OER အား မှီငြမ်းပြုပြင် ခြင်း

CC လိုင်စင် သုံးထားသောလက်ရာအား မူပွားကာ မျှဝေခြင်းသည် ရိုးရှင်းသည်။ သင်က -

  • အသိအမှတ်ပြုဖော်ပြခြင်း (TASL) တစ်ခု ထည့်သွင်းတာ သေချာရမည်။
  • စီးပွားဖြစ်အသုံးပြုရန်ခွင့်မပြုသော (NC) လိုင်စင်များထဲမှ တစ်ခုကို သုံးထားပါက စီးပွားဖြစ်အသုံးပြုခြင်းများအား ရှောင်ကျဉ်ရမည်။

CC လိုင်စင်မှခွင့်ပြုပါက - ဥပမာ ဆင့်ပွားလက်ရာများခွင့်မပြုသော (ND) မပါဝင်ပါက - ရင်းမြစ်အား အပြောင်းအလဲများပြုလုပ်နိုင်ကာ အခြားသူများအား ပြန်လည်ဝေမျှနိုင်သည်။ အခန်း ၅.၁ တွင် ထိုသို့ပြုလုပ်ခြင်းနှင့် အပြောင်းအလဲများကို အသိအမှတ်ပြုနည်းအပါအဝင် ဆင့်ပွားလက်ရာများကိုပါ ဖော်ပြခဲ့ပါသည်။

သို့ရာတွင် အခြားသူများဖန်တီးထားသောလက်ရာများကို ပေါင်းစပ်ထည့်သွင်းခြင်းနှင့် အခြားမတူညီသောရင်းမြစ်များမှ လက်ရာများကိုပေါင်းစပ်ခြင်းမှာ သင်ကြားသည့်ပုံစံနှင့် မူပိုင်ခွင့်ကိစ္စရပ်များတွင် ရှုပ်ထွေးနိုင်ပါသည်။ CC လိုင်စင် သုံးထားသောလက်ရာအား ပြောင်းလဲသည့်အခါ (သို့) လက်ရာအသစ်တစ်ခုထံ ပေါင်းစပ်သည့်အခါတွင် မည်သည့်အချက်များကို စဉ်းစားရန်လိုအပ်သနည်း။

ရှေးဦးစွာ အခြားသူ CC လိုင်စင် သုံးထားသောလက်ရာအား သင်၏အသုံးပြုမှုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ခြွင်းချက် (သို့) ကန့်သတ်ချက် (ဥပမာ မျှတစွာအသုံးပြုမှု (သို့) မျှတစွာ ပတ်သက်ဆက်ဆံမှု) အတွင်း၌ဆိုလျှင် CC လိုင်စင်အရ သင့်တွင် မည်သည့် တာဝန်ဝတ္တရားမှ မရှိပါ။ ထိုသို့မဟုတ်ပါက လက်ရာအား မှီငြမ်းပြုပြင် ရန်ခွင့်ပြုချက်အတွက် CC လိုင်စင်ကို အားကိုးရန်လိုအပ်သည်။

ထိုအခါ ပေါ်ပေါက်လာသည့်မေးခွန်းမှာ သင်ပြုလုပ်နေသည့်အရာက မှီငြမ်းပြုပြင်သည့်လက်ရာတစ်ခု ဖန်တီးနေခြင်း ဖြစ်ပါသလား။

