စာပေနှင့်အနုပညာမူပိုင်ခွင့် အလုပ်လုပ်ပုံ

စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ကိုယ်ပိုင်ဖန်တီးမှုဖြင့် ဖန်တီးပြုလုပ်ထားသော လက်ရာများနှင့် သက်ဆိုင်ပါသည်။ ခြားသူ၏ လက်ရာမဟုတ်သော ဆန်းသစ်သည့် လက်ရာများကို ဆိုလိုပါသည််။ မူပိုင်ခွင့်ရရှိရန် လက်ဆုပ်လက်ကိုင်ပြနိုင်မှုလိုအပ်သဖြင့် လက်ရာအား ရေးချထားရန်၊ မှတ်တမ်းပြုလုပ်ထားရန်၊ ကွန်ပျူတာတွင်သိမ်းဆည်းရန် စသဖြင့် လိုအပ်ပါသည်။

ယင်းမူလလက်ရာများအပေါ် အလိုအလျောက်သက်ရောက်သော ယင်းတို့အားအသုံးပြုပုံဆိုင်ရာ အခြေခံစည်းကမ်းချက်များကို မူပိုင်ခွင့်ဥပဒေက ချမှတ်ပါသည်။ ထိုစည်းကမ်းချက်များသည် မူလလက်ရာရှင် သို့မဟုတ် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်အတွက် စီးပွားရေးဆိုင်ရာသီးသန့်အခွင့်အရေးများ(Exclusive rights)ကို အကာအကွယ်ပေးပါသည်။ တစ်ပြိုင်နက်တည်းမှာပင် အသုံးပြုသူများသည် လိုင်စင် သို့မဟုတ် ခွင့်ပြုချက် ရယူရန်မလိုအပ်ဘဲ ထိုလက်ရာများအားအချို့သောနည်းလမ်းများဖြင့် အသုံးပြုခွင့်ရရှိနေပါသည်။

မည်သည်တိုက စာပေနှင့်အနုပညာမူပိုင်ခွင့်ရနိုင်ပါသနည်း?

အခန်း ၁.၂ တွင် အသေးစိတ်ပိုဖော်ပြထားသည့် အဓိက စာပေနှင့်အနုပညာမူပိုင်ခွင့်စာချုပ်စာတမ်းများ၌ ပါဝင်လက်မှတ်ရေးထိုးထားသောနိုင်ငံများတွင် နိုင်ငံအပေါ်မူတည်ပြီး အထူးစည်းကမ်းများ တစ်ခါတရံ ကျင့်သုံးသော်လည်း အောက်ပါ အထွေထွေ ဖန်တီးမှုလက်ရာအတန်းအစားများတွင် မူပိုင်ခွင့်ရှိပါသည်။ နိုင်ငံအလိုက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများတွင် အတန်းအစားတစ်ခုချင်းစီအတွင်း စာပေ သို့မဟုတ် အနုပညာလက်ရာအမျိုးအစားများကို အမြဲတမ်းနီးပါးသတ်မှတ်ပြဋ္ဌာန်းပေးထားလေ့ရှိသည်။ အတန်းအစားတစ်ခုချင်းစီအတွင်းရှိစာပေ သို့မဟုတ် အနုပညာလက်ရာအမျိုးအစားတစ်ခုကို စဉ်းစားကြည့်နိုင်ပါသလား။

  • စာပေနှင့်အနုပညာလက်ရာများ၊
  • ဘာသာပြန်ဆိုချက်များ၊ မှီငြမ်းခြင်းများ၊ ဂီတတေးသွား အစီအစဉ်များ၊ စာပေနှင့်အနုပညာလက်ရာများကို ပြုပြင်ပြောင်းလဲထားမှုများ၊
  • စာပေနှင့်အနုပညာလက်ရာ စုဆောင်းမှုများ

ထို့အပြင် နိုင်ငံအပေါ်မူတည်၍ ဖန်တီးပြုလုပ်ထားသော ကိုယ်ပိုင်လက်ရာများတွင် အောက်ဖော်ပြပါတို့ လည်းပါဝင်နိုင်ပါသည်။

  • အသုံးချအနုပညာ၊ စက်မှုဒီဇိုင်းများနှင့် နမူနာပုံစံများ
  • ကွန်ပျူတာဆော့ဖ်ဝဲ

မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉) တွင် ထိုလက်ရာအတန်းအစားများအားလုံးပါဝင်ကြောင်း တွေ့ရမှာဖြစ်ပါသည်။

