CC လိုင်စင် အခြေခံများ

Creative Commons လိုင်စင်များအားလုံးတွင် တူညီသော အရေးကြီးသည့်အင်္ဂါရပ်များစွာရှိနေပါသည်။

  • CC လိုင်စင်တိုင်းသည် လိုင်စင်ပိုင်ရှင်များအား ၎င်းတို့၏ လက်ရာဖြစ်ကြောင်း လူသိရှင်ကြား အသိအမှတ်ပြုခွင့်ရရှိမှု သေချာစေပါသည်။
  • CC လိုင်စင်များသည် နိုင်ငံတကာတွင် အကျုံးဝင်ပါသည်။
  • CC လိုင်စင်တစ်ခုသည် (စာပေနှင့်အနုပညာမူပိုင်ခွင့်ကို အခြေခံထားသည့်အတွက်) သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့် သက်ရောက်နေသ၍၊ အသုံးပြုသူက လိုင်စင်စည်းကမ်းများကို လိုက်နာနေသ၍ တည်တံ့နေမည်ဖြစ်ပါသည်။ မြန်မာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်အရ ဖန်တီးမှုလက်ရာအများစုသည် မူလလက်ရာရှင်ကွယ်လွန်ပြီးနောက် အနှစ် ၅၀ ကာလအထိ စာပေနှင့်အနုပညာမူပိုင်ခွင့် အကာအကွယ်ရရှိမည်ဖြစ်သည်။
  • လိုင်စင်တစ်ခုချင်းစီသည် မူလလက်ရာရှင်များ ( CC အထောက်အကူများကိုအသုံးပြုလျှင် "လိုင်စင်ပိုင်ရှင်များ (licensors)" ဟုခေါ်သည်) အနေဖြင့် အနိမ့်ဆုံးအားဖြင့် မူပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်စေလျှက် အခြားသူများကို ၎င်းတို့၏ လက်ရာများအား ပြုပြင်ပြောင်းလဲမထားသည့်ပုံစံဖြင့် စီးပွားရေးအကျိုးအမြတ်ပြန်မရှာသော ရည်ရွယ်ချက်များအတွက် မူပွားခြင်းနှင့်ဖြန့်ဝေခြင်းတို့ ခွင့်ပြုပေးနိုင်ရန် ကူညီပေးပါသည်။ လိုင်စင်တစ်ခုချင်းစီတွင် တူညီသော လက္ခဏာများက အခြေခံအဖြစ်ပါရှိနေပြီး ယင်းအခြေခံပေါ်တွင် မူတည်၍ လိုင်စင်ပိုင်ရှင်အနေဖြင့် မိမိလက်ရာအား မည်သို့ပြန်လည်အသုံးပြုစေချင်သည့်အပေါ်မူတည်ကာ အခြားခွင့်ပြုချက်များကို ထပ်မံရွေးချယ်ထည့်သွင်းပေးနိုင်ပါသည်။

ရှေ့တွင် ဖော်ပြခဲ့သည့်ဥပမာအတိုင်း CC လိုင်စင်များတွင် မူကွဲအမှတ် (version number) ပါဝင်ပါသည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လ တွင် CC လိုင်စင်များသည် မူကွဲအမှတ် ၄.၀ သို့ရောက်ရှိနေပြီဖြစ်သည်။ အခြားဖော်ပြထားခြင်းမရှိလျှင် ဤသင်တန်းတစ်လျှောက်လုံးတွင် CC လိုင်စင်များကို ဖော်ပြချက်များအားလုံးသည် ဤဗားရှင်း ၄.၀ အား ညွှန်းဆိုသည်ဟု မှတ်ယူရပါမည်။ (အခန်း ၃.၄ တွင် မူကွဲအမျိုးမျိုးများအကြောင်းကို ပိုမိုလေ့လာရမည်ဖြစ်သည်)

လိုင်စင်ပိုင်ရှင်အတွက် ရွေးချယ်စရာများ

Creative Commons လိုင်စင်များအားလုံးတွင် အသုံးပြုသူများအနေဖြင့် လိုင်စင်စည်းကမ်းများအတိုင်းလိုက်နာနေသမျှ ကာလပတ်လုံး သက်ဆိုင်ရာလက်ရာအား ကျယ်ပြန့်စွာအသုံးပြုခွင့်ရရှိနေစေရန် စီစဉ်ရေးဆွဲထားခြင်းဖြစ်သည်။ လိုင်စင်အားလုံး၏ အခြေခံစည်းကမ်းချက်မှာ အသုံးပြုသူသည် လိုင်စင်ပိုင်ရှင်နှင့် မူရင်းလက်ရာအား မည်သည့်နေရာတွင်ရှာတွေ့နိုင်သည်ကဲ့သို့သော အခြားအချက်အလက်တို့ကို အသိအမှတ်ပြုဖော်ပြပေးရန်ဖြစ်သည်။