မှီငြမ်းလက်ရာ (သို့မဟုတ် အချို့နိုင်ငံများတွင် ခေါ်ဆိုသကဲ့သို့ ဆင့်ပွားလက်ရာ) သည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် အနုပညာစကားလုံးတစ်လုံးဖြစ်သည်။ အသစ်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မှီငြမ်းလက်ရာအမျိုးအစားက အကျုံးဝင်သော်လည်း မည်ကဲ့သို့လေသာ လက်ရာကို ' မှီငြမ်းလက်ရာ' ဟု ရည်ညွှန်းကြောင်း ဖွင့်ဆိုရှင်းလင်းရှင်းခြင်း မပြုသေးသည်ကို အခန်း ၁ တွင် ကျွန်တော်တို့မှတ်သားခဲ့ရသည်။ ယေဘုယျအားဖြင့် ့ မှီငြမ်းလက်ရာဆိုသည်မှာ မူပိုင်ခွင့်အကာအကွယ်ရရှိရန် လုံလောက်သော ကိုယ်ပိုင်ဖန်တီးမှုအခြေအနေရှိသည့် မူပိုင်ခွင့် ရှိသောလက်ရာကို အခြေခံကာ အသစ်ဖန်တီးခြင်းမျိုးကို ဆိုလိုသည်။ ရှင်းလင်းသော စည်းခြားထားမှုအချို့ရှိသော်လည်း ဆုံးဖြတ်ရသည်မှာ အမြဲမလွယ်ကူပါ။ အသစ်ပြန်ဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ ပုံစံ (format) ပြောင်းလဲသောလက်ရာများအား မှီငြမ်းလက်ရာအဖြစ် သတ်မှတ်ထားသောကြောင့် မူပိုင်ခွင့်ကိုင်ဆောင်သူထံမှ ခွင့်ပြုချက်တောင်းရန်လိုအပ်သည်။ နိုင်ငံအသီးသီးတွင် မည်သည်က မှီငြမ်းလက်ရာနှင့် ညီမျှသလဲဆိုသည့် အကြောင်းကို ထပ်မံ့လေ့လာလိုပါက Creative Commons မှ ယခုရှင်းလင်းချက်တွင် [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ဖတ်ရှုနိုင်ပါသည်။ မှီငြမ်းလက်ရာများ၏ ဥပမာအချို့မှာ ဝတ္ထုစာအုပ်ကိုအခြေခံကာ ရိုက်ကူးထားသောရုပ်ရှင်ကား (သို့) ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ ဘာသာပြန်ဆိုထားသောစာအုပ်တို့ဖြစ်သည်။

လက်ရာတစ်ခုအား ပြောင်းလဲထားသည့်အရာမှန်သမျှက မှီငြမ်းလက်ရာအဖြစ် ထွက်ပေါ်မလာနိုင်ပါ။ (ဥပမာ - စာလုံးပေါင်းသတ်ပုံပြင်ဆင်ခြင်း) မှီငြမ်းလက်ရာဟု သတ်မှတ်ရန် မူရင်းလက်ရာအား အခြေခံခြင်းဖြင့် သို့မဟုတ် ယင်းမှ ဆင့်ပွားပေါ်ထွက်လာခြင်းဖြင့် ထွက်ပေါ်လာသည့် လက်ရာဖြစ်ရမည်။ ဆိုလိုသည်မှာ သင်ရေးသားနေသောဆောင်းပါးတွင် ကဗျာရေးနည်းတစ်ခုအား ဖော်ပြရန် ကဗျာတစ်ပုဒ်မှ စာကြောင်းအနည်းငယ်အား အသုံးပြုပါက သင်၏ဆောင်းပါးသည် မှီငြမ်းလက်ရာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်၏ဆောင်းပါးသည် သင်စာကြောင်းအနည်းငယ် ကူးယူသည့် ကဗျာမှ ဆင့်ပွားပေါ်ထွက်လာခြင်း (သို့) ယင်းကဗျာကို အခြေခံထားခြင်းမဟုတ်၍ ဖြစ်သည် ။ သို့ရာတွင် ယင်းကဗျာ၌ သင်က စာပိုဒ်များပြန်စီစဉ်ကာ စာကြောင်းသစ်များထည့်သွင်းလိုက်ပါက ထွက်ပေါ်လာသည့်လက်ရာကို မှီငြမ်းလက်ရာအဖြစ် အစဉ်အမြဲနီးပါး သတ်မှတ်ခံရမည်ဖြစ်သည်။