ဥပဒေ၏ အကာအကွယ်ရသည့် သီးသန့်အခွင့်အရေးများက မည်သည်တို့ဖြစ်ပါသလဲ။

မူပိုင်ခွင့်အကာအကွယ်ရသည့် မူလလက်ရာရှင်များသည် အခြားသူများက ၎င်းတို့၏ လက်ရာများကို အချို့နည်းလမ်းများဖြင့် အသုံးပြုခြင်းအား ထိန်းချုပ်ရန် အောက်ပါအတိုင်း သီးသန့်အခွင့်အရေးများ ရရှိသည် -

  • ၎င်းတို့၏ လက်ရာများကို ဘာသာပြန်ဆိုခွင့်ပြုနိုင်ခြင်း။
  • ၎င်းတို့၏ လက်ရာများကို မူပွားခွင့်ပြုနိုင်ခြင်း။
  • ရုပ်မြင်သံကြားမှတဆင့််လွှင့်တင်ခြင်း အပါအဝင် ၎င်းတို့၏လက်ရာများကို အများပြည်သူအားမျှဝေ ခြင်းကို ခွင့်ပြုနိုင်ခြင်း။
  • ၎င်းတို့၏လက်ရာများကို မှီငြမ်းခြင်း နှင့် စီစဉ်ခြင်းများပြုလုပ်ခြင်းကို ခွင့်ပြုနိုင်ခြင်း။

(မြန်မာနိုင်ငံ၏ဥပဒေများအရ အခြားအခွင့်အရေးများလည်းရှိနေနိုင်ပါသေးသည်။)

ဆိုလိုသည်မှာ စာအုပ်တစ်အုပ်၏မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားပါက သင့်ခွင့်ပြုချက်မရရှိဘဲ အခြားသူတစ်ဦးဦးက ထိုစာအုပ်ကို မူပွားခြင်း သို့မဟုတ် မှီငြမ်းခြင်းတို့ကို ပြုလုပ်ခွင့်မရှိပါ။ (ယင်းနှင့်သက်ဆိုသည့် အရေးကြီးသော သတိပေးချက်များကို အခန်း ၁.၄ တွင် ဆွေးနွေးသွားပါမည်)

ဝတ္ထုစာအုပ် တစ်အုပ်၏မူပိုင်ခွင့်ပိုင်ရှင်ဖြစ်ခြင်းနှင့် ၎င်းဝတ္ထု၏ တရားဝင်မိတ္တူအား အသုံးပြုပုံကို ထိန်းချုပ်ခြင်းတို့အကြားတွင် အရေးကြီးသည့်ခြားနားချက်တစ်ခု တည်ရှိနေသည်ကို သတိပြုရန်ဖြစ်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်သည် ဝတ္ထုမိတ္တူများ ဖန်တီးရန် သီးသန့်အခွင့်အရေးများကို ပိုင်ဆိုင်သကဲ့သို့ ၎င်းဝတ္တု၏ ထိတွေ့ကိုင်တွယ်နိုင်သေ‌ော မိတ္တူကို ပိုင်ဆိုင်သူသည်လည်း ယင်းကို အလိုရှိသလို လုပ်နိုင်မှာဖြစ်သည် - ဥပမာ ထိုမိတ္တကို မိတ်ဆွေတစ်ဦးအား ငှားရမ်းခြင်း သို့မဟုတ် စာအုပ်အဟောင်းဆိုင်သို့ရောင်းချခြင်း။

