အဆင့် ၁ လေ့လာသင်ယူဖို့ အချိန်ဘယ်လိုရမလဲ

Described image

နေ့စဉ်ဘဝတွင် လေ့လာသင်ယူဖို့ အချိန်ရှာရသည်မှာ လွယ်မည်မဟုတ်ပါ။ သို့ဖြစ်၍ စိတ်ရောကိုယ်ပါနှစ်ပြီးမလေ့လာမီ လေ့လာဖို့အချိန်ရတာသေချာရန် ကြာမည့်အချိန်ကို စဉ်းစားခြင်းက အသုံးဝင်ပါသည်။ အဝေးမှသင်ယူခြင်းက အဆင်ပြေသလိုလေ့လာနိုင်သော်ငြား မိမိကိုယ်ပိုင် လေ့လာရေးအစီအစဉ်ကို ဆုံးဖြတ်ရန်မှာ ကျောင်းသားတစ်ယောက်အဖြစ် မိမိအပေါ်မှာ မူတည်လေ့ရှိပါသည်။

ကျောင်းသားအတော်များများက ပြန်ပြောပြသည့်ကိစ္စများမှ တစ်ခုမှာ လေ့လာသင်ယူရန်ရသည့် အချိန်အတောအတွင်း အာရုံပျံ့လွင့်မှာကို စိုးရိမ်ကြတာပဲဖြစ်ပါသည်။

လုပ်ဆောင်မှု ၁

Timing: ကြာချိန် မိနစ် ၂၀

ပထမဆုံး လုပ်ဆောင်မှုအဖြစ် လေ့လာသင်ယူဖို့ ရနိုင်မည့်အချိန်ကို သတိပြုမိအောင်ကူညီပေးမည့် ဒီအချိန်စီမံမှုဇယား [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကိုဖြည့်ပါ။

အချိန်စီမံမှုဇယားသည် တစ်ပတ်တာလုံးမှာ အချိန်ပေးပြီးလုပ်သည့်အရာများကို စဉ်းစားမိအောင် ကူညီပေးပါလိမ့်မည်။ လေ့လာသင်ယူဖို့ရနိုင်မည့်အချိန်ကို တွက်ချက်ရာတွင် အထောက်အကူဖြစ်ရန် မိမိလုပ်ကိုင်ဆောင်ရွက်သမျှ အားလုံးကိုဖြည့်သွင်းပါ။ အချို့က လေ့လာဖို့အချိန်ရှိနေပြီးသားဖြစ်သည်ကို သိသွားနိုင်သလို အချို့ကလည်း အလွန်အလုပ်များပြီး အလုပ်တစ်ခုမကကို နိုင်အောင်လုပ်နေရသည်မှာ ဧကန်မုချဖြစ်ပါသည်။

အခုဆိုလျှင် လေ့လာသင်ယူရန်ရရှိမည့်အချိန်ကို တွက်ချက်ပြီးပြီဖြစ်၍ ရထားသည့်အချိန်ကို အစွမ်းကုန်အသုံးချတာသေချာရန် မည်သို့လုပ်မလဲဆိုသည်ကို စဉ်းစားကြည့်သင့်သည်။ တတ်နိုင်သလောက် ထိထိရောက်ရောက် လေ့လာသင်ယူရန်ဖြစ်သည်။

ကျောင်းသားအတော်များများက ပြန်ပြောပြသည့်အထဲမှတစ်ခုမှာ လေ့လာဖို့ရသည့်တန်ဖိုးရှိသည့် အချိန်အတွင်းမှာ အာရုံပျံ့လွင့်သွားမှာကို စိုးရိမ်တာပဲဖြစ်ပါသည်။