လိုင်စင်မူကွဲ 4.0 အရ ဆင့်ပွားလက်ရာဖန်တီးရန်ခွင့်မပြုသော (ND) လိုင်စင်အပါအဝင် CC လိုင်စင်အားလုံးသည် မည်သူမဆို CC လိုင်စင်တင်ထားသောလက်ရာအား မှီငြမ်းလက်ရာတစ်ခုအဖြစ် ဖန်တီးရန် ခွင့်ပြုပေးထားသည်။ ND လိုင်စင်များနှင့် အခြားလိုင်စင်များ၏ ခြားနားချက်မှာ ND လိုင်စင် သုံးထားသောလက်ရာအား မှီငြမ်းထားသည့်လက်ရာကို အခြားသူများနှင့် ဝေမျှ၍မရခြင်းဖြစ်သည်။ ဥပမာအားဖြင့် အသုံးပြုသူတစ်ဦးကို ND လိုင်စင် သုံးထားသောလက်ရာအား မှီငြမ်းထားသည့်လက်ရာများကို ဖန်တီးရန် ခွင့်ပြုသည်။ သို့ရာတွင် မှီငြမ်းလက်ရာများအား ပညာရေးဆိုင်ရာအဖွဲ့အစည်းမှ ကျောင်းသားများအပါအဝင် အခြားသူများနှင့် ဝေမျှရန် ND က ခွင့်မပြုပါ။

CC လိုင်စင် သုံးထားသောလက်ရာတစ်ခုကို သင်၏ ပြန်လည်အသုံးပြု မှုသည် မှီငြမ်းလက်ရာတစ်ခုကို မဖန်တီးပါကမှတ်သားထားသင့်သောအချက်များမှာ -

  • သင်၏ လက်ရာထဲတွင် SA လိုင်စင်ပါရှိသောလက်ရာကိုအသုံးပြုခြင်းဖြစ်ပါက သင်၏ လက်ရာတစ်ခုလုံးအတွက် ‘လိုင်စင်တစ်မျိုးတည်းဖြင့်ပြန်လည်ဝေမျှရန်’ (ShareAlike) ဆိုသော အစိတ်အပိုင်း ပါဝင်သည့်လိုင်စင်ကို သုံးရန်မလိုအပ်ပါ။ ဥပမာအားဖြင့် တင်ဆက်ပြသခြင်း (presentation) ပြုလုပ်ရာတွင် ပြကွက် (slide) တစ်ခုအား သရုပ်ဖော်ရန် CC BY-SA 4.0 ဓာတ်ပုံတစ်ပုံကို အသုံးပြုလိုသည်ဆိုကြပါစို့။ သင်က ၎င်းဓာတ်ပုံအား မှီငြမ်းမည်မဟုတ်သောကြောင့် လိုင်စင်၏ 'SA' အစိတ်အပိုင်းသည် သင်၏တင်ဆက်ပြသခြင်းအတွက် ရွေးချယ်မည့် လိုင်စင်အမျိုးအစားအပေါ် သက်ရောက်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဓာတ်ပုံသည် သီးခြားတည်ရှိနေမည်ဖြစ်သည်။ အသေးစိတ်ကို အောက်တွင်ပါရှိသော လက်ရာပေါင်းချုပ်များ သို့မဟုတ် စုစည်းထားမှုများအကြောင်း ဆွေးနွေးချက်များတွင် လေ့လာသွားပါမည်။
  • ND ကန့်သတ်ချက်သည် ND လိုင်စင် ရှိသောလက်ရာအား အသုံးပြုခြင်းမှ သင့်ကိုမတားမြစ် ပါ။ အဘယ်ကြောင့်ဆိုသော် ND လိုင်စင် ရှိသောလက်ရာအား သင်က မှီငြမ်းခြင်း (သို့) ဆင့်ပွားလက်ရာများဖန်တီးခြင်း မဟုတ်ပါ။
  • အသိအမှတ်ပြုဖော်ပြခြင်း နှင့် သက်ဆိုင်မှုရှိလျှင် စီးပွားဖြစ်ရောင်းချခြင်းမပြု (NC) တားမြစ်ချက် ကိုလိုက်နာသရွေ့ သင် မှီငြမ်းမထားသော CC လိုင်စင် သုံးထားသည့်လက်ရာများကို အခြားလက်ရာများနှင့် ပေါင်းစပ်နိုင်သည်။

