမိုးနိုင်စွမ်း

Magdalena Roeseler ၏ Untitled CC BY 2.0 လိုင်စင်

Creative Commons လိုင်စင်များကို ကမ္ဘာစ်ဝန်းရှိ နိုင်ငံများတွင် ဥပဒေကြောင်းအရ စိုးမိုးနိုင်စေရန် အထူးသေချာစွာ ရေးဆွဲထားခြင်းဖြစ်ပါသည်။

သင်ယူမှုရလဒ်များ

ဤအခန်းပြီးဆုံးချိန်တွင် သင့်အနေဖြင့်

  • Creative Commons ၏ စီရင်ထုံးအနေအထားကို ဖော်ပြနိုင်မည်။
  • လိုင်စင်မူကွဲအမျိုးမျိုးနှင့် မည်သည့်အတွက်ကြောင့် ပြောင်းလဲမှုများအား ပြုလုပ်ထားသည်တို့ကို နားလည်လာမည်။

ပြန်လည်သုံးသပ်ချက်

သင် သို့မဟုတ် သင့်အဖွဲ့အစည်းက CC လိုင်စင်များကို အသုံးပြုနေသည်ဖြစ်စေ၊ ယင်းလိုင်စင်များကို အခြားသူများက အသုံးပြုခြင်းနှင့် ပတ်သက်၍ သင်က အကြံပေးနေသည်ဖြစ်စေ CC လိုင်စင်များ၏ စည်းကမ်းချက်များက ဥပဒေကြောင်းအရ စိုးမိုးနိုင်ခြင်းနှင့် ပတ်သက်၍ ယုံကြည်မှုရှိထားချင်မည်ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်လက်ရာကို အလွဲသုံးစားပြုပါက မည်သည့် အားကိုးအားထားပြုစရာ သင့်တွင် ရှိပါသနည်း။ ဥပမာ တစ်စုံတစ်ယောက်က သင့်ထံမှ ခွင့်ပြုချက်မတောင်းခံဘဲ သင် CC လိုင်စင်သုံးထားသည့် ဓာတ်ပုံတစ်ပုံကို မဂ္ဂဇင်းတစ်စောင်တွင် အသုံးပြုထားကြောင်း သိရသည့်အခါ မည်သို့ ပြုလုပ်ပါမလဲ။

မိတ်ဆက်

Creative Commons လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အခြေခံ၍ဖန်တီးထားသော ဥပဒေရေးရာ အထောက်အကူများ ဖြစ်ပါသည်။ ဥပဒေအထောက်အကူများအဖြစ် တရားရုံးတွင် CC လိုင်စင်များက ခုခံလျှောက်လဲရန် လိုပါသည်။ Creative Commons လိုင်စင်များပါဝင်ပတ်သက်သည့် တရားရင်ဆိုင်ရသောအမှုတစ်ခု ရှိပါက မည်သို့ဖြစ်လာနိုင်ပါသနည်း။ တစ်စုံတစ်ဦးက လက်ရာတစ်ခုအတွက် သင်အသုံးပြုထားသော CC လိုင်စင်ပါ စည်းကမ်းချက်များကို ချိုးဖောက်နေပြီး သင့်အနေဖြင့် ၎င်းပုဂ္ဂိုလ်အား တရားစွဲဆိုခြင်း မပြုချင်ပါက မည်သို့ ဖြစ်လာနိုင်ပါသနည်း။ လိုင်စင်ပိုင်ရှင်တစ်ဦးဦးက ၎င်း၏လက်ရာကို သင်ပြန်လည်အသုံးပြုချိန်တွင် အသိအမှတ်ပြုပုံနှင့် စပ်လျဉ်း၍ သင့်အား စောဒက တစ်ခုခု တက်လာပါက မည်သို့ ဖြစ်လာနိုင်သနည်း။

ယနေ့အထိ ကျွန်ုပ်တို့ သိထားသ၍တွင် CC လိုင်စင်နှင့်ဆက်နွယ်နေသောအမှု (ထိုကဲ့သို့ အမှုများ အလွန်နည်းပါသည်) တစ်ခုအပေါ် ကြားနာမှု‌ေပြုလုပ်ခဲ့သည့် ကမ္ဘာပေါ်ရှိ မည်သည့်တရားရုံးကမှ CC လိုင်စင်တစ်ခု၏ ဥပဒေအရအကျုံးဝင်မှု သို့မဟုတ် စိုးမိုးနိုင်စွမ်းကို မေးခွန်းမထုတ်ဖူးပါ။ CC အသိုင်းအဝန်း၏ ကျေးဇူးကြောင့် CC လိုင်စင်များနှင့်ပတ်သက်သည့် ကွဲလွဲငြင်းခုံမှု အများစုသည် တရားရုံးအထိမရောက်ဘဲ အပြင်မှာတင် ကျေအေးပြီးဆုံးသွားခဲ့ကြသည့်အပြင် တစ်ခါတလေတွင် ယင်းသို့ ငြင်းခုံမှုများအတွက် ရှေ့နေများပင် အသုံးပြုရန်မလိုအပ်ခဲ့ကြပါ။