CC လိုင်စင်ပိုင်ရှင်သည် လိုင်စင်အမျိုးအစားရွေးချယ်ရာတွင် ဆုံးဖြတ်ချက်အနည်းငယ် ပြုလုပ်ရပါမည်။ ပထမအချက် - စီးပွားဖြစ်အသုံးပြုမှု (commercial use) ကိုခွင့်ပြုလိုသလား။ ဒုတိယအချက် - ဆင့်ပွားလက်ရာများ (ပြုပြင်ပြောင်းလဲထားသည့် သို့မဟုတ် မှီငြမ်းထားသည့်လက်ရာများဟုလည်း သိကြသည်) ပြုလုပ်ခြင်းကိုခွင့်ပြုလိုပါသလား။ မည်သို့ဆုံးဖြတ်ရမည်ကို နောက်အခန်းတစ်ခန်းတွင် ရှင်းပြပေးထားပါသည်။

လိုင်စင်ပိုင်ရှင်သည် ဆင့်ပွားလက်ရာများကို ခွင့်ပြုရန်ဆုံးဖြတ်လျှင် ၎င်း၏လက်ရာကိုအသုံးပြုသူ (လိုင်စင်ရရှိသူ ဟုခေါ်သည်) မည်သူမဆိုက ၎င်းတို့၏ လက်ရာအသစ်ကို တူညီသော မူလလိုင်စင်ပါ စည်းကမ်းချက်များအတိုင်း ရယူအသုံးပြုခွင့်ပေးရမည်ဟု သတ်မှတ်ထားနိုင်သည်။ ယင်းလိုင်စင်ကို 'ShareAlike' လိုင်စင်ဟုခေါ်ပါသည်။ ယင်းလိုင်စင်သည် CC လိုင်စင်ရှိသည့် အကြောင်းအရာ၊ အချက်အလက်များ၏ ဒစ်ဂျစ်တယ် ဘုံအရင်းအမြစ်များကို ကာလာကြာလာသည်နှင့်အမျှ ပိုမိုများပြားလာစေမည့် ယန္တရားများထဲမှ တစ်ခုပင်ဖြစ်သည်။ ShareAlike ကို အခမဲ့ နှင့် open source software ပရောဂျက်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] တွင် အသုံးများသော GNU General Public Licence ကို နမူနာယူ၍ ဖန်တီးခဲ့ကြဖြင်းဖြစ်ပါသည်။

အဆိုပါကွဲပြားသည့် လိုင်စင်အစိတ်အပိုင်းများကို မြင်တွေ့နိုင်သော သင်္ကေတ(Icon) ပုံများဖြင့် အမှတ်အသားပြုထားပါသည်။

ဤသင်္ကေတ၏ ဆိုလိုရင်းမှာ လူသိရှင်ကြား အသိအမှတ်ပြုခြင်း (Attribution)သို့ မဟုတ် "BY" ဟုသုံးနှုန်းသည်။ လိုင်စင်များအားလုံးတွင် ဤသတ်မှတ်ချက်ပါဝင်ပါသည်။ CC လိုင်စင်ရှိသော မည်သည့် အရင်းအမြစ်ကိုမဆို အသုံးပြုပါက အသုံးပြုသူသည် မူလလက်ရာရှင်ကို လူသိရှင်ကြား အသိအမှတ်ပြုရမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ အကောင်းဆုံး အသိအမှတ်ပြုသည့်ပုံစံမှာ အမည်၊ မူလလက်ရာရှင်၊ ရယူခဲ့သည့်နေရာ (source) နှင့် လိုင်စင်တို့ကို ဖော်ပြခြင်းပင်ဖြစ်သည်။ ဤသင်တန်း၏ ကျန်ရှိသောအပိုင်းများတစ်လျှောက်တွင် မိမိအသုံးပြုသည့် အရင်းအမြစ်များအား အသိအမှတ်ပြုပသည့် နမူနာပုံစံများကို မြင်တွေ့ကြရပါမည်။
ဤသင်္ကေတ၏ ဆိုလိုရင်းမှာ စီးပွားဖြစ်မဟုတ်သော(NonCommercial)သို့မဟုတ် "NC' ဟု သုံးသည်။ ဤသင်္ကေတပါသော လက်ရာသည် စီးပွားရေးဖြစ်မဟုတ်သော အသုံးချခြင်းကိုသာ ပြုလုပ်နိုင်သည်ဟုအဓိပ္ပာယ် ရပါသည်။ အဆိုပါအရင်းအမြစ်ကို အသုံးချ၍ အကျိုးအမြတ် သို့မဟုတ် ငွေကြေးတစ်စုံတစ်ရာ ပြန်ရှာရန်ခွင့်မပြုဟု ဆိုလိုပါသည်။ CC လိုင်စင်များမှ လိုင်စင် ၃ မျိုးတွင် ဤတားမြစ်ချက်ကို ထည့်သွင်းထားပါသည်။
ဤသင်္ကေတ၏ ဆိုလိုရင်းမှာ လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန်(ShareAlike)သို့မဟုတ် 'SA' ဟု သုံးပါသည်။ ဤသင်္ကေတပါသော လက်ရာများကို အခြေခံ၍ ပြုပြင်ပြောင်းလဲထားသောလက်ရာများ သို့မဟုတ် မှီငြမ်းထားသော လက်ရာများအား တူညီသော လိုင်စင်အောက်တွင်သာ ပြန်လည်ထားရှိရမည်ဟု အဓိပ္ပာယ် ရပါသည်။ CC လိုင်စင်များထဲမှ လိုင်စင် ၂ မျိုးတွင် ဤတားမြစ်ချက် ထည့်သွင်းထားပါသည်။
ဤသင်္ကေတ၏ ဆိုလိုရင်းမှာ ဆင့်ပွားလက်ရာခွင့်မပြု(NoDerivatives)သို့မဟုတ် "ND" ဟု သုံးပါသည်။ ဤသင်္ကေတပါသော လက်ရာများကို ပြန်လည်အသုံးပြုသူများသည် မူရင်းလက်ရာများအား ပြုပြင်ပြောင်းလဲခြင်းမပြုလုပ်ရန်နှင့် ပြုပြင်ပြောင်းလဲထားသည့် လက်ရာများအား ပြန်လည်ဝေမျှခြင်း ပြုလုပ်ခွင့်မရှိပါ။ CC လိုင်စင်များထဲမှ လိုင်စင် ၂ မျိုးတွင် ဤတားမြစ်ချက်ကို ထည့်သွင်းထားပါသည်။