ကျောင်းသားများကပြောသည့် လေ့လာချိန်အတွင်း အာရုံမပျံ့လွင်အောင်လုပ်သည့် အကြံပြုချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • လက်တွေ့ကျသော ပန်းတိုင်တစ်ခုထားပြီး ဖြစ်မြောက်သွားလျှင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုနိုင်အောင် လေ့လာချိန်သတ်မှတ်ရပါမည် (ဥပမာ ကော်ဖီမဖျော်ခင်မှာ ဒီတစ်ခန်းကိုမိနစ်၄၀ကြာအောင်ဖတ်မယ်)။
  • အားလပ်ချိန်နှင့် လေ့လာချိန်ကို မျှတအောင်ကြိုးစားရမည်။ ရနိုင်သည့် သင်ယူမှုအခွင့်အလမ်းများကို အစွမ်းကုန်မြှင့်တင်ပေးဖို့ အထောက်အကူပြုပါလိမ့်မည်။ လူမှုရေးအတွက် လေ့လာမှုကို ခဏရပ်နားတာလည်းကောင်းပါသည်။ ထိုသို့အနားပေးခြင်းက လေ့လာမှုကိုကူညီပေးနိုင်သော်ငြား လေ့လာသင်ယူတာကို ဦးစားပေးနိုင်အောင် ကြိုးစားရပါမည်(ဥပမာ လေ့လာဖို့အချိန်တစ်နာရီပိုရတာကို သိထားတာကြောင့် ပုံမှန်ထက်တစ်နာရီနောက်ကျပြီးမှ သူငယ်ချင်းနှင့်တွေ့ဖို့စီစဉ်ပါ)။
  • အဝေးမှသင်ယူခြင်းက မကြာခဏဆိုသလို ကိုယ်ရေးကိုယ်တာအတွက်သုံးသော နည်းပညာအားအသုံးချရခြင်းကို ဆိုလိုပါသည် (ဥပမာ ကိုယ်ပိုင်ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းဖြစ်ပါသည်)။ လက်ကိုင်ဖုန်းဖြင့် ပေးပို့သောစာများ၊ အီးမေးလ်ပို့ခြင်းများ၊ ဆိုရှယ်မီဒီယာသုံးခြင်းများကြောင့် အာရုံမလွင့်အောင်ကြိုးစားရမည်(ဥပမာ လေ့လာမှုလုပ်နေစဉ် စာရောက်ကြောင်း သတိပေးချက်များကို ပိတ်ထားခြင်းနှင့် ဖုန်းသတိပေးသံများ ပိတ်ထားခြင်း သို့မဟုတ် အခြားအခန်းထဲတွင် ဖုန်းကိုထားခြင်း ဖြစ်ပါသည်)
  • လေ့လာသင်ယူဖို့ရသည့်အချိန်ကို အစွမ်းကုန်အသုံးချပါ။ ဖတ်မှတ်လေ့လာမှုမပြုမီ ရှင်းလင်းပြင်ဆင်ဖို့မလိုသော ပုံမှန်လေ့လာသင်ယူသည့်နေရာတစ်ခု အိမ်မှာသတ်မှတ်ထားခြင်းကို ဆိုလိုတာမျိုးဖြစ်ပါသည်။ ခရီးသွားလာနေစဉ် လေ့လာမှုလုပ်မည်ဆိုလျှင် သက်ဆိုင်ရာ ဖတ်မှတ်လေ့လာစရာများကို အတူပါအောင်ယူရပါမည်(အချို့ကို စမတ်ဖုန်းကဲ့သို့သော ကိရိယာများတွင် ဒေါင်းလုဒ်လုပ်နိုင်သည့်အတွက် သွားလာရင်း နားထောင်နိုင်၊ဖတ်ရှုနိုင်ပါသည်)။
  • လေ့လာသည့်နေရာကိုရှင်းလင်းခြင်း၊ ပြတင်းပေါက်မှအပြင်သို့ ငေးကြည့်ခြင်း၊ ခဲတံချွန်နေခြင်းမျိုးလုပ်ပြီး တောင်လုပ်မြောက်လုပ် လုပ်နေသည်ဟုခံစားမိလျှင် အချိန်ဆွဲမှုထောင်ချောက်ထဲသို့ ကျသွားပြီဖြစ်ပါသည်။ လေ့လာဖို့အချိန်ရှာခြင်းနှင့် ပတ်သက်လျှင် အချိန်ရအောင်ရှာပြီး ရသည့်အချိန်ကို အစွမ်းကုန်အသုံးချရန်သာဖြစ်ပါသည်။

