ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများအတွက် မူဘောင်တစ်ခု

အွန်လိုင်းတွင် ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို နားလည်သဘောပေါက်ပြီး တိုးတက်စေသည့် နည်းလမ်းတစ်ခုမှာ မတူညီသောအမျိုးအစားများတွင် ယင်းတို့ကို စဉ်းစားကြည့်ခြင်းပင် ဖြစ်ပါသည်။

The Open University က ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု မူဘောင်တစ်ရပ်ကို ဖန်တီးထားပြီး အဓိကကျွမ်းကျင်မှု နယ်ပယ် (၅) ခုမှာ

  • နားလည်ခြင်းနှင့် ပါဝင်ပတ်သက်ခြင်း
  • ရှာဖွေခြင်း
  • စီမံခန့်ခွဲခြင်းနှင့် ဆက်သွယ်ခြင်း
  • အကဲဖြတ်ခြင်း
  • ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မျှဝေခြင်း
ပုံ (၂) ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု မူဘောင်

နယ်ပယ်တစ်ခုချင်းစီကို နည်းနည်းစီ ကြည့်ကြပါစို့။

နားလည်ခြင်းနှင့် ပါဝင်ပတ်သက်ခြင်း

ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်ကိုနားလည်ပြီး ပါဝင်ပတ်သက်နိုင်ရန်အလို့ငှာ ဒစ်ဂျစ်တယ် အချက်အလက်ဆိုသည်မှာ အဘယ်နည်း။ တွေ့ရှိသည့် အချက်အလက်များဖြင့် မည်သည်တို့ကို လုပ်နိုင်သနည်းဆိုသည်ကို သိရန်လိုအပ်သည်။ မိမိလိုအပ်ချက်အတွက် အသင့်တော်ဆုံးဖြစ်သည့် အွန်လိုင်းဆော့ဖ်ဝဲများ ဝက်ဘ်ဆိုက်များနှင့် ဆော့ဖ်ဝဲများကို ရှာဖွေရွေးချယ်နိုင်ရန်လည်း လိုအပ်သည်။ 

ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်ဖြင့် ပါဝင်ပတ်သက်ခြင်းသည် မိမိနှင့်စိတ်ဝင်စားမှု တူညီသူများကို ရှာဖွေနိုင်ခြင်းလည်း ဖြစ်ပေသည်။ ထိုသို့လုပ်နိုင်ပြီဆိုလျှင် လူအများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်နိုင်လာပြီး အန္တရာယ်ပေးနိုင်သူ မည်သူ့ကိုမဆို ရှောင်ရှားနိုင်လာမည်။

ရှာဖွေခြင်း

အချက်အလက်များ ရှာဖွေခြင်းသည် ရှာရန်ကြိုးစားနေသည့်အချက်များကို မည်သို့ရှာဖွေမည်ကို စီစဉ်ခြင်းဖြစ်သည်။ မည်သည့်နေရာတွင် မည်သို့ရှာမည်ကို သိခြင်းဖြစ်သည်။ အချက်အလက်များရှာဖွေရာတွင် အင်တာနက်ရှာဖွေရေးအင်ဂျင်ကို သုံးမည်လား၊ ဒေတာအစုအဝေးကို သုံးမည်လား၊ လူကိုမေးမည်လား ဆိုသည်ကို သိခြင်းပင်ဖြစ်သည်။ မည်သည့် သတင်းအချက်အလက်ရင်းမြစ်များက မိမိလိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည်ကို သတိပြုမိဖို့လိုပါသည်။ သင့်တော်သော ရင်းမြစ်များကို ဦးတည်နိုင်မည်ဆိုလျှင် ရှာဖွေရေးရလဒ်များက ပိုနီးစပ်မှုရှိနိုင်ပြီး မိမိရှာဖွေသည့်အချက်အလက်ကို ပို၍မြန်မြန်တွေ့လိမ့်မည်။ 

လိုအပ်သော အချက်အလက်ကို ရှာဖွေ၍ ရ၊ မရ ဆိုသည်မှာ မိမိသုံးလိုက်သည့်စကားလုံးများနှင့် စကားစုများအပေါ်တွင်လည်း မူတည်ပါသည်။ ၎င်းတို့သည် အင်တာနက်ရှာဖွေရေးအင်ဂျင်ကို ဘာကိုရှာပြီး ဘာကိုဖယ်ရမည်ကို ပြောပြပါသည်။

အကဲဖြတ်ခြင်း

အွန်လိုင်းပေါ်တွင် များပြားလှသည့် အချက်အလက်များ ရနိုင်သောကြောင့် တစ်ခါတစ်ရံ မည်သူ့ကိုယုံရမည်၊ မည်သည့်အရာကိုယုံရမည်ကို သိရှိရန် အခက်တွေ့လေ့ရှိသည်။ အရင်းအမြစ်နှင့် လူများကို အကဲဖြတ်နိုင်ခြင်းသည် အရည်အသွေးကောင်းမွန်သည့် အချက်အလက်များနှင့် ရင်းမြစ်များကို ခွဲခြားနိုင်စေရန် အထောက်အကူပေးသည်။ မိမိလိုအပ်ချက်နှင့်ကိုက်ညီသည့် အသင့်တော်ဆုံး ဆော့ဖ်ဝဲများကိုလည်း ရှာတွေ့စေသည်။ 

ကျွန်တော်တို့သည် လူအမျိုးမျိုး၊ အစုအဖွဲ့အမျိုးမျိုးနှင့် အွန်လိုင်းတွင် ချိတ်ဆက်နေကြသည်။ ယုံကြည်စိတ်ချရမှုက အရေးကြီးပါသည်။ လူအများနှင့်ဆက်ဆံရာတွင် မည်မျှယုံကြည်ထိုက်သလဲ အကဲဖြတ်တတ်ခြင်းသည် အရေးကြီးပါသည် အထူးသဖြင့် ၎င်းတို့၏အမြင်များသည် မိမိအပေါ်အကျိုးသက်ရောက်စေမည့် အလားအလာရှိလျှင် ဖြစ်ပါသည်။ ဆိုရှယ်မီဒီယာပေါ်တွင် ကိုယ့်အမြင် သူ့အမြင်ဝေမျှခြင်းသည် ကိုယ့်အပေါ် တပါးသူများ၏ရှုမြင်မှုအပေါ် သက်ရောက်စေနိုင်သဖြင့် ကိုယ်မျှဝေလိုက်သည့်အရာသည် စိတ်ချယုံကြည်ရရန် လိုအပ်ပါသည်။

စီမံခန့်ခွဲခြင်းနှင့် ဆက်သွယ်ခြင်း

အသုံးဝင်သော အချက်အလက်ကို တွေ့သည့်အခါ ထိုအချက်အလက်ကို နောက်တစ်ကြိမ် အလွယ်တကူ ပြန်ရှာနိုင်ရန်မှာ သင်၏စီမံခန့်ခွဲမှုအပေါ် မူတည်သည်။ Diigo [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]  နှင့် Pinterest ကဲ့သို့သော ဝက်ဘ်ဆိုက်များသည် အသုံးဝင်သည့် အချက်အလက်ရင်းမြစ်များအတွက် အင်တာနက်လင့်ခ်များကို တစ်နေရာတည်းတွင် သိမ်းဆည်းထားနိုင်စေသည်။ ယင်းတို့ကို နောင်တစ်ချိန်တွင် အချို့အကြောင်းအရာများနှင့် သက်ဆိုင်သောရင်းမြစ်များကို ရှာဖွေရန်သုံးနိုင်သည့် စကားလုံးများ၊ စကားစုများဖြင့် တဂ်လုပ်နိုင်သည်။ ရင်းမြစ်များကို စုစည်းသိမ်းဆည်းထားနိုင်ပြီး အများကိုလည်း ပြန်ဝေမျှနိုင်သည်။ 

တခြားအသုံးပြုနိုင်သည်များကို လေ့လာရန် Tools for keeping up to date and managing information PDF (PDF document50.0 KB) ကို ဒေါင်းလုဒ်ရယူပါ။

ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်တွင် ပါဝင်ပတ်သက်နိုင်ခြင်းသည် အလွန့်အလွန် အရေးပါသည့် ပိုင်ဆိုင်ထားရမည့် စွမ်းရည်တစ်ခုဖြစ်သည်။ ဘလော့ဂ်တွင်ရေးသည်ဖြစ်စေ၊ ဖေ့စ်ဘုတ်နှင့်တွစ်တာပေါ်တွင် ရေးသည်ဖြစ်စေ၊ သူများရေးသားထားသည်တွင် မှတ်ချက်ပေးသည်ဖြစ်စေ မိမိရေးသည်နှင့်ပတ်သက်ပြီး သေသေချာချာစဉ်းစားရမည်။ မိမိရေးတင်လိုက်သည့်အရာကို မိမိအာဘော်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး သဘောမကျသည်လည်း ရှိနေနိုင်သည်။ မိမိရေးလိုက်သည့်အရာသည် မိမိ၏ဒစ်ဂျစ်တယ် ကိုယ်စားပြမှုနှင့် ကျော်ကြားမှုကို ထင်ဟပ်စေသည့်အပြင် မိမိ၏နေ့စဉ်ဘဝ၊ အလုပ်နှင့် အသက်မွေးမှုဆိုင်ရာ ယုံကြည်စိတ်ချရမှုအပေါ် သက်ရောက်စေနိုင်သည်။ ထို့ကြောင့် မှန်မှန်ကန်ကန်ဖြစ်ရန် အရေးကြီးသည်။

ဖော်ပြပါ Tools for communicating and connecting PDF (PDF document569.1 KB)  မှ ဆော့ဖ်ဝဲများသည် တခြားသူများနှင့် အွန်လိုင်းတွင်ဆက်သွယ်သည့် နည်းလမ်းအမျိုးမျိုးကို ပေးထားပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မျှဝေခြင်း

ယနေ့ခေတ် အွန်လိုင်းရပ်ဝန်းသည် တစ်ဦးနှင့်တစ်ဦး အွန်လိုင်းပေါ်တွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်များ မျှဝေရန် အကောင်းဆုံး အခွင့်အလမ်းများကို ပေးပါသည်။ ဆိုရှယ်မီဒီယာသည်လည်း အမျိုးမျိုးသော အခမဲ့ ဆော့ဖ်ဝဲများ၊ အပ္ပလီကေးရှင်းများနှင့်အတူ အချက်အလက်များနှင့်အမြင်များ မျှဝေခြင်းကို တက်တက်ကြွကြွ အားပေးပါသည်။ အစပိုင်းတွင် အတော့်ကို ခပ်ရွံ့ရွံ့ ဖြစ်နိုင်သော်လည်း ယင်းသို့ တစ်ဦးနှင့်တစ်ဦး ဆက်စပ်ပတ်သက်ရန် ယုံကြည်မှု တည်ဆောက်ဖို့ အချိန်တစ်ခု ယူရပါသည်။ 

ယင်းနယ်ပယ်တွင် စွမ်းရည်တိုးမြှင့်လာခြင်းသည် မိမိ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေသည်။ ဤသို့အားဖြင့် အခြားသူများထံမှ သင်ယူနိုင်စေသလို ပြန်၍လည်းမျှဝေနိုင်စေသည်။ အိမ်တွင်၊ လုပ်ငန်းခွင်တွင်၊ လေ့လာသင်ယူရာတွင် အကျိုးအမြတ်မျိုးစုံ ဖြစ်ထွန်းစေပါသည်။ အထူးသဖြင့် နေထိုင်လုပ်ကိုင်သည့်နေရာ မတူသူများနှင့် အလုပ်တွဲလုပ်ရသည့် လုပ်ငန်းခွင်မျိုးတွင် ပို၍တန်ဖိုးရှိပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်းကို အထောက်အကူဖြစ်စေနိုင်သည့် ဆော့ဖ်ဝဲများကို Collaboration tools PDF (PDF document548.0 KB)  တွင်လေ့လာပါ။

မိမိ၏ အွန်လိုင်းပုံရိပ်ကို မည်သို့နားလည်သလဲဆိုသည်ကို အသေးစိတ်လေ့လာကြည့်ပါစို့။ နောက်တစ်ခန်းတွင် ဝက်ဘ်ဆိုက်နှင့် မည်သို့ထိတွေ့သည်ကို ဆင်ခြင်မိရန်၊ အွန်လိုင်းဆောင်ရွက်မှုများကို မြင်ယောင်စေရန်နှင့် ကွဲပြားစွာ မည်သို့လုပ်နိုင်သည်ကို သတိထားမိစေရန် ကူညီသွားပါမည်။

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု

ဧည့်သည်များနှင့် နေထိုင်သူများ