ပေါင်းစပ်လိုက်ပါက ယင်း သင်္ကေတ(Icon) များက ရွေးချယ်စရာ CC လိုင်စင် ၆ မျိုးရှိနေကြောင်း ပြနေပါသည်။ ယင်း သင်္ကေတများများကို "လိုင်စင်သင်္ကေတများ (License icons)"တွင်လည်း ထည့်သွင်းထားပြီး သင်္ကေတ တစ်ခုစီက လိုင်စင်အမျိုးအစား တစ်ခုစီကို ကိုယ်စားပြုပါသည်။ အခန်း ၃.၃ တွင် ပေါင်းစုထားသည့်ပုံစံများကို အသေးစိတ်ရှင်းပြထားပါသည်။

အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူများ (Public Domain Tools)

CC လိုင်စင်အုပ်စုအပြင် CC တွင် အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူ (Public Domain Tool) ၂ မျိုးရှိပါသည် ။ ယင်းတို့ကို အောက်ပါ သင်္ကေတ(Icon) များဖြင့် ကိုယ်စားပြုပါသည်။ အခန်း ၂.၁ တွင် ယင်းအထောက်အကူများကို အကျဉ်းအားဖြင့် လေ့လာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူများ (Public Domain Tools) များမှာ လိုင်စင်များ မဟုတ်ကြပါ။

CC0 သည် လက်ရာရှင်များအား ၎င်းတို့၏လက်ရာများကို ကမ္ဘာအနှံ့ရှိ အများပြည်သူပိုင်နေရာသို့ တတ်နိုင်သမျှ ကျယ်ပြန့်စွာ ရည်စူးနိုင်စေပါသည်။ အချို့နိုင်ငံများတွင် လက်ရာရှင်များက ၎င်းတို့၏လက်ရာများအား အများပြည်သူပိုင်နေရာသို့ ရည်စူးခြင်းကို ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါ။ ထို့ကြောင့် CC0 တွင် ယင်းသို့သော အခြေအနေများကို ကိုင်တွယ်နိုင်ရန် ဥပဒေယန္တရားအချို့ ပါဝင်ပါသည်။ (ယင်းအကြောင်းကို အခန်း ၃.၃ တွင် ပိုမိုရှင်းပြထားပါသည်။)
အများပြည်သူပိုင်နေရာ အမှတ်အသား public domain mark သည် မည်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့် ကန့်သတ်ချက်မှမရှိဟုဆိုသည့် လက်ရာများကို ပြဆိုသည့် အမှတ်အသားတစ်ခုဖြစ်သည်။ CC0 နှင့်မတူသည့်အချက်မှာ အများပြည်သူပိုင်နေရာ အမှတ်အသားသည် ဥပဒေ အထောက်အကူတစ်ခုမဟုတ်သည့်အပြင် လက်ရာတစ်ခုအတွက် ယင်းအမှတ်အသားကို အသုံးပြုသည့်အခါတွင် ဥပဒေအရသက်ရောက်မှု တစ်စုံတစ်ရာမရှိခြင်းပင်ဖြစ်သည်။ ယင်းအမှတ်အသားသည် လက်ရာတစ်ခုက အများပြည်သူပိုင်နေရာတွင် ရောက်ရှိနေကြောင်းကို အများပြည်သူ သိစေသော အမှတ်အသားတစ်ခုသာဖြစ်ပြီး ရှေးဟောင်းလက်ရာများရှိသည့် ပြတိုက်များနှင့် မော်ကွန်းတိုက်များတွင် အသုံးပြုကြပါသည်။

လိုင်စင်ဖွဲ့စည်းပုံ

အပြီးသတ်မှတ်ချက်