ခြုံငုံဖော်ပြချက်

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေက စာရေးဆရာများ သို့မဟုတ် ဖန်တီးသူများဟု ကျွန်တော်တို့ခေါ်လေ့ရှိသူများ၏ မူလလက်ရာများကို အများပြည်သူ အသုံးပြုရနိုင်ပုံကို ကန့်သတ်ထားပါသည်။ မူလလက်ရာများတွင် ဝတ္ထုများနှင့် သီချင်းစာသားများမှစပြီး အိမ်မွေးကြောင်များကို ရိုက်ကူးထားသော ဗီဒီယိုများနှင့် လက်သုတ်ပဝါပေါ်တွင် ရေးခြစ်ထားသည့်ပုံများအထိ အားလုံးပါဝင်နေပါသည်။

စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမျိုးမျိုးပြဋ္ဌာန်းထားကြသော်လည်း တစ်ကမာ္ဘလုံး အတိုင်းအတာဖြင့် ယင်းဥပဒေများအားလုံးတွင် ယေဘူယျတူညီမှုအချို့ ရှိနေပါသည်။ ယင်းသို့ တူညီရခြင်းမှာ နိုင်ငံတကာသဘောတူစာချုပ်များကြောင့်ဖြစ်ပြီး ထိုအကြောင်းကို အခန်း ၁.၃ တွင် အသေးစိတ်ရှင်းလင်းထားသည်။

မည်သည့်အရာကို မူပိုင်ခွင့်ရရှိနိုင်သည်ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ သတိပြုရန်လိုသော အရေးပါသည့်အခြေခံအချက်အချို့လည်းရှိနေပါသည်။ အခွင့်အရေးများကိုစီမံခန့်ခွဲခွင့်ရှိသည့်သူနှင့် မူပိုင်ခွင့်ရထားသည့်လက်ရာတစ်ခုကို ပြန်လည်အသုံးပြုရန် ခွင့်ပြုပေးနိုင်သူ စသည်တို့နှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။

  1. စာပေနှင့်အနုပညာမူပိုင်ခွင့်သည် မူလလက်ရာရှင်များ သို့မဟုတ် အခွင့်အရေးပိုင်ရှင်များကို သီးသန့်အခွင့်အရေးများ ရစေသည်။ ဆိုလိုသည်မှာ ထိုအထူးသီးသန့်အခွင့်အရေးများကိုချိုးဖောက်၍ မည်သူမျှ မူပွားခြင်း၊ ဖြန့်ချိခြင်း၊ တင်ဆက်ခြင်း၊ မှီငြမ်းခြင်း သို့မဟုတ် အခြားသော အသုံးပြုခြင်းများကို ပြုလုပ်ခွင့်မရှိပေ။ ယင်းက မူလလက်ရာရှင်များ သို့မဟုတ် အခွင့်အရေးပိုင်ရှင်များကို၎င်းတို့၏ လက်ရာများက အခြားသူများက အသုံးပြုမှုနှင့် ပတ်သက်၍ ထိန်းချုပ်ခွင့်ရစေသဖြင့် ၎င်းတို့အား လက်ရာအသစ်များတီထွင်နိုင်ရန် အားပေးမြှင့်တင်မှုတစ်မျိုးပင်ဖြစ်သည်။ သို့သော် အခွင့်အရေးများကိုထိန်းချုပ်သူသည်အမြဲတမ်း စာရေးဆရာ (မူလဖန်တီးသူ) ကိုယ်တိုင် ဖြစ်မနေနိုင်ပါနိုင်ပါ။ စာပေ သို့မဟုတ် အနုပညာလက်ရာကို အခြားသူများအား ပြန်လည်အသုံးပြုခွင့် ပေးနိုင်သည့် အခွင့်အာဏာ မည်သူထံတွင်ရှိသည်ကို နားလည်ရန် မူပိုင်ခွင့်အရခွင့်ပြုထားသော သီးသန့်အခွင့်အရေးများက မည်သူ့လက်ထဲတွင်ရှိသည်ကို နားလည်ရန်အရေးကြီးပါသည်။