ပြန်သုံးသပ်ခြင်း

Timing: ကြာချိန် ၁၀ မိနစ်

အထက်ပါလုပ်ဆောင်မှုကို လုပ်ပြီးသည့်နောက် လေ့လာဖို့အချိန်ယူခြင်းနှင့် ပတ်သက်ပြီး တစ်ခုခုစိုးရိမ်နေတာရှိလျှင် အောက်တွင်မှတ်သားထားပါက အသုံးဝင်နိုင်ပါသည်။

To use this interactive functionality a free OU account is required. Sign in or register.
Interactive feature not available in single page view (see it in standard view).

သင်တန်း၏ ကျန်ရှိနေသည့်အခန်းများကို ဆက်လက်လုပ်ဆောင်ပြီး မိမိ၏စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူဖြစ်စေမည့် ဗျူဟာများနှင့် အရင်းအမြစ်များကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

လေ့ကျင့်ခန်းအပေါ် Mg Mg ၏အမြင်

အချိန်စီမံခန့်ခွဲမှုဇယားကို ဖြည့်ကြည့်တဲ့အခါ ကျန်တဲ့အချိန်တွေကအလုပ်လုပ်နေတာဖြစ်လို့ လေ့လာဖို့ရတဲ့အချိန်ကညနေဘက်တွေနဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေပဲ ရှိတယ်လို့ထင်တာ။ ဒါပေမဲ့ မိနစ် ၄၀ လေ့လာချိန်အကြံပြုချက်ကြောင့် နေ့လယ်စာစားချိန်တွေမှာ လေ့လာနိုင်တာကို တွေးမိတယ်။ နေ့လယ်စာစားချိန် တစ်နာရီရတာကြောင့် အစားစားချိန်လည်းရသေးတယ်။ တစ်ပတ်မှာ နေ့လယ်စာစားချိန် ၃ ချိန်မှာလေ့လာဖို့၊ အဲဒီရက်တွေမှာ ညနေပိုင်းလေ့လာမှုကိုလျှော့လုပ်ဖို့ ဆုံးဖြတ်ထားတယ်ခင်ဗျ။ ဒီအချိန်ဇယားက ကျွန်တော့်အတွက် လုပ်ရကိုင်ရတာ ပိုလွယ်သလိုပဲ။

လေ့လာတယ်ဆိုတာ စာဖတ်တာနဲ့ မှတ်စုထုတ်တာလောက်သာ မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေသေချာချာ စဉ်းစားသုံးသပ်ရတာလည်း ပါတယ်ဗျ။ အလုပ်အသွားအပြန် ဆိုက်ကားပေါ်မှာ အဲဒါလုပ်လို့ရတယ်။

ကျွန်တော့်သူငယ်ချင်းတွေ ဘာလုပ်နေသလဲသိရအောင် ဖုန်းကြည့်ချင်တဲ့စိတ်က ပြင်းပြနေမှာကိုသိပါတယ်။ ဒါကြောင့် လေ့လာနေတဲ့တစ်ချိန်လုံးမှာ ဖုန်းကိုမကြည့်မိအောင် ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော် အတော့်ကို စည်းကမ်းရှိမှရမယ်။ အဝေးမှ သင်ယူသူတစ်ဦးအဖြစ် အောင်မြင်ခြင်းဆိုတာ အလေ့အကျင့်ကောင်းတွေကို စလုပ်တာနဲ့ဆိုင်တယ် ထင်ပါတယ်။ အစပိုင်းသုံးလေးရက်လောက် လေ့လာမှုလုပ်ချိန်မှာ ဖုန်းမကြည့်မိအောင်နေမယ်ဆိုရင် နောက်ပိုင်းမှာ ပိုလွယ်သွားမယ်လို့ထင်ပါတယ်။

အခု အဆင့် ၂ လေ့လာသင်ယူဖို့ ကိုယ့်မှာသင့်တော်တဲ့ကျွမ်းကျင်မှုတွေရှိသလား ကိုဆက်ကြည့်ပါ။