ဒစ်ဂျစ်တယ်ခေတ် သတင်းအချက်အလက်များ

သင်တန်း ဒုတိယပတ်မှ ကြိုဆိုပါသည်။

ကျွန်တော်တို့သည် "သတင်းအချက်အလက်ခေတ်" တွင် နေထိုင်နေကြသည်ဟု လူအများပြောကြသည်ကို ကြားဖူးပါလိမ့်မည်။ ၁၉၇၀ နှစ်များ ဝန်းကျင်ကစတင်ခဲ့သော "သတင်းအချက်အလက်ခေတ်" သည် ယခုအချိန်ထိ ရပ်တန့်သွားမည့် အရိပ်အယောင် မရှိပေ။ အမှန်ပင်ဖြစ်သည်၊ ပြောင်းလဲနှုန်းက မြန်ဆန်သည်။ သတင်းအချက်အလက်ခေတ်သည် အားလုံးက များပြားလှသော သတင်းအချက်အလက်များကို ကွန်ပျူတာ နည်းပညာများမှတစ်ဆင့် ရရှိနေသောခေတ်ကိုဆိုလိုသည်။

ကွန်ပျူတာနည်းပညာသည် မကြာသေးမီနှစ်များတွင် လျင်မြန်စွာ တိုးတက်လာသည်။ ကျွန်တော်တို့၏ ဘဝများကို ပြောင်းလဲပေးခဲ့သလို ဆက်လက်ပြီးလည်း ပြောင်းလဲပေးနေသည်။ ကွန်ပျူတာနည်းပညာတွင် 'တော်လှန်ပြောင်းလဲမှု' က ခလုတ်တစ်ချက်ထိလိုက်ရုံဖြင့် သတင်းအချက်အလက်များကို ရယူနိုင်စေသည်။ ကျွန်တော်တို့သည် စားပွဲတင် ဒက်စတော့ကွန်ပျူတာများကိုသာ သုံးနေတာ မဟုတ်တော့ဘဲ စမတ်ဖုန်းများနှင့် တက်ဘလက်များကဲ့သို့သော မိုဘိုင်းစက်ပစ္စည်းများကိုအသုံးပြု၍ အချိန်မရွေး၊နေရာမရွေး သတင်းအချက်အလက်များကို ရယူနိုင်လာသည်။ နည်းပညာသည် နေ့စဉ်ဘဝ၏ အရေးပါသည့်အစိတ်အပိုင်းဖြစ်လာပြီး သတင်းအချက်အလက်များကို လက်ချောင်းထိပ်ဖျားဆီသို့ ပို့ပေးနေသည်။

မကြာသေးမီက တိုးတက်ဖြစ်ထွန်းမှုများတွင် မိုဘိုင်းစက်ပစ္စည်းများထဲတွင် ကျွန်တော်တို့ကို အမှန်တကယ် စကားပြောဆိုနိုင်သော အသံမှတ်မိသည့်ဆော့ဖ်ဝဲများ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ လိုအပ်သောအချက်အလက်များကို အသံထွက်မေးမြန်းကာ ရှာဖွေနိုင်ပြီး ၎င်းက ကျွန်တော်တို့ သိလိုသောအရာကို အသံထွက်၍ ဖြေဆိုပေးနိုင်သည်။ ဥပမာ Apple စက်ပစ္စည်းများတွင်ပါသော Siri နှင့် Window စက်ပစ္စည်းများတွင်ပါသော Cortana တို့ဖြစ်သည်။

ကျွန်တော်တို့၏ဖုန်းများက ကျွန်တော်တို့ရောက်ရှိနေသောနေရာကို တည်နေရာခြေရာခံ နည်းပညာကိုသုံးပြီး ရောက်သည့်နေရာကို ပြောနိုင်သည်။ သက်ဆိုင်မည်ထင်သည့် အချက်အလက်များကိုလည်း ပေးပါသည်။ အကယ်၍ မိမိက ဘဏ်တစ်ခုကိုရှာဖွေမည်ဆိုလျှင် မိမိရောက်ရှိနေသောနေရာနှင့် အနီးဆုံးဘဏ်ကို မိမိဖုန်းက လမ်းညွှန်ပေးနိုင်သည်။

မိမိလုပ်ကိုင်နေသည်များကို မှတ်တမ်းတင်နိုင်သည်။ ရိုက်ထားသော ဓာတ်ပုံများ၊ ဗီဒီယိုများကို သိမ်းဆည်းပေးပြီး မိသားစုနှင့် သူငယ်ချင်းများထံသို့ ချက်ချင်း မျှဝေပေးနိုင်သည်။ မိမိတို့၏ဖုန်းများ၊ ကွန်ပျူတာများ၊ တက်ဘလက်များနှင့် စမတ်နာရီများအသုံးပြုကာ မိမိတို့၏ စိတ်ကူးအတွေးများကို မျှဝေနိုင်သကဲ့သို့ မှတ်တမ်းတင်နိုင်သည်။

ကိတ်မုန့်ဖုတ်ခြင်း၊ အိမ်ဆောက်ခြင်းကဲ့သို့ တစ်စုံတစ်ရာကို ပြုလုပ်ဖန်တီးချင်သောအခါ အွန်လိုင်းဗီဒီယိုများတွင် ပြုလုပ်ပုံကို အတိအကျရှာဖွေကြည့်ရှုနိုင်သည်။