    • လုပ်ခလစာဖြင့် မိမိတာဝန်ထမ်းဆောင်နေချိန်အတွင်း ဖန်တီးထားသည့်လက်ရာတစ်ခု သည် သက်ဆိုင်ရာတည်ဆဲဥပဒေအရ အလုပ်ရှင်ပိုင်ဆိုင်မှု အတိုင်းအတာ အမျိုးမျိုးပေါ် မူတည်သည်။ သြစတြေးလျ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ‘work-for-hire’ (အလုပ်အပ်သူအတွက် ဖန်တီးမှု) ဟုလူသိများသည့် မူတစ်ခုကို ကျင့်သုံးလိုက်နာကြပါသည်။ ယင်းမူကြောင့် အလုပ်တာဝန်ထမ်းဆောင်ချိန်အတွင်း မူပိုင်ခွင့်ရနိုင်သောလက်ရာတစ်ခုကို ဖန်တီးခဲ့လျှင် မိမိက မူလ လက်ရာရှင်ဖြစ် ပြီးကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများ (Moral rights) [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကိုရနိုင်စေကာမူ အလုပ်ရှင်သည် မူပိုင်ခွင့်ရထားသည့်လက်ရာကို ပိုင်ဆိုင်သူဖြစ်ပြီးစီးပွားရေးအခွင့်အရေးများကို ထိန်းချုပ်ပါသည်။ (အခန်း ၁.၂ တွင် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများအကြောင်း ပို၍ စူးစမ်းလေ့လာကြပါမည်) အလုပ်ရှင်နှင့်အလုပ်သမားအကြား အခြားနည်းဖြင့် သဘောတူညီချက်မရှိလျှင် ၂၀၁၉ ခုနှစ် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေအသစ်အရ မြန်မာနိုင်ငံတွင်လည်း အလားတူပင်ဖြစ်ပါသည်။
    • သင်ကြားသူများ၊ သင်ယူသူများ သို့မဟုတ် တက္ကသိုလ် မဟာဌာနကြီးတစ်ခုက ၎င်းတို့ဆိုင်ရာ အခန်းကဏ္ဍအလိုက်ဖန်တီးသော လက်ရာများအတွက် မူပိုင်ခွင့်အခွင့်အရေးများ ရရှိနိုင်သကဲ့သို့ မရရှိခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့မှာ မူလလက်ရာရှင်များဖြစ်ပြီး ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများကို ရရှိနိုင်သော်လည်း အချို့ဥပဒေပြဋ္ဌာန်းချက်များ (ဥပမာ work-for-hire ို့) နှင့် အလုပ်ခန့်အပ်မှုစာချုပ် သို့မဟုတ် ကန်ထရိုက်သဘောတူညီမှုစာချုပ်ပါ စည်းကမ်းချက်များ၊ တက္ကသိုလ် သို့မဟုတ် ကျောင်း၏ မူဝါဒများနှင့်ကျောင်းတစ်ကျောင်းရှိ ကျောင်းအပ်မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များပေါ်တွင်မူတည်နေပါသည်။
    • မူပိုင်ခွင့်အကာအကွယ်ရရှိသည့် မူလလက်ရာတစ်ခုကိုပူးတွဲဖန်တီးခဲ့လျှင် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေက အပ်နှင်းသော အခွင့်အရေးများကို သီးသန့်ပိုင်ဆိုင်သူ ် (Exclusive Owner) မဖြစ်ဘဲ ပူးတွဲပိုင်ဆိုင်သူ (Joint Owner) ဖြစ်နိုင်ပါသည်။ ပုံမှန်အားဖြင့် ပူးတွဲပိုင်ဆိုင်မှုက ပိုင်ဆိုင်သူအားလုံးကို ဥပဒေက အပ်နှင်းသော သီးသန့်အခွင့်အရေးများကို ကျင့်သုံးခွင့်ပြုပါသည်။ သို့သော် ပိုင်ရှင်များသည် ၎င်းတို့၏ ပူးတွဲမူလလက်ရာအား အသုံးပြုမှုအချို့အတွက် တစ်ဦးနှင့်တစ်ဦး တာဝန်ခံဖို့လိုပါသည်။
    • စာရေးဆရာက ၎င်းတို့မည်သူမည်ဝါဖြစ်သည်ကိုထုတ်ဖော်ခြင်းမရှိလျှင် ထုတ်ဝေသူများသည် အမည်မဖော်ဘဲ သို့မဟုတ် ကလောင်အမည်သုံးထားသူတစ်ဦးဦးက ဖန်တီးထားသော လက်ရာ၏ မူပိုင်ခွင့်ကို ပိုင်ဆိုင်ခွင့်နှင့် ထိန်းချုပ်ခွင့်ရရှိနိုင်ပါသည်။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများက အပ်နှင်းသော အခွင့်အရေးများအား ပိုင်ဆိုင်မှုနှင့်ထိန်းချုပ်မှုတို့မှာ ရှုပ်ထွေးပါသည်။ အပြည့်အစုံသိချင်ပါက နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းကိုကြည့်ပါ။