CC လိုင်စင်ရှိလက်ရာများကို ပြန်လည်အသုံးပြုကြသူ အများစုသည် လိုင်စင်စည်းကမ်းချက်များအား လိုက်နာရန် ကြိုးစားကြပါသည်။ သို့သော်လည်း ကောင်းသော ရည်ရွယ်ချက်ဖြင့် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တစ်ခါတရံတွင် လူတိုင်းမှားတတ်ကြပါသည်။

CC လိုင်စင်များ၏ ဥပဒေကြောင်းအရ စိုးမိုးနိုင်စွမ်း

တစ်စုံတစ်ယောက်က CC လိုင်စင်ရှိလက်ရာတစ်ခုကို လူသိရှင်ကြား အသိအမှတ်မပြုဘဲ သုံးနေလျှင် သို့မဟုတ် လိုင်စင်စည်းကမ်းများအား တစ်နည်းနည်းဖြင့် လိုက်နာခြင်းမရှိဘဲ သုံးနေလျှင် လိုင်စင်စည်းကမ်းများကို ယင်းသို့ ချိုးဖောက်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းလက်ရာအား အသုံးပြုခွင့် အလိုအလျှောက် ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။ လက်ရာကို အသုံးပြုနေသည့် ပုဂ္ဂိုလ်သည် သီးသန့်ခွင့်ပြုချက်ကို ရရှိထားခြင်း သို့မဟုတ် မျှတစွာအသုံးပြုမှု(fair use) မူအရ သို့မဟုတ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခြားခြွင်းချက်တစ်စုံတရာအရ အသုံးပြုနေခြင်း မဟုတ်လျှင် ၎င်းသည် စာပေနှင့်အနုပညာမူပိုင်ခွင့် စည်းကမ်းကို ချိုးဖောက်နေခြင်း ဖြစ်နေနိုင်ပါသည်။ တစ်စုံတစ်ယောက်က CC လိုင်စင်တစ်ခုကို မလိုက်နာလျှင် ကြုံတွေ့ရမည့်အခြေအနေများအကြောင်း လေ့လာရန် ဤ FAQ ကို ဖတ်ပါ။ ပြန်လည်အသုံးပြုသူ၏ ရှုထောင့်မှ ဖြစ်စဉ်များကိုလေ့လာရန် ဤ FAQ ကိုဖတ်ပါ။

အစောပိုင်းတွင် မြင်တွေ့ခဲ့သည့်အတိုင်းပင် CC လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ပတ်သက်လုပ်ဆောင်သည့်အတွက် ဥပဒေအရစိုးမိုးနိုင်စွမ်းသည် CC လိုင်စင်၏ အဓိက အင်္ဂါရပ်များမှတစ်ခုပင် ဖြစ်ပါသည်။ ဤလိုင်စင်များကို အခမဲ့နှင့် လွတ်လပ်စွာ ရယူသုံးစွဲနိုင်ခြင်းတို့၏ သင်္ကေတများအဖြစ် ကျယ်ပြန့်စွာရှုမြင်နေကြသော်လည်း ၎င်းတို့တွင် ဥပဒေကြောင်းအရ အရေးပါမှုလည်း ရှိနေပါသည်။ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) ကို နိုင်ငံတကာ စာပေနှင့်အနုပညာမူပိုင်ခွင့် ကျွမ်းကျင်သူများကွန်ယက်၏ အကူအညီကိုရယူ၍ ရှေ့နေများကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ပါသည်။ ရလဒ်အဖြစ် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို အသက်ဝင်လုပ်ဆောင်၍ စိုးမိုးနိုင်စေရန် ရည်ရွယ် ရေးဆွဲထားသည့် အထွေထွေစည်းကမ်းချက်များ ထွက်ပေါ်လာပါသည်။

လိုင်စင်မူကွဲများ

CC လိုင်စင်မူကွဲ အမျိုးမျိုးရှိနေသည်ကို ရှေ့တွင် လေ့လာခဲ့ကြပြီးဖြစ်ပါသည်။ အခန်း ၃.၃ တွင် ဖော်ပြပါရှိသည့် လိုင်စင် အမျိုးအစား အမျိုးမျိုးနှင့် ရောထွေးသွားစရာမလိုပါ။ လိုင်စင်မူကွဲအမှတ်သည် မည်သည့်အချိန်က အဆိုပါ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) အား ရေးသားထားသည်ကို ကိုယ်စားပြုခြင်းသာဖြစ်ပါသည်။

CC သည် ၎င်းတို့၏ လိုင်စင်များကို မူပြင်ခြင်းဖြစ်စဉ်ဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ယင်းဖြစ်စဉ်သည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် နည်းပညာအပြောင်းအလဲများအပြင် ပြန်လည်အသုံးပြုသူများ၏ လိုအပ်ချက်များအတွက်ပါ ပိုမိုကောင်းမွန်စေရန် ဥပဒေရေးရာ ပြဋ္ဌာန်းချက်ကို အသစ်ပြင်ဆင် ဖြည့်စွက်ခြင်းဖြစ်ပါသည်။ လိုင်စင်မူကွဲများအလိုက် ကွဲလွဲမှုအချို့ရှိသော်လည်း လက်တွေ့သက်ရောက်မှုတွင် ယင်းမူကွဲအမျိုးမျိုးသည် များစွာမပြောင်းလဲဘဲ ယခင်အတိုင်း ရှိနေပါသည်။ နောက်ဆုံးထွက်ရှိသည့် CC လိုင်စင်အုပ်စု၏ မူကွဲမှာ version 4.0 ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ မူကွဲ ၄.၀ လိုင်စင်များတွင် အသစ်ပြင်ဆင်ဖြည့်စွက်ထားသည့် အချက်အလက် အသေးစိတ်များကို CC wiki တွင် လေ့လာနိုင်ပါသည်။ ယင်းလိုင်စင်များ၏ မူကွဲ ၁.၀ မှ လက်ရှိအထိ အသိအမှတ်ပြုခြင်း (Attribution)နှင့် လိုအပ်ချက်များ သတ်မှတ်ပုံဆိုင်ရာ ပြောင်းလဲချက်များအားလုံး အပါအဝင် လိုင်စင်များ၏ ပြောင်းလဲပုံကို အကောင်းဆုံးနှင့် အပြည့်စုံဆုံး လေ့လာနိုင်ရန် Creative Commons ဝက်ဘ်ဆိုက်ကို သွားပါ။

နောက်ဆုံးထွက် CC လိုင်စင်များ (မူကွဲ ၄.၀) နှင့် ယခင်မူကွဲများအကြား အရေးပါသော ခြားနားချက်တစ်ခုမှာ CC လိုင်စင်စည်းကမ်းများအား ချိုးဖောက်ခြင်းများနှင့် သက်ဆိုင်ပါသည်။ CC လိုင်စင်များ၏ မူကွဲ ၄.၀ သည် လိုင်စင်စည်းကမ်းချိုးဖောက်သည့် (ဥပမာ အသိအမှတ်ပြုချက် (Attribution)ထည့်သွင်းပေးရန် မေ့သွားခြင်း) လိုင်စင်ရရှိသူက ယင်းသို့ချိုးဖောက်မှုအား ရက် ၃၀ အတွင်း ပြန်လည်ပြင်ဆင်ပေးလျှင် ၎င်း၏ ယင်းအရင်းအမြစ်အား အသုံးပြုခွင့်ကို ပြန်ပေးနိုင်စေပါသည်။ ယင်းနှင့် စပ်လျဉ်း၍ CC ဝက်ဘ်ဆိုက်ပေါ်ရှိ What’s New in 4.0 page မှ ‘30-day window to correct licence violations’ အပိုင်းတွင် ပိုမိုလေ့လာဖတ်ရှုနိုင်ပါသည်။

နောက်ထပ် အဓိကခြားနားချက်တစ်ခုမှာ မူကွဲ ၄.၀ မတိုင်မီ မူကွဲများတွင် Creative Commons က CC Global Network အား Creative Commons လိုင်စင်များကို 'လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ' ရန် ခွင့်ပြုချက်ပေးထားခဲ့ခြင်းဖြစ်သည်။ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်းတွင် လိုင်စင်များက ဒေသဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများနှင့် မူကြမ်းရေးဆွဲထားသော သဘောတူညီချက်များကို ထင်ဟပ်သည့်အပြင် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများနှင့် လိုင်စင်ထုတ်ပေးခြင်းနှင့် လိုက်နာစေခြင်းဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ (collecting societies) တည်ရှိခြင်းကဲ့သို့ ဒေသဆိုင်ရာ အခြားကွဲပြားမှုများကိုပါ ထည့်သွင်းဖော်ပြနိုင်ရန် ဘာသာပြန်ခြင်းနှင့် ပြုပြင်ချိန်ညှိခြင်းများပါဝင်ခဲ့ပါသည်။