စာပေနှင့်အနုပညာမူပိုင်ခွင့်၏သီးသန့်အခွင့်အရေးများမှ တစ်ခုသည် လက်ရာတစ်ခုကို မှီငြမ်းခွင့်ရှိခြင်းဖြစ်ပါသည်။ မှီငြမ်းခြင်း (သို့မဟုတ် တစ်ခါတရံ ဆင့်ပွားလက်ရာဟုခေါ်ကြသည်) သည် ရှိရင်းစွဲလက်ရာအပေါ်အခြေခံထားသည့် လက်ရာအသစ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်သည််မှီငြမ်းထားသည့်လက်ရာကို အကာအကွယ်ပေးထားသော်လည်း ထိုစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထည့်သွင်းထားခြင်းမရှိပါ။ သို့သော် ယင်းဥပဒေ၏ ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၈ (ခ) သည် ပုံစံတစ်ခုမှ အခြားတစ်ခု(ဥပမာ အရေးပုံစံမှ ရုပ်မြင်သံကြားပုံစံ)သို့ ပြောင်းလဲသည့်ထားသည့် လက်ရာကို အကာအကွယ်ပေးမည်ဟု ရည်ညွှန်းပါသည်။ ရှိရင်းစွဲလက်ရာ ကိုအခြေခံ၍ နောက်ထပ် လက်ရာတစ်ခုဖန်တီးမည်ဆိုပါက မူပိုင်ခွင့်ပိုင်ဆိုင်သူ၏ခွင့်ပြုချက်ရရှိမှ ဖန်တီးနိုင်မည့်သဘောဖြစ်ပါသည်။ ရှိရင်းစွဲလက်ရာကို ပြုပြင်ပြောင်းလဲမှုတိုင်းအတွက် ခွင့်ပြုချက်လိုအပ်သည်မဟုတ်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ယေဘုယျအားဖြင့် ပြုပြင်ထားသောလက်ရာသည် ရှိရင်းစွဲလက်ရာကို အခြေခံပြီး မူပိုင်ခွင့်ပြုနိုင်ရန် လုံလောက်သော ဖန်တီးမှုအသစ်တစ်ခုကို ဖော်ပြသည့်အခါ မှီငြမ်း လက်ရာအဆင့် သို့မဟုတ် ဆင့်ပွားလက်ရာအဆင့်သို့ ရောက်ရှိသွား ပါသည်။ ဥပမာ ဝတ္ထုစာအုပ်တစ်အုပ်ကို မူရင်းဘာသာစကားမှ အခြားဘာသာစကားတစ်ခုသို့ ပြန်ဆိုထားချက် သို့မဟုတ် ယင်းဝတ္ထုအားအခြေခံ၍ဖန်တီးထားသည့် ဇာတ်ညွှန်းတို့ဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များသည် ၎င်းတို့၏လက်ရာများကို မှီငြမ်းရန် အခြားသူတို့အား မကြာခဏ ခွင့်ပြုပါသည်။ ဘာသာပြန်ဝတ္ထုများ သို့မဟုတ် ဝတ္ထုများကို မှီငြမ်းထားသည့် ဇာတ်ညွှန်များသည် အတွေ့ရဆုံးနမူနာများဖြစ်ကြသည်။ မှီငြမ်းထားသည့်လက်ရာများအတွက် သီးခြားမူပိုင်ခွင့်ရရှိသော်လည်း ယင်းသို့ပြောင်းလဲရာတွင်ထည့်သွင်းထားသည့် အစိတ်အပိုင်းအသစ်များအတွက်သာ မူပိုင်ခွင့်၏ အကာအကွယ်ကို ရရှိနိုင်ပါသည်။ ဥပမာ ကဗျာတစ်ပုဒ်၏မူလလက်ရာရှင်သည် တစ်စုံတစ်ဦးအား မှီငြမ်းခွင့်ပေးထားပါက ယင်းပုဂ္ဂိုလ်သည် ကဗျာစာပိုဒ်များကို ပြန်လည်စီစဉ်ခြင်း၊ စာပိုဒ်အသစ်များဖြည့်စွက်ခြင်းနှင့် စကားအသုံးအနှုန်းအချို့ပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုငပါသည်။ ယေဘုယျအားဖြင့် မူလလက်ရာရှင်သည် မှီငြမ်းမှုတွင် ဆက်လက်ပါရှိနေသော ကဗျာ၏အစိတ်အပိုင်းများအတွက် မူပိုင်ခွင့်မှန်သမျှကို ဆက်လက်ရရှိခံစားခွင့်ရနေမည်ဖြစ်ပြီး ကဗျာကိုမှီငြမ်းသူသည် အသစ်ဖြည့်စွက်ထားသော အစိတ်အပိုင်းများအတွက် မူပိုင်ခွင့်ကိုသာရရှိပါသည်။ ဆင့်ပွားလက်ရာ (Derivative work) တစ်ခုဖန်တီးခြင်းသည် ် ရှိရင်းစွဲမူလလက်ရာကိုပိုင်ဆိုင်သည့် မူလလက်ရာရှင်၏ မူပိုင်ခွငကို မဖျက်သိမ်းပါ။

ဆင့်ပွားလက်ရာ(Derivative work) ဟူသည့်စကားရပ်တွင် အချို့နိုင်ငံများ၌ (the Berne Convention)ဘန်းသဘောတူညီချကတွင် 'မှီငြမ်းထားသည့်လက်ရာများ(Adaptations)' ကို ဖော်ပြပုံသာမက တခြားဖော်ပြပုံများပါ အကျုံးဝင်သော်လည်း ယခုသင်တန်းရည်ရွယ်ချက်များအရ နှင့် Creative Commons ကိုနားလည်စေရန်် ဤစကားရပ်များကို ဖလှယ်ပြီးသုံးစွဲသွားပါမည်။

အများပြည်သူတို့တွင် မူလလက်ရာရှင်၏သီးသန့်အခွင့်အရေးများကို မချိုးဖောက်သော စာပေနှင့်အနုပညာမူပိုင်ခွင့်ရထားသည့်လက်ရာများကိုအသုံးပြုခွင့်တစ်စုံတစ်ရာရှိပါသလား။