CC လိုင်စင် သုံးထားသောလက်ရာကို သင်၏ပြန်လည်အသုံးပြုမှု သည် မှီငြမ်းလက်ရာတစ်ခုအား ဖန်တီးပါက မှီငြမ်းလက်ရာအား မျှဝေနိုင်ခြင်း ရှိ၊ မရှိနှင့် မျှဝေပုံတို့အပေါ်တွင် ကန့်သတ်ချက်များရှိသည်။ ၎င်းတို့အား နောက်အခန်းများတွင် လေ့လာသွားမည်ဖြစ်သည်။ သို့ရာတွင် ရှေးဦးစွာ အကြောင်းအရာ၊ အချက်အလက်များကို စုစည်းထားမှုများ သို့မဟုတ် လက်ရာပေါင်းချုပ်များကို လေ့လာကြပါစို့။

မှီငြမ်းလက်ရာများ/ ပေါင်းစပ်ဖန်တီးထားသည့်လက်ရာများနှင့် လက်ရာပေါင်းချုပ်များ

မှီငြမ်းလက်ရာများနှင့် လက်ရာပေါင်းချုပ်များ၏ ခြားနားချက်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေရှိ အရှုပ်ထွေးဆုံးအယူအဆသဘောတရားများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ခြားနားချက်များ ရှင်းလင်းသည့်အခြေအနေများစွာရှိသော်လည်း ဒွိဟဖြစ်စေသော အခြေအနေလည်း များစွာရှိပါသည်။ မှီငြမ်းလက်ရာများနှင့် ပေါင်းစပ်ဖန်တီးထားသည့်လက်ရာများ၏ ခြားနားချက်မှာ တရားစီရင်ပိုင်ခွင့်အလိုက် ကွဲပြားသည်။ ကိုးကားရန် ခိုင်မာ၍ အပြီးအပြတ်ဖြစ်သောစည်းမျဉ်းများ အနည်းအကျဉ်းသာ ရှိသောကြောင့် တရားစီရင်ပိုင်ခွင့်တစ်ခုအတွင်းမှာပင် ၎င်းနှစ်ခုကြား တရားသူကြီး၏ဆုံးဖြတ်ချက်သည် တိမ်းစောင်းနိုင်ပါသည်။

မှီငြမ်းလက်ရာ သို့မဟုတ် ပေါင်းစပ်ဖန်တီးထားသည့်လက်ရာနှင့်မတူဘဲ လက်ရာပေါင်းချုပ်တွင် သီးခြားဖြစ်ကာ အမှီအခိုကင်းသော ဖန်တီးမှုလက်ရာများကို တလုံးတစည်းတည်း စုပေါင်းထားသည် အစုအဖွဲ့ဖြင့်ပါဝင်ကြပါသည်။ စုစည်းမှုတစ်ခု သို့မဟုတ် လက်ရာပေါင်းချုပ်တစ်ခုသည် မှီငြမ်းလက်ရာတစ်ခုမဟုတ်ပါ။ မှီငြမ်းလက်ရာ / ပေါင်းစပ်ဖန်တီးထားသည့်လက်ရာနှင့် လက်ရာပေါင်းချုပ်၏ ကွာခြားချက်ကို အသေးစိတ်လေ့လာနိုင်ရန် အစားအသောက်နှင့် ဖျော်ရည် နှိုင်းယှဉ်ချက် ကို အသုံးပြုပါမည်။

မိတ်ဆက်

မှီငြမ်းလက်ရာလား၊ ပေါင်းစပ်ဖန်တီးထားသည့်လက်ရာလား။