အခုဆိုလျှင် အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ လေ့လာသင်ယူရာတွင်ဖြစ်စေ မိမိပတ်ဝန်းကျင်တွင် အချက်အလက်များ ဝန်းရံနေပါသည်။ 

ထိထိရောက်ရောက် သင်ယူလေ့လာနိုင်ရန် အဆိုပါ ပစ္စည်းကိရိယာအသစ်များကို မည်ကဲ့သို့အသုံးပြုမည်၊ ယခင်ကမကြုံဖူးသောပုံစံဖြင့် အသင်းအချက်အလက်များရရှိမှုကို မည်ကဲ့သို့အသုံးပြုမည်တို့ကို စဉ်းစားထားသင့်ပါသည်။ ထို့ကြောင့် လေ့လာမှုအတွက် အကျိုးကျေးဇူးများစွာရရှိသကဲ့သို့ အမျိုးမျိုးသော အရင်းအမြစ်များထံမှ အချက်အလက်ပေါင်းများစွာ ရရှိခြင်းအတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါသည်။

လုပ်ဆောင်မှု (၂.၁) မိမိ၏ ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်

Timing: (၁၅) မိနစ်ခန့် အသုံးပြုပါ။

အင်တာနက်နှင့် ဆိုရှယ်မီဒီယာကို မိိမဘယ်လို အသုံးပြုသလဲဆိုသည်ကို စဉ်းစားဆင်ခြင်ခြင်းဖြင့် မိမိ၏ ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်ကို ပိုနားလည်သဘောပေါက်ပါလိမ့်မည်။ နောက်ပိုင်းတွင် စွမ်းရည်တိုးတက်စေသော မည်သည့်လုပ်ဆောင်မှုများက မိမိနှင့်သင့်တော်သည်ကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။

ယခင်လတွင် ပြုလုပ်ကောင်းပြုလုပ်နိုင်ခဲ့သော လုပ်ဆောင်မှုနမူနာများကို အောက်တွင်ဖော်ပြထားသည်။ လုပ်ဆောင်မှုနှစ်ခုကိုရွေးချယ်ပြီး ဘာလုပ်သလဲ၊ ဘာကြောင့်လုပ်သလဲ၊ ဘယ်လိုအကူအညီရသလဲ၊ ဘာပြဿနာတွေ ပေါ်သလဲ ဆိုသည်တို့ကို အသေးစိတ်ရေးသားပါ။ ထို့နောက် လေ့လာသင်ယူမှုမှတ်တမ်းတွင် မှတ်ချက်ရေးပါ။ အောက်ပါစာရင်းတွင် မပါဝင်သော အွန်လိုင်းလုပ်ဆောင်မှုတစ်ခု အကြောင်းကိုလည်း ရေးသားနိုင်သည်။

  • အင်တာနက်ပေါ်တွင် အချက်အလက်များကိုရှာဖွေခြင်း (သတင်းများ၊ အားလပ်ရက်များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ်ခြင်း အစရှိသဖြင့်)
  • တခြားလူ (သို့) တခြားအစုအဖွဲ့သို့ အချက်အလက်များ လွှဲပြောင်းပေးခြင်း (ဝါသနာများ၊ ကလပ်များ၊ ဆိုရှယ်မီဒီယာ)
  • လတ်တလောဖြစ်ပွားနေသော အခြေအနေအကြောင်းကို ရှာဖွေခြင်း
  • သတင်းများ၊ မှတ်ချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များကိုမျှဝေရန် ဆိုရှယ်မီဒီယာကိုအသုံးပြုခြင်း
  • အွန်လိုင်းပေါ်တွင် စိတ်ဝင်စားမှုတစ်ခုအကြောင်း ရေးသားခြင်း
  • ဆိုရှယ်မီဒီယာပေါ်တွင် မိမိအကြောင်းကိုမျှဝေခြင်း

ဘန်ဂျာ၏ဥမာ

ဘာလုပ်ခဲ့သလဲ ဘာကြောင့် လုပ်သလဲ ဘယ်လို အကူအညီရသလဲ ဘာပြဿနာတွေ ပေါ်သလဲ
အင်တာနက်ပေါ်တွင် အချက်အလက်များရှာဖွေခြင်း (သတင်းများ၊ အားလပ်ရက်များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ်ခြင်း အစရှိသဖြင့်) အမေက အဆစ်ရောင်ရောဂါဖြစ်လို့ အဲဒီရောဂါအကြောင်းနားလည်ပြီး လိုအပ်တာကူညီပေးနိုင်ဖို့ အဆစ်ရောင်ရောဂါအကြောင်း ရှာဖွေခဲ့ပါတယ်။ Google မှာရှာခဲ့ပြီး အချက်အလက်တွေ အများကြီးတွေ့ခဲ့ပါတယ်။

အချက်အလက်တွေက များလွန်းလို့ ဘယ်ကစရမှန်းတောင် မသိပါဘူး။

တချို့စာမျက်နှာတွေက ရှုပ်ထွေးလွန်းပြီး တချို့စာမျက်နှာတွေက လေးလေးနက်နက် မရှိဘူး။ အဲဒီနောက်မှာတော့ အချက်အလက်အားလုံးက အတူတူမဟုတ်မှန်း သိသွားပါတယ်။

ဒုတိယသီတင်းပတ်

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု