အများပြည်သူပိုင်နေရာရှိ လက်ရာတစ်ခုကို သင်ဘာလုပ်လို့ရသလဲ။

အကုန်လုံးနီးပါးလုပ်လို့ရပါသည်။ သို့သော် အဆိုပါလက်ရာကိုအသုံးပြုသည့် နိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ပေးမှုအတိုင်းအတာနှင့် သက်တမ်းအပေါ် တွင်မူတည်မှု၍သာ လုပ်နိုင်ပါသည်။ ဥပမာအားဖြင့် နိုင်ငံအပေါ်မူတည်ကာ အများပြည်သူပိုင်နေရာ ရှိ လက်ရာတစ်ခုတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်သက်တမ်းထက် ပိုရှည်ကြာလေ့ရှိသည့် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများ ကျန်ရှိနေနိုင်သည်။ လက်ရာတစ်ခုသည် နိုင်ငံတစ်နိုင်ငံ၌ အများပြည်သူပိုင်နေရာတွင် ရှိနေပြီး အခြားနိုင်ငံတစ်နိုင်ငံ၌ မူပိုင်ခွင့်အောက်တွင် ရောက်ရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ မူပိုင်ခွင့်သက်ရောက်မှုရှိနေသေးသည့်နေရာတွင် အဆိုပါလက်ရာကို လွတ်လွတ်လပ်လပ် အသုံးပြု၍မရခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စဉ်းစားလျှင် အများပြည်သူပိုင်နေရာတွင် ရောက်ရှိနေသည့် လက်ရာတစ်ခုသည် အခြားဉာဏပစ္စည်းဆိုင်ရာကန့်သတ်ချက်များနှင့် ငြိစွန်းနေ် နိုင်သေးသည်။ ဥပမာအားဖြင့် အများပြည်သူပိုင်နေရာရှိ ပုံပြင်ဇာတ်လမ်းတစ်ခု၏ စာအုပ် အဖုံးတွင် စာအုပ်ထုတ်ဝေသူနှင့်သက်ဆိုင်သည့် မှတ်ပုံတင်ထားသည့် ကုန်အမှတ်တံဆိပ်တစ်ခု ပါရှိနေနိုင်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်သည် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်နှင့် မသက်ဆိုင်ပါ။ ဖန်တီးထားသောလက်ရာက စာပေနှင့်အနုပညာမူပိုင်ခွင့်အားဖြင့် အများပြည်သူပိုင်နေရာ၌ရှိနေစေကာမူ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်သည် ဆက်လက်ရှိနေနိုင်သည်။ ထို့အပြင် ဖန်တီးသူတစ်ဦးသည် အများပြည်သူပိုင်နေရာရှိ လက်ရာတစ်ခုကို အသုံးပြုပြီး လက်ရာသစ်ဖန်တီးလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းအတွက်ကိုယ်ပိုင်ဖန်တီးမှုဖြစ်သည့် အဆိုပါလက်ရာသစ်၏ အစိတ်အပိုင်းများအပေါ် စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိပါမည်။ ဥပမာ အများပြည်သူပိုင်နယ်ပယ်မှ ဝတ္ထုတစ်ခုကိုမှီငြမ်းရိုက်ကူးထားသည့် ရုပ်ရှင်အား ဖန်တီးသူသည် အဆိုပါရုပ်ရှင်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ကို ရရှိမည်ဖြစ်သော်လည်း ၎င်းမှီငြမ်းသော အများပြည်သူပိုင်နေရာရှိဝတ္ထုအတွက် မူပိုင်ခွင့်ရရှိမည်မဟုတ်ပါ။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်အကြောင်းကို အခန်း ၁ နောက်တိုးအကိုးအကား အခန်းတွင် လေ့လာနိုင်သည်။

မူလလက်ရာရှင်ကိုအသိအမှတ်ပြုမှု(Author credit) နှင့် အများပြည်သူပိုင်နေရာ (Public domain)

နိုင်ငံတိုင်းတွင် ဥပဒေဖြင့် ပြဋ္ဌာန်းထားခြင်း မရှိနိုင်သော်လည်း၊ အထူးသဖြင့် မူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားပြီးနောက် ကျင့်ဝတ်ဆိုင်ရာ သီးသန့်အခွင့်အရေးများ မကျန်ရှိတော့သည့်နိုင်ငံများတွင် ၎င်းတို့၏လက်ရာသည် အများပြည်သူပိုင်နေရာသို့ ရောက်ရှိသွားပြီး နောက်ပိုင်းကာလ၌ပင် မူလလက်ရာရှင်ကို ရှာဖွေကာ အသိအမှတ်ပြုဖော်ပြခြင်းမှာ အကျိုးကျေးဇူးများစွာရှိပါသည်။ လူမှုအသိုင်းအဝိုင်းများစွာသည် လက်ရာရှင်များကို အသိအမှတ်ပြုခြင်းနှင့် အများပြည်သူပိုင်နေရာရှိ လက်ရာများအပေါ် ပြုမူဆက်ဆံမှုများအတွက် အများလက်ခံထားသည့် စံသတ်မှတ်ချက်များဖြစ်သော အစဉ်အလာစံနှုန်းထားများကို သတ်မှတ်ထားကြသည်။ လူမှုအသိုင်းအဝိုင်းများအနေဖြင့် ကိုယ်ပိုင်စံနှုန်းထားများ ဖန်တီးရာတွင် အသုံးပြုနိုင်ရန် အများပြည်သူပိုင်နေရာဆိုင်ရာလမ်းညွှန်များကို Creative Commons မှဖန်တီးထားသည်။ CC လမ်းညွှန်ချက်များကို ဤနေရာတွင် ကြည့်ရှုရန်

ပြန်လည်သုံးသပ်ချက်

အများပြည်သူပိုင်နေရာတွင် ရှိနေသည့် လက်ရာတစ်ခု၏ လက်ရာပိုင်ရှင်အား အသိအမှတ်ပြုခြင်းက အဘယ်ကြောင့် အကူအညီဖြစ်ရသနည်းဟူသည့် အကြောင်းရင်းတစ်ခုကို စဉ်းစားမိပါသလား။ အများပြည်သူပိုင်နေရာရှိလက်ရာများကို ပြန်လည်အသုံးပြုသောအခါ စံနှုန်းထားများကို အဘယ်ကြောင့် အားပေးအားမြှောက်ပြုသင့်ပါသနည်း။

အများပြည်သူပိုင်နေရာတွင် ဖန်တီးထားသည့်လက်ရာများကိုရှာဖွေခြင်း

စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းကုန်ဆုံးသွားသည့် ဖန်တီးမှုလက်ရာများ သန်းနှင့်ချီရှိနေပြီး CC0 Public Domain Dedication ကဲ့သို့ ဥပဒေ အထောက်အကူများဖြင့် ပုံမှန်ပေါင်းထည့်နေသည့် လက်ရာများမှာလည်း များစွာရှိနေသည့်အတွက် အများပြည်သူပိုင်နေရာမှာ အချက်အလက်ရတနာသိုက်ကြီးသဖွယ် ဖြစ်နေသည်။

အများပြည်သူပိုင်နေရာတွင် စာပေ သို့မဟုတ် အနုပညာလက်ရာများကိုတင်ဆက်ထားသည့် ဝက်ဘ်ဆိုက်တချို့မှာ -

CC Search tool သည် အများပြည်သူပိုင်နေရာရှိ အကြောင်းအရာများကို ရှာဖွေနိုင်သည့် နောက်တစ်နည်းဖြစ်သည်။ သင်တန်းနောက်ပိုင်းတွင် အထက်ပါဝက်ဘ်ဆိုက်များမှ တချို့ကို အသုံးပြုပုံနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ကိုချိုးဖောက်ခြင်းမရှိဘဲ အများပြည်သူပိုင်နေရာနှင့် တခြားသောရင်းမြစ်များကို ရှာဖွေပုံများကို လေ့လာသွားပါမည်။

လက်ရာတစ်ခုသည် အများပြည်သူပိုင်နေရာထဲတွင် ရောက်ရှိနေခြင်း ရှိမရှိကို သိရှိရန်မှာ အမြဲတမ်းလွယ်ကူသည်မဟုတ်ပါ။ ကျွန်ုပ်တို့လေ့လာခဲ့ရသည့်အတိုင်း စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ပေးမှုသည် အလိုအလျောက်ဖြစ်သည့်အတွက် မူပိုင်ခွင့်သင်္ကေတဖြစ်သည့် ‘©’ မပါရှိခြင်းသည် အများပြည်သူပိုင်နေရာ (Public domain) ထဲတွင် ရှိနေသည်ဟု မဆိုလိုပါ။

Creative Commons တွင် ဖန်တီးသူများအတွက် CC0 Public Domain Dedication အပြင် ပြန်လည်အသုံးပြုသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ အများပြည်သူပိုင်နေရာ တွင် အလွယ်တကူသိရှိနေစေရေး ကမ္ဘာ့နေရာအနှံ့အပြားမှ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးထားသည့် လက်ရာများကို အမှတ်တံဆိပ်တပ်နိုင်စေရန် ဖန်တီးထားသည့် Public Domain Mark ဟုခေါ်ဆိုသော အထောက်အကူတစ်ခုလည်းရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် CC ၏ အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူ (Public domain tools) များကို အသုံးပြုခဲ့သည့် လက်ရာပေါင်း သန်း ၉၀ ကျော်ရှိခဲ့သည်။

လက်ရာတစ်ခုသည် အများပြည်သူပိုင်နေရာသို့ မည်သို့ရောက်သနည်း။

အပြီးသတ် မှတ်ချက်များ