  1. စာပေနှင့်အနုပညာ မူပိုင်ခွင့်သည် အချက်အလက်များ သို့မဟုတ် စိတ်ကူးစိတ်သန်းများကို အကာအကွယ်မပေးပါ။ထိုအချက်အလက်များ သို့မဟုတ် စိတ်ကူးစိတ်သန်းများအား ဖော်ပြထားချက်ကိုသာ အကာအကွယ်ပေးပါသည်။ ယင်းအချက်သည် ရိုးရှင်းသည်ဟုထင်ရသော်လည်း တကယ်တမ်းမှာ မရိုးရှင်းပါ။ စိတ်ကူးစိတ်သန်းတစ်ခုနှင့် ထိုစိတ်ကူးစိတ်သန်းအားဖော်ပြချက်တို့အကြားမှ ခြားနားချက်သည် သိမ်မွေ့လှသလို နားလည်ရန်လည်း လွန်စွာအရေးပါလှသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် မူလလက်ရာရှင်များကို စိတ်ကူးစိတ်သန်းတစ်ခုအားဖော်ပြချက်အပေါ်တွင် ထိန်းချုပ်ခွင့်ပြုသော်လည်း စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်ကို ယင်းစိတ်ကူးစိတ်သန်းကိုပိုင်ဆိုင်ခွင့် သို့မဟုတ် သီးသန့်ထိန်းချုပ်ခွင့် မပေးပါ။ ဤအကြောင်းကို ပိ၍လေ့လာချင်လျှင် နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းကိုကြည့်ပါ။
  2. ယေဘုယျစည်းမျည်းတစ်ခုအနဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ဖန်တီးမှုတစ်ခုက လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပုံစံတစ်ခု ဖြစ်လာသည့် အခိုက်မှာပင် အလိုအလျောက် အသက်ဝင်သည်။ ဥပမာ နိုင်ငံအများစုတွင် ကဗျာတစ်ပုဒ်၏ ပထမစာကြောင်းကို ချရေးလိုက်သည်နှင့် တပြိုင်တည်း သို့မဟုတ် သီချင်းတစ်ပုဒ်ကိုအသံသွင်းသည်နှင့် တပြိုင်တည်း မူပိုင်ခွင့်ရရှိပြီးဖြစ်သည်။ နိုင်ငံများစွာတွင် ဒေသခံမူပိုင်ခွင့်မှတ်ပုံတင်ရုံး (Local copyright authority) ၌ မိမိ၏မူပိုင်ခွင့်ကို မှတ်ပုံတင်ခြင်းသည် မိမိ၏ မူလလက်ရာရှင်ဖြစ်ခြင်းကိုှုတရားဝင် မှတ်တမ်းတင်စေပါသည်။ ယင်းမှတ်တမ်းက မူလလက်ရာရှင်ကို ရက်စွဲအတိအကျဖြင့် မူပိုင်ခွင့်အတွက် သက်သေအထောက်အထားရစေပါသည်။ အချို့နိုင်ငံများတွင် သင်၏အခွင့်အရေးများသက်ရောက်မှုရှိစေရန် ယင်းကို လိုအပ်နိုင်ပါသည်။ သို့မဟုတ် အချို့သောအကျိုးကျေးဇူးများလည်း ယင်းက ပေးနိုင်ပါသည်။ သို့သော် ယေဘုယျအားဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်ဖြစ်လာရန် မိမိ၏လက်ရာတစ်ခုကိုမဖြစ်မနေ မှတ်ပုံတင်ထားရန် မလိုပါ။
  3. စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ပေးမှုသည် အချိန်ကာလကြာရှည်ပါသည်။။ နောက်ပိုင်းတွင် ထိုအကြောင်းကိုပိုသိရပါလိမ့်မည်။ ယခုလောလောဆယ်တွင် မူပိုင်ခွင့်က ကာလကြာရှညကြောင်း __ များသောအားဖြင့် မူလလက်ရာရှင်ကွယ်လွန်ပြီးနောက် ဆယ်စုနှစ်များစွာအထိပင် အကာအကွယ်ပေးနိုင်ကြောင်းကိုသိရှိလျှင် လုံလောက်ပါသည်။

အချက် ၃ နှင့် ၄ တို့၏ ပေါင်းစပ်မှုသည် (မူပိုင်ခွင့်စနစ်အတွင်း အလိုအလျောက်ဝင်ခွင့်ရရှိစေပြီး ရှည်လျားသည့်မူပိုင်ခွင့်စည်းကမ်းချက်များ ရစေသည်)'မိဘမဲ့လက်ရာများ(Orphan works)'ဟုခေါ်သည့် များပြားသည့်လက်ရာများပေါ်ပေါက်စေသည်ကို မှတ်သားထားပါ။ ၎င်းတို့မှာ မူပိုင်ခွင့်ပိုင်ရှင်ကို မည်သူမည်ဝါမသိရသော သို့မဟုတ် ရှာဖွေ၍မရသော မူပိုင်ခွင့်ရထားသည့် လက်ရာများဖြစ်သည်။

ပြန်လည်သုံးသပ်ချက်

သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်း၌ အလုပ်လုပ်သူတိုင်း သို့မဟုတ် လေ့လာသူတိုင်း ဖန်တီးသော လက်ရာများကို စုပေါင်းစီမံရန် ဗျူဟာတစ်ခုရှိပါသလား။ အလုပ်တာဝန် ထမ်းဆောင်နေစဉ်အတွင်း သင်ဖန်တီးသော အရင်းအမြစ်များအပေါ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သင်တို့တက္ကသိုလ်တွင် မူဝါဒရှိပါသလား။ အရင်းအမြစ်အသုံးပြုပုံနှင့် မူလလက်ရာကိုပံ့ပိုးပေးရန် မူဝါဒတစ်ခုဖြစ်စေ ဗျူဟာတစ်ခုဖြစ်စေ ရှိခြင်းကို အရေးပါသည်ဟု ထင်ပါသလား။

၁.၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေခံများ

စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ရိုးရှင်းသောသမိုင်းကြောင်း