အဓိက အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးထားသော နိုင်ငံများအားလုံးတွင် မူလလက်ရာရှင်ပိုင်ဆိုင်သည့်သီးသန့်အခွင့်အရေးများကိုချိုးဖောက်ခြင်းမရှိဘဲ ၊ ခွင့်ပြုချက်ရယူစရာမလိုဘဲ မူပိုင်ခွင့်ရထားသော လက်ရာများကို အများပြည်သူက အသုံးပြုခွင့်တချို့ကို ပေးထားပါသည်။ ၎င်းတို့ကို အများအားဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်၏'ခြွင်းချက်များနှင့်ကန့်သတ်ချက်များ' ဟုခေါ်ပါသည်။

နိုင်ငံအများအပြား၌ အထူးခြွင်းချက်များနှင့် အထူးကန့်သတ်ချက်များကို သတ်မှတ်ပေးထားကြပြီး အချို့နိုင်ငံများတွင် 'မျှတစွာအသုံးပြုမှု(fair use)'နှင့်'မျှတစွာပတ်သက်ဆက်ဆံမှု့(fair dealing)' ကဲ့သို့သော ပျော့ပြောင်းသော အယူအဆများကို အသုံးပြုပါသည်။ မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်၏ အပိုဒ် ၁.၄ တွင် ပြဋ္ဌာန်းထားသည့်ခြွင်းချက်များကိုပြန်ကြည့်သွားပါမည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် မူပိုင်ခွင့်ရထားသောလက်ရာအား အသုံးပြုမှုတိုင်းအတွက် မူလလက်ရာရှင်၏ခွင့်ပြုချက် လိုအပ်ခြင်း မရှိကြောင်း သိရန်အရေးကြီးပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်နှင့် အများပြည်သူတို့အကြား ရံဖန်ရံခါ အကျိုးအမြတ်ဆိုင်ရာလွန်ဆွဲမှုကို ထိန်းညှိသော စာပေနှင့်အနုပညာမူပိုင်ခွင့် မူဝါဒအရ အချို့သောအသုံးပြုမှုများကို ခွင့်ပြုပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်၍ အခြားမည်သည့်အချက်များကို သိထားသင့်ပါသေးသလဲ။

ယခုအခန်း၏ အစပိုင်းတွင်တွေ့ခဲ့သည့်အတိုင်း စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ရှုပ်ထွေးပြီး နိုင်ငံအလိုက် ကွဲပြားခြားနားမှုရှိနေပါသည်။ ယခုအခန်းသည် ယင်း၏ ပင်မသဘောတရားများ(Central concepts)ကို အခြေခံအားဖြင့် မိတ်ဆက်ပေးနေခြင်းဖြစ်ပါသည်။ သိထားလျှင်အသုံးဝင်နိုင်မည့် အခြားသဘောတရားများ (ဥပမာ တာဝန်ရှိခြင်းနှင့် ကုစားခြင်း၊ အသုံးပြုခွင့်လိုင်စင် ထုတ်ပေးခြင်း၊ လွှဲပြောင်းခြင်း ၊ မူပိုင်ခွင့် လွှဲပြောင်းခြင်းနှင့် လိုင်စင်များ ရုတ်သိမ်းခြင်း စသည်ဖြင့်) များစွာရှိပါသည်။ ထိုအကြောင်းအရာများကို နောက်ဆက်တွဲ အရင်းအမြစ်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အခန်းတွင် ပို၍လေ့လာနိုင်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မပါဝင်သည့် ဖန်တီးမှုလက်ရာအချို့အတွက် ထည့်သွင်းစဉ်းစားမှုများရှိနေပါသည်။ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ နောက်ခံအခြေအနေများနှင့် အရေးပေါ်ကိစ္စများက ဖန်တီးထားသောလက်ရာများကို အသုံးပြုခြင်းနှင့်ဆိုင်သည် အများပြည်သူ၏ဆုံးဖြတ်ချက်များပေါ်တွင် သက်ရောက်မှုရှိနိုင်ပါသည်။ အစဉ်အလာ အသိပညာဆိုင်ရာ အမှတ်အသားများ(Traditional Knowledge labels)က မူလလက်ရာများဖြစ်ကြောင်း အသိပေးသည့် အမှတ်အသားများ ထည့်သွင်းပေးထားပါသည်။ ့် ၎င်းလက်ရာများစတင်ပေါ်ပေါက်ဖွားရာလူ့အသိုင်းအဝိုင်း၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် ထူးခြားအရေးပါမှုကို အသိအမှတ်ပြုနိုင်စေရန်အတွက် ယင်းအမှတ်အသားများ ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်၏ရည်ရွယ်ချက်

အပြီးသတ် မှတ်ချက်များ