လိုင်စင်မူကွဲ ၃.၀ မှ ၄.၀ သို့ ပြောင်းလဲလိုက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ကို ဖယ်ရှားနိုင်ရန်ဖြစ်သည်။ ၎င်းလိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုသည် မလိုအပ်ဘဲ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်နေပြီး CC အနေဖြင့် လိုင်စင်အသစ်များကို နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီအောင် လုပ်နိုင်ခဲ့ပါက ၎င်းလုပ်ငန်းစဉ်အားဖယ်ရှားနိုင်သောကြောင့် ယင်းသို့ ဖယ်ရှားခဲ့ခြင်း ဖြစ်ပါသည်။ မူကွဲအမှတ် ၄.၀(နောက်ဆုံးထွက်ရှိသည့် CCလိုင်စင်အုပ်စု) မှစတင်၍ CC သည် လိုင်စင်များကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်း မရှိတော့ပါ။ မူကွဲအဟောင်းများဖြစ်သော လိုင်လျောညီထွေဖြစ်အောင် ပြုလုပ်ထားသည့် လိုင်စင်များသည်လည်း တရားဥပဒေကြောင်းအရ အကျုံးဝင်လျက်ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် Creative Commons သည် ၎င်းလိုင်စင်မူကွဲများအား အသုံးပြခြင်းကို အားမပေးတော့ပါ။ မူကွဲ ၄.၀ သည် နောက်ဆုံးထွက်ရှိထားခြင်းဖြစ်ပြီး CC နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာကွန်ယက်အတွက် ခေတ်အမီဆုံးမူကွဲအဖြစ် ထောက်ခံပေးထားပါသည်။

လိုင်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲထားသည့် လိုင်စင်မူကွဲများသည် CC လိုင်စင်များကို တရားဝင်ဘာသာပြန်ဆိုချက်များနှင့် ကွဲလွဲမှုများရှိနေမည်ဖြစ်ပါသည်။ CC ဥပဒေအထောက်အကူများ အားလုံး၏ နောက်ဆုံးမူကွဲများကို အခြားဘာသာစကားများသို့ တရားဝင်ဘာသာပြန်ဆိုချက်အဖြစ် ဘာသာပြန်ဆိုနိုင်ပါသည်။ CC လိုင်စင်များကို ဘာသာပြန်ဆိုခြင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းတွင် လေ့လာနိုင်သည်။

မည်သည့်အသုံးပြုမှုကိုဖြစ်စေ CC လိုင်စင်များ၏ နောက်ဆုံးထွက်မူကွဲကိုသာ အသုံးပြုရန် CC မှ တိုက်တွန်းထားပါသည်။ နောက်ဆုံးမူကွဲတွင် Creative Commons နှင့် ၎င်း၏ ကမ္ဘာအနှံ့မှ ဥပဒေကျွမ်းကျင်သူများ၏ ခေတ်အမီဆုံး အတွေးအခေါ်များ ပါဝင်နေမည်ဖြစ်ပါသည်။ သင်၏ အရင်းအမြစ်များကို မျှဝေနိုင်သည့် အချို့ပလက်ဖောင်းများတွင် သီးသန့်လိုင်စင်များကို အသုံးပြုရန် လိုအပ်နေမည်ဖြစ်သည်။ ဥပမာ အားဖြင့် ဓာတ်ပုံမျှဝေသည့် ပလက်ဖောင်း Flickr သည် CC လိုင်စင်များ၏ မူကွဲ ၂.၀ ကိုအသုံးပြုနေပါသည်။

အပြီးသတ် မှတ်ချက်

CC လိုင်စင်များ၏ ဥပဒေကြောင်းအရ ခိုင်မာအားကောင်းမှုသည် အလွန်အရေးကြီးလှပါသည်။ CC သည် ၎င်း၏ နိုင်ငံတကာ ဥပဒေနှင့် မူဝါဒရေးရာကျွမ်းကျင်သူများကွန်ယက်၏ အကူအညီကိုရယူထားသောကြောင့် CC လိုင်စင်များကို ကမ္ဘာတစ်ဝှမ်းတွင် အသိအမှတ်ပြုလက်ခံကြပြီး ဥပဒေအရ အကျုံးဝင်သက်ရောက်မှုရှိနေပါသည်။ ယနေ့အချိန်အထိ CC လိုင်စင်များအား မည်သည့် တရားရုံးတွင်မှ ဥပဒေအရအကျုံးမဝင်ဟု ကြေညာခြင်းမခံရသေးပါ။ တရားရုံးအထိ တရားစွဲဆိုခံရခြင်းများလည်း မရှိသလောက် နည်းပါနေပါသေးသည်။ အငြင်းပွားမှုအများအပြားသည်လည်း တရားရုံးအထိရောက်သွားခြင်းမရှိဘဲ CC အသိုက်အဝန်းကြီးထဲတွင်ပင် ပြေလည်သွားကြပါသည်။

အခန်း ၃ ဉာဏ်စမ်းမေးခွန်းများ